သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည် ၁၀၅ ဦး ဘင်္ဂလားဒေ့ရ်ှကို လွဲှပြောင်းမည်


 လှေစီးပြေးဒုက္ခသည် တွေကို ၂၀၁၅ ဇွန်လတုန်းက လွှဲပြောင်းခဲ့စဉ်။
လှေစီးပြေးဒုက္ခသည် တွေကို ၂၀၁၅ ဇွန်လတုန်းက လွှဲပြောင်းခဲ့စဉ်။

ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းမှာရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးပြေးဒုက္ခသည် ၁၀၅ ယောက်ကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ပို့ဆောင်သွားမှာဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေဘက်က ပြောလိုက်ပါတယ်။ ဒီ ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ဖို့အတွက် ၂ နိုင်ငံတာဝန်ရှိသူတွေ သဘောတူထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်းမှာ ဆက်ပြီးရှိနေတဲ့ ဒုက္ခသည်တွေကိုလည်း ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးက အတည်ပြုထားပြီးဖြစ်တဲ့အတွက် အမြန်ဆုံးပြန်ပို့ဖို့လုပ်နေတယ်လို့ ပြည်နယ်လူဝင်မှုတာဝန်ရှိသူကပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးပြေးဒုက္ခသည်တွေကို သူတို့ရဲ့ မူလနေရပ်ရင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ပို့ဆောင်သွားဖို့ ပြင်ဆင်နေတယ်လို့ မြန်မာအာဏာပိုင်တွေက ပြောလိုက်ပါတယ်။ အဲဒီ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးခင်စိုးက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။

“မှန်ပါတယ်။ ကျနော်တို့လက်ရှိ ၁၀၅ ဦးကို လွှဲပြောင်းလက်ခံမယ်ဆိုပြီးတော့မှ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကနေပြီးတော့မှ ပြည်နယ်အစိုးရကို စာပေးပါတယ်။ ပြည်နယ်အစိုးရမှတဆင့် ကျနော်တို့ လဝက ကို အကြောင်းကြားပါတယ်။ ကျနော်တို့ လက်ရှိတော့ မောင်းတောခရိုင်မှူးကို ဒီကနေပြီးတော့မှ လွှဲပြောင်းလက်ခံဖို့အတွက် တဖက်နိုင်ငံနဲ့ နယ်ကြားစောင့်တွေနဲ့ ညှိနိုင်းပြီးမှ ဒါလေးတွေ ကျနော်တို့လုပ်နေပါတယ်။”

လက်ရှိမှာတော့ အဲဒီဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်အတွင်းက တောင်ပြိုလက်ဝဲ ဒုက္ခသည်စခန်းမှာ ယာယီခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်။ အဆိုပါ ဒုက္ခသည်တွေကို လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို လွဲှပြောင်းပေးသွားမှာဖြစ်ပြီး၊ ၂ ဘက် နယ်ခြားစောင့်တပ်တွေကို အသိပေးထားပြီဖြစ်တယ်လို့လည်း ဦးခင်စိုးက ပြောပါတယ်။

“ရက်ကတော့ ၁၂ ရက်နေ့ လွှဲပြောင်းလက်ခံပါ့မယ်လို့ သူတို့ဘက်ကတော့ စာကတော့ ၁၂ ရက်နေ့လုပ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကနေပြီးတော့ပို့ပေးတဲ့စာပါ။ ကျနော်တို့ အောက်ခြေမှာ ညှိတဲ့အခါကျတော့ ဒီ ၁၂ ရက်နေ့လွှဲပြောင်းလက်ခံနိုင်ရေးအတွက် ဒါလေးကို ကျနော်တို့က အတည်ပြုချက် ကျနော်တို့ ဆီကနေတောင်းထားတယ်ခင်ဗျာ။ သူတို့ဘက်က PKP ၊ ဒီဘက်က နယ်ကြားစောင့်အဲဒါကို ကျနော်တို့က လှမ်းပြီးတော့ အကြောင်းကြားထားပါပြီခင်ဗျာ။ ၁၂ ရက်နေ့ကို ကျနော်တို့က လွှဲပြောင်းပေးမယ်ဆိုတာကို အကြောင်းကြားထားပြီးပါပြီ ခင်ဗျာ။”

အဲဒီ ဒုက္ခသည် ၁၀၅ ယောက်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နောက်ထပ် ဒုက္ခသည် ၇၇ ယောက် တောင်ပြိုလက်ဝဲစခန်းမှာ ကျန်ရှိနေသေးတယ်လို့ သူက ပြောပါတယ်။ အဲဒီလူတွေကို စစ်တွေမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးက သွားရောက် စီစစ် အတည်ပြုခဲ့ပြီးဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကို အမြန်ဆုံး လွှဲပြောင်းပေးဖို့ ပြင်ဆင်နေတယ်လို့ ဦးခင်စိုးက ပြောပါတယ်။

“ဆက်လက်ပြီးတော့မှ သူတို့ဆီက ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ကနေပြီးတော့ စစ်ပြီးတော့မှာ ကျနော်တို့ စစ်တွေကောင်စစ်ဝန်ကလည်း ဒါတွေဟာ သူတို့နိုင်ငံသားတွေ မှန်ပါတယ်ဆိုပြီးတော့မှ သူတို့ဘက်နိုင်ငံကို အကြောင်းပြန်ကြားပြီးသားဖြစ်ပါတယ်။ ကျနော်တို့ ဟိုဘက်ကနေပြီးတော့မှ သူတို့ဆီက နိုင်ငံခြားရေး ဝန်ကြီးဌာန ကို ဒီမှာလည်းအောက်ခြေမှာလည်း ဒါလေးတွေက အမြန်ဆုံးလွှဲပြောင်းပြီးတော့မှ လက်ခံဖို့နဲ့ သံတမန်နည်းလမ်းအရလည်း ဒါလေးတွေက အမြန်ဆုံးလွှဲပြောင်း လက်ခံ ဖို့အတွက် ဆောင်ရွက်နေပါတယ်။ သူတို့ဘက်ကလည်း အကြောင်းကြားရင်တော့ အမြန်ဆုံးလွှဲပြောင်းဖို့ လုပ်နေပါတယ်ခင်ဗျာ။”

ပြီးခဲ့တဲ့ ဇွန်လက နိုင်ငံသားစိစစ်မှုတွေလုပ်ပြီးချိန်ကစပြီး ြ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးပြေး ဒုက္ခသည် ၆၂၆ ယောက် ကို အသုတ် ၅ သုတ်ခွဲပြီး မြန်မာနိုင်ငံဘက်ကပြန်ပို့ခဲ့ပြီးဖြစ်ပါတယ်။

မြန်မာရေတပ်က လှေစီးပြေးဒုက္ခသည် ၂၀၀ ကျော်ကို ရခိုင်ပြည်နယ်မောင်တောဒေသမှာ ကယ်တင်နိုင်ခဲ့သလို၊ အလားတူပဲ ၊ ဧရာဝတီတိုင်း ဖျာပုံဒေသဘက်မှာဆိုရင်လည်း မြန်မာရေပိုင်နက်အတွင်း ကင်းလှည့်နေစဉ် ကပ္ပလီပင်လယ်ပြင်မှာမျောနေတဲ့ လှေစီးပြေးဒုက္ခသည် ၇၀၀ ကျော်ကို မြန်မာရေတပ်က ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီထဲက အနည်းစုက မြန်မာနိုင်ငံက မွတ်စလင်တွေဖြစ်ကြပြီး အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်တယ်လို့ မြန်မာနိုင်ငံဘက်ကအတည်ပြုထားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရတော့ တရားမဝင် လူမှောင်ခိုကူးသူတွေက ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်လုပ်ရမယ်ဆိုပြီး ဖျားယောင်းပြောဆိုမှုတွေကြောင့် ၊ လှေစီးပြေးဒုက္ခသည်တချို့ဟာ လူကုန်ကူးတာတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ မြန်မာအာဏာပိုင်တွေဘက်က ပြောပါတယ်ခင်ဗျာ။

XS
SM
MD
LG