သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနဲ့ ထိပ်သီးခေါင်းဆောင်များစည်းဝေး


(ဓာတ်ပုံ - ကိုစည်သူ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
(ဓာတ်ပုံ - ကိုစည်သူ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)

လာမယ့်ရွေးကောက်ပွဲကိစ္စအပြင် ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အထင်ကရ ခေါင်းဆောင်တွေ တိုင်းရင်းသားဝန်ကြီးတွေ ပါဝင်တဲ့ အစည်းအဝေးတရပ် နေပြည်တော်မှာ အခုညနေပိုင်း ပြုလုပ်လျက်ရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်ကနေ အဆိုပြုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ဖို့အတွက် အကြိုတွေ့ဆုံညှိနှိုင်းမှုတရပ်လည်း ဖြစ်ပါတယ်လို့ အစည်းအဝေး အစအဖွင့်မှာ သမ္မတဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။

အခုတွေ့ဆုံမှုအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ မကြာခင်တုန်းက NCA အပစ်အခတ်ရပ်စဲရေးမူကြမ်း အတည်ပြုနိုင်ခဲ့တဲ့ကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပနိုင်ဖို့ကိစ္စနဲ့ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးတည်ငြိမ်မှုရဖို့ ကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ ကနဦး ဖိတ်ကြားချက်မှာ ဖော်ပြထားပါတယ်။ အစည်းအဝေးကိုတော့ လွှတ်တော်နှစ်ရပ်က ဥက္ကဌတွေနဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ စုစုပေါင်း ၄၈ ဦး ဖိတ်ကြားခဲ့တာဖြစ်ပေမဲ့၊ ၄၄ ဦးပဲ တတ်ရောက်နိုင်တာ တွေ့ရပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးးကြီးမင်းအောင်လှိုင်နဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးတို့ တတ်ရောက်ခြင်း မရှိပါဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် လက်ရှိ နိုင်ငံရေးပြဿနာရပ်တွေကို ဖြေရှင်းဖို့ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကနဦး ကမ်းလှမ်းထားတဲ့နောက်၊ နိုင်ငံတော် သမ္မတ၊ လွှတ်တော်ဥက္ကဌ နှစ်ဦး ကာကွယ်ရေးဦးစီးချုပ် တိုင်းရင်းသားကိုယ်စားလှယ်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းဖို့ဆိုပြီး ပြည်ထောင်စုလွှတ်တော်ကနေ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

၄၈ ဦးပါ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ တိုင်းရင်းသားဝန်ကြီးတွေနဲ့ နိုင်ငံတော်သမ္မတ တွေ့ဆုံမှုဟာ ဒါ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ပထမအကြိမ်ကတော့ ထူးထူးခြားခြား ရလဒ် ထွက်လာခဲ့ခြင်း မရှိပါဘူး။ အခု တွေ့ဆုံမှုအပြီး ညပိုင်းမှာတော့ ဒီနေ့အစည်းအဝေးနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ဖို့လည်း ရှိနေပါတယ်။

XS
SM
MD
LG