သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ကြားရေးဌာနကို သတင်းမီဒီယာတွေ သပိတ်မှောက်ဖို့ လှုံ့ဆော်


မြန်မာဂျာနယ်လစ်ကွန်ရက် Myanmar Journalists Network
မြန်မာဂျာနယ်လစ်ကွန်ရက် Myanmar Journalists Network

အလုပ်သမားဆန္ဒပြမှုနဲ့ လက်ပံတန်းကျောင်းသားသပိတ်စတဲ့ ဆန္ဒပြမှုတွေမှာ ရဲလုံခြုံရေးတွေနဲ့ အာဏာပိုင်တွေဘက်က သတင်းမီဒီယာတွေ အပေါ် ပစ်မှတ်ထား ဖမ်းဆီးရိုက်နှက် အကြမ်းဖက်ထိန်းသိမ်းခဲ့တဲ့လုပ်ရပ်တွေအပေါ် ရှုတ်ချတဲ့ အနေနဲ့ မြန်မာ သတင်းသမားတွေက နိုင်ငံတော် သမ္မတရုံး၊ ပြည်ထဲရေး ၊ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့သတင်းတွေကို မဖော်ပြဖို့ သတင်း မီဒီယာတိုက်တွေကို စည်းရုံးလှုံ့ဆော် သွားကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါ့အပြင် သမ္မတနဲ့ ပြန်ကြားရေး ဝန်ကြီး တက်ရောက်ဖို့ရှိတဲ့ ရန်ကုန်မှာကျင်းပမယ့် သတင်းမီဒီယာ ကွန်ဖရင့်ကိုလည်း သတင်းသမားတွေ မတက်ရောက်ဘဲ သပိတ်မှောက်ကြဖို့ရှိပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာ ပွင့်လင်းလွတ်လပ်ကာစ အခြေအနေမှာ စစ်ရေးတင်းမာနေတဲ့နေရာတွေအပါအဝင် သပိတ်မှောက် ဆန္ဒပြမှုတွေမှာ ကိုယ်တိုင်သွားပြီးသတင်းရယူနေတဲ့ သတင်းသမားတွေမှန်း အာဏာပိုင်တွေဘက်က သိသိချည်းနဲ့ ရိုက်နှက်တာ ဖမ်းဆီး ထိန်းသိမ်းတာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့လုပ်ရပ်အပေါ် မြန်မာသတင်းသမားတွေက ရှုတ်ချလိုက်ကြပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနဘက်က သတင်းသမားတွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတာ အပါအဝင် သတင်းထောက်တွေ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အပေါ်မှာလည်း ပြည်ထဲရေးနဲ့ သမ္မတရုံးဘက်က မမှန်သတင်း ထုတ်ပြန်ခဲ့တာတွေအပေါ် အစိုးရ ဝန်ကြီးဌာနတွေရဲ့ သတင်းတွေ မဖော်ပြဖို့ သတင်းသမားတွေ စည်းဝေးဆုံးဖြတ်ခဲ့ကြတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အထွေထွေအတွင်းရေးမှူး ကိုမြင့်ကျော်ကပြောပါတယ်။

“ကျနော်တို့ MJN ကစပြီး ကမကထလုပ်တာပါ။ ကျန်တဲ့မီဒီယာအဖွဲ့အစည်းတွေလည်း ပါလာအောင်။ ကျန်တဲ့အဖွဲ့အစည်းဝင်မဟုတ်တဲ့ သတင်းသမားတွေလည်းပါလာအောင် မနက်ဖြန်ကနေစပြီးတော့စည်းရုံးသွားမယ်ပေါ့နော်။ …အဲဒီမှာ လုပ်မယ့်အစီအစဉ်နှစ်ခုကတော့ သမ္မတရုံးတို့၊ ပြည်ထဲရေးတို့ ပြန်ကြားရေးတို့နဲ့ပတ်သက်တဲ့သတင်းကို ရက်အကန့်အသတ်တခုနဲ့ မဖော်ပြဖို့ပေါ့နော်၊ အဲဒိဟာက ၂၇ သို့မဟုတ် ၂၈ လောက်မှာ စမယ်။ နောက်တခုကတော့ မီဒီယာကွန်ဖရင့်- ၂၇၊ ၂၈၊ ၂၉ မှာလုပ်မယ့် မီဒီယာကွန့်ဖရင့်မှာ သတင်းသမားတွေ မတက်ဖို့ပေါ့။ နိုင်ငံတကာမီဒီယာတွေ….၊ ဘာလို့ မတက်လဲဆိုတော့ အဲဒီကွန်ဖရင့်မှာ နိုင်ငံတော်သမ္မတတို့၊ ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်မယ်ဆိုတော့ အဲဒါကို ကျနော်တို့ သပိတ်မှောက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။”

အခုရက်ပိုင်းတွေအတွင်းမှာပဲ အာဏာပိုင်ဘက်က အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ရန်ကုန် အလုပ်သမားဆန္ဒပြမှုမှာလည်း သတင်းထောက်တွေကို ရဲလုံခြုံရေးတွေက ဖမ်းဆီးထိန်းသိမ်းခဲ့သလို လက်ပံတန်းကျောင်းသားသပိတ်မှာလည်း သတင်းသမားတွေကို လိုက်လံရိုက်နှက်တာ သတင်းသမားနှစ်ဦးကို ထောင်တွင်းထိန်းသိမ်းခဲ့တာတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ Flowers News ရဲ့ အမှုဆောင်အယ်ဒီတာ ကိုစိုင်းအောင်လွင်က ဆိုပါတယ်။

“ဟုတ်ကဲ့ အခုနောက်ပိုင်း ကျနော်သတိပြုမိတာကတော့လေ ပဋိပက္ခဖြစ်စဉ်တွေမှာ သတင်းယူရတဲ့နေရာမှာ လုံခြုံရေးပိုင်းအရ တော်တော်လေးကို အားနည်းမှုရှိတာ တွေ့ရတယ်။ ရွှေပြည်သာမှာဖြစ်ခဲ့တဲ့ အလုပ်သမားသပိတ်တို့၊ နောက် လက်ပံတန်းမှာဖြစ်တဲ့ ကိစ္စတို့မှာသတင်းထောက်တွေပါ ရောပြီး အရိုက်ခံရတယ်၊ အဖမ်းခံရတဲ့ကိစ္စတွေမှာ တော်တော်လေးကို မဖြစ်သင့်တဲ့ကိစ္စဗျ။ သတင်းထောက်တွေ…. အဓိက မေတ္တာရပ်ခံချင်တာကတော့ဗျာ တကယ် အသွင်ကူးပြောင်းချင်တယ်ဆိုရင် မီဒီယာသမားတွေကို ရန်သူတွေလို သဘောမထားဘဲနဲ့ လက်တွဲပြီးတော့မှ တယောက်နဲ့တယောက် ဖေးဖေးမမနဲ့ ရိုးရိုးသားသား ဆက်ဆံကြမယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်လို့တော့ ကျနော်ထင်တယ်ဗျ။”

အာဏာပိုင်တွေဘက်က အခုလို သတင်းမီဒီယာသမားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လာမှုဟာ မီဒီယာလွတ်လပ်မှု ယုတ်လျော့လာတဲ့လက္ခဏာဖြစ်တယ်လို့လည်း သတင်းမီဒီယာသမားတစ်ဦးဖြစ်တဲ့ ကိုစိုင်းအောင်လွင်က ထောက်ပြပါတယ်။

“ကျနော်တို့နိုင်ငံရဲ့အနေအထားကိုကြည့်ရင် ပြုပြင်ပြောင်းလဲရေးတို့ ဘာတို့က နည်းနည်းလေး ပြန်ပြီး နှေးကွေးလာတာတို့ ၊ အကြပ်အတည်းတွေ ကြုံလာတဲ့အချိန်မှာ မီဒီယာတွေကို ဒီလို လက်ပံတန်းမှာ ဖြစ်တဲ့ဖြစ်စဉ်မှာ ဆိုရင် ပြန်ကြားရေးဘက်ကလည်း တာဝန်ရှိသလို ပြည်ထဲရေးဘက်ကလည်း တာဝန်ရှိတယ်ပေါ့။ သို့သော် မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေ အများစုမှာ အစိုးရအနေနဲ့ ဒီကိစ္စတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်ဆိုတာကို တွေ့ရတယ်။ ဗမာပြည်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဆိုတာ ဒါ အများစုက အစိုးရတို့၊ အာဏာပိုင်တို့က ဖြစ်ခဲ့တာ။ ဘယ်လိုပဲပြောပြော ဒီ မီဒီယာတွေကို ဖမ်းတယ်၊ ဆီးတယ်၊ ရိုက်တယ်၊ နှက်တယ်ဆိုတာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုပဲ။ အခုလိုအချိန်မှာ မီဒီယာတွေက အတန်အသင့် လွတ်လပ်လာတော့ ခြစားမှုတွေကို ဖော်ပြတာတွေရှိတယ်။ တဘက်က အစိုးရမဏ္ဍိုင်တွေရဲ့အားနည်းတာေ တွကို ဖော်ပြတာတွေ ရှိတယ်။ ဆိုတော့ ဒီအချိန်မှာဗျာ- အမျိုးမျိုး ထိပ်တိုက်လုပ်နေတယ်လို့ ကျနော်တို့က ခံစားရတယ်။ တဘက်က ဒီလို တာဝန်ယူမှု မရှိတာတွေက ပိုဆိုးတာပေါ့နော်။”

မတ်လတွင်းမှာပဲ ပြည်တွင်းသတင်းမီဒီယာ စာမျက်နှာတွေပေါ်မှာ အစိုးရရဲ့ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံတော် သမ္မတ၊ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့သတင်းတွေကို ရက်အကန့်အသတ်တစ်ခုဖြင့် ဖေါ်ပြခြင်းမပြုဘဲ စာမျက်နှာအလွတ်ထားကာ မည်သည့် အတွက်ကြောင့် ဖေါ်ပြခြင်းမပြုဘဲ ဘာကြောင့် မဖော်ပြသလဲဆိုတာ ရှင်းပြသည့်စာသားကိုသာ ယင်းနေရာတွင် ဖေါ်ပြရန်နဲ့ နိုင်ငံတော် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ရန်ရှိတဲ့ မတ်လ ၂၇၊ ၂၈၊ ၂၉ ရန်ကုန်မြို့မှာ International Press Institute မှ ကျင်းပရန် ရှိတဲ့ မီဒီယာကွန်ဖရင့်သို့ မြန်မာသတင်းသမားများ တက်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်ပြီး ဒီသပိတ်မှာ ပူးပေါင်းပါဝင်ရန် သတင်းမီဒီယာ အဖွဲ့အစည်းတွေ၊ မီဒီယာတိုက်တွေကို ရှင်းပြ စည်းရုံးသွားမယ်လို့ မတ်လ ၁၃ ရက်နေ့ မြန်မာဂျာနယ်လစ်ကွန်ရက် Myanmar Journalists Network အဖွဲ့ဝင် သတင်းသမားတွေ စုဝေးပြီး အစည်းအဝေး ဆုံးဖြတ်ချက်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG