သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ၂၀၀ ကျော် မြန်မာကယ်တင်


လှေစီးပြေးတွေ မြန်မာ့ရေပိုင်နက်တွင်း ဖမ်းမိ။ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန (MOI)
လှေစီးပြေးတွေ မြန်မာ့ရေပိုင်နက်တွင်း ဖမ်းမိ။ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန (MOI)

လှေစီးပြေး ဒုက္ခသည်တွေ နဲ့ ပတ်သက် လို့ ဒေသတွင်း ဂယက် ရိုက်ခတ်မူတွေ ရှိနေ စဉ် မှာပဲ မြန်မာနိုင်ငံ မောင်တောမြို့အနီး မြန်မာ့ရေပိုင်နက်ထဲမှာ လူ၂၀၀ကျော် ပါဝင်တဲ့ လူကုန်ကူးတဲ့လှေ ၂စင်းကို မြန်မာရေတပ်က ဖမ်းဆီးမိ ခဲ့ပါတယ်။ ဖမ်းမိသူတွေကို ကနဦး စစ်ဆေးချက်အရ ဘင်္ဂလားဒေရှ်နိုင်ငံ သားတွေဖြစ် လို့ သူတို့ကို နေရပ်ရင်းနိုင်ငံပြန်ပို့ ပေးမယ်လို့ မြန်မာနိုင်ငံက ဆိုပါတယ်။ ဒီအကြောင်း အသေးစိတ် ထိုင်းနိုင်ငံ အခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

လူကုန်ကူး ခံရသူ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂၀၀ကျော် ပါဝင်တဲ့လှေကြီးတစင်းနဲ့ စာနပ်ရိက္ခာတွေ သယ်ဆောင်ပေးတဲ့လှေငယ် တစီးကို မြန်မာရေ ပိုင်နက် မောင်တောမြို့နယ် အတွင်းမှာ မြန်မာ့ရေတပ်က ဖမ်းဆီးမိခဲ့တာပါ။ သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်တယ်လို့ သမ္မတ ရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုပါတယ်။

"မောင်တော သင်္ဘောကွေ့ကျေးရွာ ရေမိုင်(၄)မိုင် ကင်းလှည့်နေတဲ့အချိန် ကျနော်တို့ တပ်မတော်ရေယာဉ် စစ်ရေယာဉ်အမှတ် (၅၆၈) ကနေပြီးတော့ မိတာဗျ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၀၈) ဦး။ အဲ့တာကို သူတို့ ကနဦး စစ်ဆေးချက်အရဆိုရင် ဒီစက်လှေက ပိုင်ရှင်က ထိုင်းနိုင်ငံ ရနောင်းက။ သူတို့ကို မေးကြည့်လိုက်တော့ အဲ့ဒီ့မှာ စစ်လိုက်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၀၈)ဦးပါတယ်။ အသက် (၁၄)နှစ်က ဆယ်ဦးလောက်ရှိတယ်။ ကျန်သူတွေက အသက် ၃၀နဲ့ ၄၀ ကြားရှိတယ်။ အဲ့ဒီ့လူတွေက ဘယ်ကလာသလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘာဇားပေါ့ စစ်တကောင်း၊ ဒါကာမြောက်ခြမ်း မှာ နေတဲ့ သူတွေဖြစ်တယ်ဆိုတာ သိရတယ်။ အဲ့မှာ လှေပေါ့ သင်္ဘော Crew က ၉ယောက် ၊ စကားပြန် ဘင်္ဂလီက ၂ ယောက်၊ စုစုပေါင်း (၂၁၉)ယောက်၊ ဒါက လူမှော်ခို လှေပေါ့။ လူမှောင်ခိုလှေမှာပါတဲ့သူ။

နောက် ကျန်တဲ့လှေမှာ ပါတဲ့သူ တစင်းက ပါသေးတယ်။ အဲ့ဒီ့လှေမှာကျတော့ ဘင်္ဂလီ ၁ယောက် လှေ Crew က ၈ယောက်ပါတယ်။ အဲ့ဒီ့လှေ ၉ယောက်ကကျတော့ ခုနကပြောတဲ့ ပင်မ လူမှောင်ခို စက်လှေကို ရိက္ခာ လိုက်ပို့တာလို့ ပြောတယ်ပေါ့နော်။ ဒုတိယလိုက်ပို့တဲ့ စက်လှေ၊ ရိက္ခာလိုက်ပို့တဲ့ စက်လှေက အခုစစ်ဆေးချက်အရပေါ့နော်။ မြိတ်မြို့က ကိုခိုင်ဆိုတဲ့ ပိုင်ရှင်ရဲ့ လှေဖြစ်တယ်ပေါ့နော်။ "

လှေစီးပြေးဒုက္ခသည်တွေ ကိုတင်ဆောင်လာတဲ့ လှေဟာ ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေကို သွားကြဖို့ပြင်ဆင်ထားပေမဲ့ အဖမ်းအဆီး အစစ်ဆေးတွေ များတဲ့ အတွက် ဧပြီလ ၈ရက်နေ့က ရနောင်းမြို့က နောက်ကြောင်းပြန် ထွက်ခွါလာခဲ့ပြီး ဘင်္ဂလားရေပိုင်နက်မှာ ရပ်နားကာ မေလ ၂၁ရက်နေ့ မှာတော့ မြန်မာ့ရေပိုင်နက်ထဲမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ လှေပေါ်မှာ ပါလာတဲ့သူတွေကိုတော့ ရသေ့တောင်မြို့နယ်ထဲမှာ ထားပြီး အစား အသောက်ရေး နဲ့ ကျန်းမာရေး စောင့်ရှောက်မူပေးကာ မူလ လာရင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့ပေးမှာဖြစ်တယ်လို့ ဦးဇော်ဌေးကဆိုပါတယ်။

"ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ပြန်ပို့မှာပေါ့။ သူတို့ရဲ့ Country of Origin ပေါ့ မူလဌာနေနိုင်ငံကို ပြန်ပို့ရမှာ။"

လှေ၂စီးအနက် လူအများကို တင်လာတဲ့ လှေကို ရနောင်းမြို့က ထိုင်းလူမျိုး တဦး ပိုင်ဆိုင်ပြီး လှေငယ် တစီးကတော့မြန်မာနိုင်ငံမြိတ်မြို့က မြန်မာနိုင်ငံသားတဦး ပိုင်ဆိုင်တဲ့လှေဖြစ်ကြောင်း ကနဦးစစ်ဆေးချက်တွေအရ သိရတယ်လို့ ဆိုပါတယ်။

ဒီထဲမှာ မြန်မာနိုင်ငံသားတွေ ပါမပါ ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလှေတွေဟာ မေလ ၂၀ရက်နေ့ကတော့ ဘင်္ဂလားဒေရှ်နိုင်ငံ အပိုင် အုန်းကျွန်းနဲ့ ၄မိုင်အကွာလောက်မှာ ရပ်နားထားပြိး နောက် အစစ်ဆေးတွေများတဲ့ အတွက် ထွက်ခါွလာရင်းနဲ့ မြန်မာရေပိုင်နက်ထဲမှာ တွေရှိခဲ့ရတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်း ထုတ်ပြန်ချက် အရ မြန်မာရေပိုင်နက် ထဲမှာ လူကုန်ကူးခံရသူတွေကတွေ့ရှိရင် ရှာဖွေ ကယ်ဆယ်ပေး သွားမှာဖြစ်ကြောင်းနိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် မှာဖြစ်ကြောင်းပြောဆိုထားပါတယ်။

XS
SM
MD
LG