သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ် စစ်တပ်ကြိုတင်မဲပေးမှု ဒေသခံကိုယ်စားလှယ်လောင်းတွေစိုးရိမ်


အရှေ့တောင်တိုင်း စစ်ဌာနချုပ် အခြေစိုက်တဲ့ မွန်ပြည်နယ်မှာ တပ်မတော်သားတွေ ပေးရမယ့် ကြိုတင်မဲ ကိစ္စနဲ့ ပတ်သက်လို့ ထင်သာမြင်သာ မရှိတာဟာ လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲ ရလဒ်အတွက် စိုးရိမ်စရာ ဖြစ်နေတယ်လို့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ အသီသီးရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြောဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးအကြိမ် မဲစာရင်း ထုတ်ပြန်လိုက်တယ်ဆိုပေမဲ့ နာမည်တူ လူပိုစာရင်းတွေ ပါနေတာကြောင့် ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြပါတယ်။ ဒီအခြေနေကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိတဲ့ မော်လမြိုင်မြို့မှာ မဲပေးပိုင်ခွင့်ရှိတဲ့ အစိုးရတပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၅,၃၀၀ ကျော်ရှိပြီး လောလောဆယ် ကြိုတင်မဲပေးထားတဲ့ တပ်သားအင်အား ၉၀၀ ကျော် ရှိနေပါတယ်။ ဒီအရေအတွက်ဟာ လက်တွေ့နဲ့ ယှဉ်ကြည့်ရင် သံသယဝင်စရာတွေ ဖြစ်နေတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မဲပေးခွင့်ရှိသူ အရေအတွက်ကို သွားရောက်စစ်ဆေးခဲ့တဲ့ NLD ပါတီ မော်လမြိုင်မြို့နယ် မဲဆန္ဒ (၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်က ဗွီအိုအေကို ရှင်းပြပါတယ်။

“မော်လမြိုင်မှာဆိုရင် နယ်မြေ (၂) မှာပဲ တပ်ကရှိတာကိုး။ အဲတော့ (၂) မှာပဲ တပ်နဲ့ရဲက များပါတယ်။ များတဲ့အခါကျတော့ ကျမရဲ့ မဲစာရင်းအရဆိုရင် ဆန္ဒမဲပေးမယ့်သူစာရင်းပေါ့နော် စုစုပေါင်း ၅၃၃၁ မဲ ရှိပါတယ်။ အဲဒီမှာက ကြိုတင်မဲပေးတဲ့သူက ၉၁၇ မဲရှိတယ် တပ်က။ ဆိုတော့ နည်းနည်းတော့ များနေတယ်လို့ ကျမ အဲ့လိုတွက်တယ်။ အဲဒီမှာ ခရီးသွားတွေ၊ နောက် သင်တန်းသွားတက်တယ်ဆိုရင် အဲလောက် မများလောက်ဘူးလို့ ကျမကတော့ တွက်ထားတယ်ပေါ့နော်။ နောက်တခုက တပ်မှာကလည်း ဒီလူဟာ တကယ်ရှိတယ်၊ မရှိဘူး၊ တကယ်ပဲ ခရီးထွက်သွားတယ်၊ မထွက်သွားဘူးဆိုတာ ကျမတို့ ဝင်စစ်ခွင့်မရှိဘူး။”

မွန်ပြည်နယ် ရေးမြို့မှာ မဲရုံပေါင်း ၅၈ ရုံရှိပြီး အဲဒီထဲက တပ်တွင်းမဲရုံတချို့မှာ တပ်မတော်သားတွေ မဲပေးကြရမှာပါ။ ဒါပေမဲ့ ဘယ်မဲရုံမှာ ဘယ် တပ်မတော်သားတွေ မဲလာပေးရမလဲဆိုတဲ့ စာရင်းကို ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးထုတ်ပြန်တဲ့ မဲစာရင်းထဲမှာ ဖော်ပြထားတာ မရှိဘူးလို့ မွန်အမျိုးသားပါတီရဲ့ ရေးမြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။

“မနေ့က ရေးကော်မရှင်အဖွဲ့ခွဲကနေ စီဒီတခွေ ကျနော်ရလာတယ်။ တပ်တွေရဲ့ မဲပေးပိုင်ခွင့်နေရာတွေက မပါလာဘူး။ ကျနော်တို့ဆီမှာ တပ်မကနေ တပ်ရင်း ၁၀ ရင်းလောက်ရှိတယ်။ သူတို့ မဲ ဘယ်လောက် ပေးပိုင်ခွင့် ရှိတယ်ဆိုတာ အဲဒီစီဒီခွေထဲမှာ မပါဘူး။ ပါ မလာတဲ့အခါကျတော့ ကြိုတင်မဲလား၊ မဲပေးမယ့်မဲလား ဘယ်လောက်တက်လာမလဲလို့ ကျနော်တို့ စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဒီနေ့ ကျနော်တို့ ကော်မရှင်ကို ထပ်မေးဖို့ အစီအစဉ်ရှိပါတယ်။”

မော်လမြိုင်မြို့က မဲစာရင်းတွေမှာ အခုချိန်ထိ နာမည်တူ လူပိုစာရင်းတွေ ပါနေတာကြောင့် ရွေးကောက်ပွဲရလဒ်အတွက် စိုးရိမ်မိတယ်လို့ NLD ပါတီရဲ့ ဒေါ်နွယ်နွယ်အောင်က ပြောပါတယ်။

“၅-၁ မဲရုံ ၁ ကို ရှာတဲ့အခါကျတော့ အဲဒီမှာ လူ ၁၈၀၀ ကျော် မဲပေးဖို့ရှိတဲ့အနက်မှာ အနည်းဆုံး ၂၅ ယောက်လောက်က ကျမတို့ နာမည်ထပ်တွေ ပါလာတယ်။ အဖေနာမည်တူတယ်၊ အမေနာမည် မတူဘူး။ မွေးသက္ကရာဇ်တူတယ်။ မှတ်ပုံတင်မှာကျတော့ အရှေ့တလုံး၊ အနောက်တလုံး အဲ့လို လွဲတာတွေရှိတယ်။ ဒါပေမဲ့ မဲရုံ ၂ ကျတဲ့အခါကျတော့ အက္ခရာစဉ်မဟုတ်တော့ဘဲနဲ့ သူက ရောကောသောကော လုပ်လိုက်တယ်။ အိမ်အလိုက်လည်းမဟုတ်ဘူး။ အိမ်ထောင်စုလိုက်လည်း မဟုတ်ဘူး။ အက္ခရာစဉ်လိုက်လည်း မဟုတ်ဘူး။ နာမည်တွေကိုလည်း အကုန်လုံး ရောမွှေထားတော့ ကျမတို့ မဲရုံ ၂ ကျတော့ တော်တော်ရှာရခက်နေတယ်။ အဲ့လို အနေအထားရှိတယ်။”

မွန်အမျိုးသားပါတီ MNP ရဲ့ အမှတ်သင်္ကေတဟာ အနီရောင်နောက်ခံမှာ ကြယ်ဖြူနဲ့ ပျံသန်းနေတဲ့ ဟင်္သာအဝါရောင် ဖြစ်ပေမဲ့ ရွေးကောက်ပွဲကော်မရှင်က ရိုက်ထားတဲ့ မဲလက်မှတ်မှာ ကြယ်ဝါတွေ ဖြစ်နေတာကြောင့် မဲပေးမယ့်ဒေသခံတွေကို ရှုပ်ထွေးမှုဖြစ်ကြောင်း ဒေါက်တာမင်း စိုးလင်းက ပြောပါတယ်။

“ကျနော်တို့က တောက်လျှောက် မဲဆွယ်စည်းရုံးတဲ့ကာလတွေမှာ ကျနော်တို့ရဲ့ logo ကျနော်တို့ရဲ့ အမှတ်တံဆိပ်ပေါ့နော် အဲဒါ ဟင်္သာ ကြယ်ဖြူလို့ တောက်လျှောက် ပညာပေးခဲ့ပါတယ်။ အခု ဒီရက်ပိုင်းအတွင်းမှာ အဲဒီ ကြယ်ဖြူနေရာမှာ ကြယ်က မဖြူတော့ဘဲနဲ့ အဝါဖြစ်လာတယ်။ အဲဒါ ကျနော်တို့မှာ အများကြီး အနှောင့်အယှက်ဖြစ်ပါတယ်။ ကျနော်တို့ ဒေသမှာရှိတဲ့ ပြည်သူအများစုက သူတို့က မျက်စိမကောင်းတာတို့၊ စာမတတ်တာတို့ အဲဒါမျိုး အခက်အခဲရှိတယ်။ အခက်အခဲရှိတဲ့အခါကျတော့ ကျနော်တို့ရဲ့ ဟင်္သာကြယ်ဖြူက ဟင်္သာကြယ်အဝါ ဖြစ်တဲ့အခါကျတော့ နည်းနည်းတော့ အနည်းနဲ့အများတော့ တွေဝေတာပေါ့နော်။ ကျနော်တို့ ဟင်္သာကလည်း ကျနော်တို့ ပေးထားတဲ့အတိုင်း မဟုတ်ဘဲနဲ့ အဝါရောင် ပိုပြီးတော့ သန်းလာတယ်။”

မွန်ပြည်နယ်မှာ NLD ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် အများဆုံး ဝင်ပြိုင်ကြပြီး မွန်အမျိုးသားပါတီက ဝင်ရောက်ယှဉ်ပြိုင်သူဦးရေ တတိယနေရာမှာ ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG