သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲတရားမျှတဖို့ စစ်တပ်လိုလားဟု ကာချုပ်ပြောဆို


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီ တာဝန်ရှိသူတွေ နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ ၂၄ ရက် သြဂုတ်လ ၂၀၁၅ မှာ တွေ့ဆုံခဲ့ကြချိန် (ဓာတ်ပုံ - Senior General Min Aung Hlaing FB)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီ တာဝန်ရှိသူတွေ နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ ၂၄ ရက် သြဂုတ်လ ၂၀၁၅ မှာ တွေ့ဆုံခဲ့ကြချိန် (ဓာတ်ပုံ - Senior General Min Aung Hlaing FB)

တပ်မတော်အနေနဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုလားပြီး ရွေးကောက်ပွဲရဲ့ ရလဒ်အဖြေကို လက်ခံသွားမှာ ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာနယ်ဇင်းကောင်စီနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။

ဒီလို ပြောဆိုလိုက်တဲ့အပေါ် တပ်မတော်ရဲ့သမိုင်း အစဉ်အလာကောင်းစေဖို့ ကိုယ်ပြောတဲ့ စကား ကိုယ် ကတိတည်ဖို့ လိုပါတယ်လို့ သတင်းသမားတွေက ထောက်ပြကြပါတယ်။ အရင်ခေတ်နဲ့မတူဘဲ တပ်မတော်နဲ့ သတင်းသမားတွေကြား ပိုပြီး နီးစပ်လာတဲ့ အနေအထားကို ကြိုဆိုပေမဲ့ ဝါဒဖြန့်ချိရေးအတွက် မီဒီယာအနေနဲ့ အသုံးချခံ မဖြစ်ဖို့ လိုတယ်လို့လည်း သုံးသပ်မှုတွေ ရှိပါတယ်။ အသေးစိတ်ကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီ တာဝန်ရှိသူတွေ နေပြည်တော်မှာရှိတဲ့

ကာကွယ်ရေးဝန်ကြီးဌာနမှာ တနင်္လာနေ့က တွေ့ဆုံခဲ့ကြချိန် တပ်မတော်အနေနဲ့ လွတ်လပ်ပြီးတော့ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုလားပြီး ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်ခံသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီရဲ့ အတွင်းရေးမှူး ကိုကျော်မင်းဆွေ က ပြောပါတယ်။

“သူကတော့ ရွေးကောက်ပွဲ Free and Fair ဖြစ်ဖို့အတွက် တပ်မတော်အနေနဲ့ လိုလားတယ်ပေါ့နော်။ Free and Fair ဖြစ်မယ်လို့လည်း တပ်မတော်အနေနဲ့ ယုံကြည်ပါတယ်ပေါ့။ တပ်မတော်အနေနဲ့လည်း Free and Fair ဖြစ်ဖို့အတွက် တတ်နိုင်တဲ့နေရာကနေ နေပြီးတော့ ကူညီမယ်ပေါ့နော်။ တတ်နိုင်သလောက် ရွေးကောက်ပွဲ ကော်မရှင်ကရော ဆောင်ရွက်နေတယ်။ တပ်မတော်အနေနဲ့လည်း ဒါကို တတ်နိုင်သလောက် ဝိုင်းပြီးတော့ ကူညီပံ့ပိုးမယ်ပေါ့နော်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က ရွေးကောက်ပွဲရလဒ်ကို လက်ခံသွားမှာ ဖြစ်တယ်လို့ ပြောဆိုချက်အပေါ် တပ်မတော်အနေနဲ့ ကိုယ်ပေးထားခဲ့တဲ့ ကတိ တည်မှသာ တပ်ရဲ့သမိုင်း အစဉ်အလာ ကောင်းမှာမို့ အပြောနဲ့ လက်တွေ့ ညီအောင် လုပ်ဆောင်စေချင်ပါတယ်လို့ ခေတ်ရနံ့မဂ္ဂဇင်းရဲ့ အယ်ဒီတာ ကိုပြည့်သွေးနိုင် က ပြောဆိုလိုက်ပါတယ်။

“ကတိပေးတယ်ဆိုတာက စကားလုံးအဖြစ်ပဲလေ။ လက်တွေ့က ဘယ်လိုလဲပေ့ါ။ လက်တွေ့က ပိုအရေးကြီးပါတယ်။ အဲဒီ လက်တွေ့ကို ကြည့်မယ်ဆိုလို့ရှိရင် လောလောဆယ် ဆောင်ရွက်နေတဲ့ လက္ခဏာရပ်တွေကို ကြည့်လို့ရပါတယ်။ ဥပမာ - ၄၃၆ လိုဟာမျိုး၊ ၄၃၆ ကို မပြင်ဘူး တပ်မတော်က အဓိက မဲပေးခဲ့တယ်၊ ကန့်ကွက်ခဲ့တယ်ပေါ့။ နောက်တခုက ကြံ့ခိုင်ရေးပါတီတွင်းမှာပေါ့ အားပြိုင်မှု၊ အားပြိုင်မှုကို ကိုင်တွယ်ခဲ့ပုံကို ကြည့်ရင်လည်း တပ်မတော်ဟာ ဘယ်လိုသဘောထားမျိုး ရှိတယ်ဆိုတာကို တွေ့ရမှာပါ။ အဲတော့ နည်းနည်းလေး နောက်ကြောင်းပြန်ကြည့်လို့ရှိရင်လည်း ဥပမာအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲပေ့ါ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကဆိုရင် အဲဒီအချိန်က တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမောင်က ဘာပြောခဲ့လဲဆိုရင် - သူတို့ဟာ ရွေးကောက်ပွဲပြီးလို့ရှိရင် အနိုင်ရတဲ့ပါတီကို တပ်မတော်ဟာ စစ်တန်းလျားကို ပြန်မယ်ဆိုပြီးတော့ လူသိရှင်ကြား တိုင်းသိပြည်သိ ပြောခဲ့တာပါပဲ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တယောက်အနေနဲ့ ဒီလိုမျိုး ကတိပေးတာကိုတော့ ကြိုဆိုပါတယ်။ သို့သော် အဲဒီကတိကို တည်အောင် အကောင်အထည်ဖော်ဖို့လည်း လိုပါတယ်။ ဒါဟာ သမိုင်းနဲ့ချီပြီးတော့ မှတ်တမ်းတင်မယ့် ကိစ္စတွေပါ။”

တပ်မတော် ကာကွယ်ရေးဝန်ကြီးဌာနဘက်က သတင်းမှန်ထုတ်ပြန်ရေး သတင်းအဖွဲ့ကို ဖွဲ့စည်းပြီး တပ်သတင်းတွေ ဖြန့်ဝေနေပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ လုပ်သလို သတင်းမီဒီယာသမားတွေနဲ့ တပ်တို့အကြား အရင်ခေတ်တွေနဲ့မတူဘဲ ပိုပြီးတော့မှ ထိတွေ့ နီးစပ်လာတဲ့ အနေအထား ဖြစ်လာနေတယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ကိုကျော်မင်းဆွေ က ပြောပါတယ်။

“သတင်းမီဒီယာတွေအပေါ်မှာ သူ အလေးအနက်ထားတယ်လို့ ယူဆတယ်။ ဘာဖြစ်လု့ိလဲဆိုတော့ ကောင်စီဟာ သတင်းမီဒီယာတွေကို ကိုယ်စားပြုပြီးတော့ အဓိက ဖွဲ့စည်းထားတဲ့ ကောင်စီဖြစ်တယ်။ ဖြစ်တဲ့အတွက်ကြောင့် ဒါ ကောင်စီနဲ့ စတုတ္ထအကြိမ် တွေ့တယ်ဆိုတာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တယောက်အနေနဲ့ ဒီလို နယ်ပယ်တခုပေါ့နော် မီဒီယာနဲ့ ပတ်သက်တဲ့ နယ်ပယ်တခုမှာ ကိုယ်စားပြုတဲ့ ကောင်စီကို ၄ ကြိမ်တွေ့တယ်ဆိုတာ ဒါ တော်ရုံတန်ရုံ အလေးထားမှု မဟုတ်ဘူးလို့ ယူဆရတယ်။”

အခုလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဘက်က သတင်းမီဒီယာတွေနဲ့ ပိုမို ထိတွေ့ ဆက်ဆံလာတဲ့အပေါ် ကြိုဆိုပေမဲ့လို့ တပ်မတော်ရဲ့ ဝါဒဖြန့်ချိရေးအဖြစ် မီဒီယာအနေနဲ့ အသုံးချခံ မဖြစ်ဖို့ လိုတယ်လို့လည်း သတင်းအယ်ဒီတာ တဦးဖြစ်တဲ့ ကိုပြည့်သွေးနိုင်က အကြံပြုပါတယ်။

“တပ်ဟာ ပြည်သူတွေနဲ့ ကင်းကွာလာတယ်။ တပ်ကို ပြည်သူတွေက (villain) ဗီလိမ်လို့ မြင်လာတယ်ပေါ့။ အဲဒီအခါကျတော့ အဲဒါတွေကို ချေဖျက်ဖို့ဆိုရင် သတင်းမီဒီယာတွေကို သုံးပြီးတော့ မကြာခဏ တွေ့ဆုံပြီးတော့ သူတို့ရဲ့ အမြင်တွေ သဘောထားတွေကို ပြောဖို့လိုတယ်၊ တင်ပြဖို့လိုတယ်၊ ဖြန့်ချိဖို့လိုတယ်။ တနည်းအားဖြင့်တော့ တပ်မတော်အနေနဲ့ ဒါ ဝါဒဖြန့်ချိရေးအတွက် ပိုပြီးတော့ လုပ်ဆောင်လာတယ်လို့ မြင်ပါတယ်။”

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဘက်က သတင်းစာနယ်ဇင်းကောင်စီ တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေဆုံခဲ့စဉ်မှာ ငြိမ်းချမ်းရေး တည်ဆောက်နေမှု ဖြစ်စဉ်မှာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ထပ်မံ တွေ့ဆုံဖို့ရှိနေဆဲ တပ်ရဲ့သဘောထား၊ ဖက်ဒရယ် တပ်မတော်ဆိုတာကို နိုင်ငံ့အခြေအနေနဲ့ မကိုက်ညီလို့ လက်မခံကြောင်း၊ နောက် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြင်ဆင်သင့်တဲ့အချိန်မှာ ပြင်ဆင်ဖို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေကို အချိန်အခါသင့်ရင် အများပိုင် လုပ်ငန်းတွေအဖြစ် အသွင်ပြောင်းလဲ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ တပ်က သိမ်းဆည်းထားတဲ့ လယ်မြေဧက ၂ သိန်းကျော်ကိုလည်း ပြန် စွန့်လွှတ်ခဲ့ကြောင်းနဲ့ တပ်ကို ဘယ်သူကမှ ဖိအားပေးထားတာ မရှိကြောင်း စသဖြင့် စာနယ်ဇင်းကောင်စီ တာဝန်ရှိသူတွေနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ဘက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG