သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေး ကောင်စီ ပြဋ္ဌာန်းချက် မြန်မာပယ်ချ


ဂျီနီဗာမှာ ကျင်းပတဲ့ (၂၈)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် ဦးမောင်ေ၀ တက်ရောက်။
ဂျီနီဗာမှာ ကျင်းပတဲ့ (၂၈)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် ဦးမောင်ေ၀ တက်ရောက်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၂၀၁၅ခုနှစ်အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ပယ်ချလိုက်ပါတယ်။ မတ်လ (၂၇)ရက်နေ့က ဂျီနီဗာမှာ ကျင်းပတဲ့ (၂၈)ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Leeရဲ့ တာဝန်ကို နောက်ထပ် သက်တမ်းတနှစ်တိုး လိုက်ပြီး ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး မဟာမင်းကြီးရုံး မြန်မာနိုင်ငံမှာ အမြန်ဆုံး ဖွင့်လှစ်ဖို့ မြန်မာ အစိုးရကို တိုက်တွန်းထားပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်ပြီးပြောပြမှာပါ။

သောကြာနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ တင်သွင်းခဲ့တာပါ။ အဲဒီဆုံးဖြတ်ချက် အစီရင်ခံစာကို ဥရောပသမဂ္ဂ ကိုယ်စား Latvia (လက်ဗီးယား)နိုင်ငံ ကိုယ်စားလှယ်က တင်ပြရာမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု အတော်များများရှိနေပြီး ဘာသာရေးဆိုင်ရာ ဥပဒေမူကြမ်းကိုလည်း စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်မှုရှိဖို့ အခုလို တိုက်တွန်းသွားပါတယ်။

"မြန်မာနိုင်ငံရဲ့ မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ စိုးရိမ်မကင်းဖြစ်တာကို အီးယူ ဥရောပသမဂ္ဂ အနေနဲ့ထောက်ခံ ပါတယ်။ ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာပြီး လွတ်လပ်မှုရှိဖို့ အာမခံချက်ပေးရမယ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဆက်လုပ်ရမယ်။"

ဒါအပြင် ရခိုင်ပြည်နယ်က လူနည်းစု ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိူးဖောက်မှုတွေအပါအဝင် အခြား တိုင်းရင်းသားဒေသတွေမှာ အခြေအနေကောင်းမွန်အောင် လုပ်ဖို့လိုနေသေးကြောင်း ဥရောပသမဂ္ဂ ကိုယ်စားလှယ်ကပြောသွားပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကျောင်းသား လှုပ်ရှားမှုကိုလည်း ဥရောပသမဂ္ဂက အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း အခုလို တင်ပြသွားပါတယ်။

"ပညာရေးဥပဒေပြင်ဆင်ဖို့ တောင်းဆိုနေတဲ့ ကျောင်းသားတွေရဲ့လှုပ်ရှားမှုကို ဥရောပသမဂ္ဂက အနီးကပ်စောင့်ကြည့်နေတယ်။ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့် ကိုလေးစားဖို့ မြန်မာအစိုးရကို တောင်းဆိုတယ်။ တိုင်းရင်းသားဒေသ တချို့မှာ အခြေအနေ ပိုဆိုးရွားလာနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ ရေရှည်တည်တံ့ခိုင်မြဲဖို့၊ အပစ်အခတ် ရပ်စဲရေး ဖေါ်ဆောင်ဖို့လိုအပ်နေတယ်။"

လက်ရှိခန့်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကို နောက်ထပ် တနှစ်သက်တမ်းတိုးပြီး ဆက်ခန့်ဖို့ ဥရောပသမဂ္ဂ သဘောတူကြောင်း လည်း ပြောသွား ပါတယ်။ မြန်မာ့အရေး ဆုံးဖြတ်ချက် မူကြမ်းကို ဥရောပသမဂ္ဂက ဦးဆောင်ရေးဆွဲရာမှာ ကနေဒါ၊ တောင်ကိုးရီးယား၊ ဆွစ်ဇာလန်နဲ့ တူရကီနိုင်ငံတွေက မိတ်ဖက်နိုင်ငံတွေအဖြစ် ပါဝင်ခဲ့ပါတယ်။

လူ့အခွင့်အရေးကောင်စီ အစည်းဝေးမှာ တင်သွင်းတဲ့ ဒီဆုံးဖြတ်ချက် မူကြမ်းကို မြန်မာအစိုးရက ကန့်ကွက်ခဲ့ပြီး ဓမ္မဓိဌာန်ကျစွာ သုံးသပ်ဖေါ်ပြထားတာ မဟုတ်ပဲ အားနည်းချက်တွေ ရှိနေတဲ့အပြင် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တာသာဖြစ်တယ်လို့ ဂျီနီဗာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးမောင်ဝေက တုန့်ပြန်ပြောဆိုသွားပါတယ်။

"ဥရောပသမဂ္ဂက တင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ မြန်မာနိုင်ငံရဲ့ စီရင်ပိုင်ခွင့် အတွင်းမှာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံရေး၊ တရားစီရင်ရေး စနစ်တွေမှာ ဝင်ရောက် စွက်ဖက်တဲ့ အသုံးအနှုန်းတွေ ပါဝင်နေပါတယ်။ နိုင်ငံတိုင်း နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံတခုတည်း ဆိုတာမျိုး ကမ္ဘာပေါ်မှာ မရှိပါဘူး။ အထွေထွေရွေးကောက်ပွဲမှာ ထင်သာမြင်သာရှိဖို့၊ လွတ်လပ်ပြီးမျှတဖို့ လုံလောက်တဲ့ဆောင်ရွက် ချက်တွေ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။"

ဒါအပြင် ရခိုင်ပြည်နယ်မှာ ၂၀၁၂ခုနှစ်နောက်ပိုင်းကစပြီး လူ့အသိုင်း အဝိုင်း နှစ်ဖက်ကြားဖြစ်ပွားတဲ့ အကြမ်းဖက်မှုဆိုတာ မရှိတော့ဘူးလို့ လည်း ဦးမောင်ဝေက ပြောသွားပါတယ်။ ဒါအပြင် ဆုံးဖြတ်ချက် မူကြမ်းမှာ ပါတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လည်း ပြင်းပြင်းထန်ထန်ကန့်ကွက်သွားပါတယ်။ ဆက်လက်ပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး မြန်မာနိုင်ငံမှာ ဖွင့်ဖို့ ကိစ္စမှာ မြန်မာအစိုးရရဲ့ သဘောထားကိုအခုလိုပြောသွားပါတယ်။

"မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးဖွင့်ဖို့ဆိုရင် နှစ်ဖက် လက်ခံနိုင်တဲ့ အချက်တွေအပေါ် အခြေခံညှိနှိုင်းရမှာဖြစ်ပါတယ်။ ယူချင်ယူ၊ မယူချင်နေဆိုတဲ့ သဘောထားနဲ့ချဉ်းကပ်လို့ အလုပ်မဖြစ်နိုင်ပါဘူး။ အချုပ်အချာ အာဏာရဲ့ ဆုံးဖြတ်ချက်ကိုလေးစားလိုက်နာရမှာဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဥရောပသမဂ္ဂက တင်သွင်းတဲ့ မြန်မာ့ အရေး ဆုံးဖြတ်ချက် မူကြမ်းကို ထောက်ခံ တဲ့ နိုင်ငံ ၂၀ ၊ ကန့်ကွက်တဲ့နိုင်ငံပေါင်းက ၁၁ နိုင်ငံ၊ ကြားနေ ၁၆ နိုင်ငံနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ထောက်ခံကြောင်း၊ Ms. Yanghee Lee ရဲ့တာဝန်သက်တမ်း နောက်ထပ် တနှစ်တိုးလိုက်တာကို ထောက်ခံသလို၊ လူ့အခွင့်အရေး မဟာမင်းကြီးရုံး မြန်မာနိုင်ငံမှာ အမြန်ဆုံး ဖွင့်လှစ်ဖို့ မြန်မာအစိုးရ ကို တိုက်တွန်းကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မတ်လ (၂၇)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

XS
SM
MD
LG