သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်တန်းမှုစနစ် နားလည် ဖို့ ရွေးကောက်ပွဲ ကော်မရှင် တိုက်တွန်း


ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ ကော်မရှင်အဖွဲ့ဝင်များ။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ ကော်မရှင်အဖွဲ့ဝင်များ။

ရွေးကောက်ပွဲ ဆိုင်ရာ မသမာမှုတွေ ကို ရဲအရေးပိုင်တဲ့ အမှုနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နဲ့ သက်ဆိုင်တဲ့ အငြင်းပွားမှုတွေကို သီးသန့်ဆီ ခွဲခြား တိုင်ကြားကြ ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ပြောဆို လိုက်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကာလ အတွင်း ရွေးကောက်ပွဲ ဆိုင်ရာ မသမာမှု တိုင်ကြားချက်တွေ ကို ရွေးကောက်ပွဲ ကော်မရှင် အသီးသီးက အရေးယူ ဆောင်ရွက်နိုင်မှု အားနည်းတယ် ဆိုတဲ့ ဝေဖန်မှုတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တုံ့ပြန်ပြောဆို လိုက်တာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြဌာန်းထားတဲ့ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှုများ နဲ့ ပြစ်ဒဏ်များ ပြဌာန်းချက် ပုဒ်မ ၅၇ ကနေ ပုဒ်မ ၆၅ အထိ ကျူးလွန်မှုတွေဟာ ရဲအရေးပိုင်တဲ့ အတွက် ရဲကို တိုက်ရိုက် တိုင်ကြား ရမှာ ဖြစ်ကြောင်း၊ တရားမဲ့ ပြုကျင့်မှုတွေ ကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို တိုက်ရိုက်တိုင်ကြားနိုင်ပြီး မဲဆွယ် စည်းရုံးမှု မှာ ပါတီတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ရင်တော့ နိုင်ငံရေး ပါတီတွေ စုဖွဲ့ထားတဲ့ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ကို အသီးသီး တိုင်ကြားကြ ရမှာ ဖြစ်တဲ့ အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ပြောဆိုလိုက်ပါတယ်။

အငြိမ်းစား ဒုတိယ ရှေ့နေချုပ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အခုလို ပြောပါတယ်။

" အခန်း ၁၃မှာ ဝင်ရင် ရဲအရေးပိုင်မှုဖြစ်တယ်။ တိတိကျကျပြောထား တယ်။ ရွေးကောက်ပွဲမတိုင်မှီလည်း တိုင်ကြားနိုင်တယ်။ ရွေးကောက်ပွဲ ကျင်းပနေဆဲလည်း တိုင်ကြားနိုင်တယ်။ ရွေးကောက်ပွဲ အပြီး ၁၅အတွင်းလည်း တိုင်ကြားနိုင်တယ်။ ဒီလိုဆိုထားတာပေါ့။ ၁၄မှာ ပါထားတဲ့ တရားမဲ့ပြုကျင့်လို့ရှိရင် အဲ့ဒီ့လူက အနိုင်ရလည်း ကန့်ကွက်တာကြောင့် ရှုံးသွားနိုင်တယ်။ တရားမဲ့ပြုကျင့်မှုကြောင့် အနိုင်ရပါတယ်ဆိုရင် ခုံ ဖွဲ့ဖွဲ့ စစ်ဆေးမယ်။ တရားမဲ့ပြုကျင့်မှု မှန်သလား၊ မှားသလားပေါ့။ မှန်တယ်ဆိုရင်လည်း မှန်ပေါ့။ မမှန်ရင်လည်း မမှန်ဘူးပေါ့။ ကျနော်တို့က အဲ့သလို ဆုံးဖြတ်တာပေါ့။ ဒါ ဥပဒေအရ ရှင်းရှင်းလင်းလင်းကို အဲ့တာလေးတွေကို တိတိကျကျ သူတို့ဆောင်ရွက်သွားကြမယ် ဆိုရင် အခက်အခဲရှိမှာ မဟုတ်ဘူးပေါ့။"

ဆန္ဒမဲ ပေးပိုင်ခွင့်၊ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ကို မတရားသဖြင့် နှောင့်ယှက်မှု၊ မဲရဖို့ လာဘ်ပေး လာဘ်ယူမှုတွေကစလို့ မဲစာရင်း မဲလက်မှတ်တွေကို မမှန်မကန် ပြုလုပ်မှုတွေ အဆုံး ပြစ်မှု ဆိုင်ရာ စွပ်စွဲချက်တွေကို ရဲထံ တိုက်ရိုက် တိုင်ကြား ကြဖို့ ဥပဒေက ပြဌာန်းထားတာပါ။

သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်ရိုက်တိုင်ကြားနိုင်တာကတော့ လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ သက်ဆိုင်တဲ့ လာဘ်ပေးလာဘ်ယူမှု၊ အနှောင့်အယှက်ပေးမှု၊ ရွေးကောက်ပွဲ အသုံးစာရိတ် မမှန်မကန် တင်ပြမှုတို့လို တရားမဲ့ ပြုကျင့်မှုတွေကိုသာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အခွင့်အာဏာရှိတာ ဖြစ်တယ်လို့လည်း အငြိမ်းစား ဒုတိယ ရှေ့နေချုပ် လည်း ဖြစ်သူ ရွေးကောက်ပွဲ ကော်မရှင်နာ ဦးမြင့်နိုင်က ပြောပါတယ်။

" အခန်း(၁၃) ဆိုရင် ကျနော်တို့ဆီ လာလုပ်လို့ ကျနော်တို့က စုံစမ်းစစ်ဆေးပိုင်ခွင့် အခွင့်အာဏာ အပ်မထားဘူး။ အခန်း(၁၃)က ရဲအရေးပိုင်တယ်။ ရဲကိုတိုင်ရမယ်။ တရားရုံးက စစ်ဆေးမယ်။ တရားရုံးကနေ အပြစ်ဒဏ်ပေးမယ်။ အဲ့လိုအပ်ထားတဲ့ အခွင့်အာဏာကိုနော်။ အခန်း(၁၄) တရားမဲ့ပြုကျင့်မှု ကျမှ ရွေးကောက်ပွဲ ကော်မရှင်က အခွင့်အာဏာ ရှိတာပေါ့။ အဲ့တာလည်း သူတို့ကို သေချာပြန်ရှင်းပြတယ်။ ဒါတွေကို ၁၃နဲ့ ၁၄ကို နားလည်အောင် လုပ်ကြပါ။ ၁၃၊ ၁၄ကို။ ၁၃ကို ကျူးလွန်တယ် ကျူးလွန်တယ်ဆိုပြီး ကျနော်တို့က အခွင့်အာဏာမှ မရှိပဲနဲ့ကိုး။ အခန်း ၁၃က အခွင့်အာဏာမရှိဘူး။ ရဲအရေးပိုင်တဲ့အမှု။"

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကာလ အတွင်း မဲဆွယ်စည်းရုံးမှု ဆိုင်ရာ အငြင်းပွားမှု တိုင်ကြားချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အရေးယူ လုပ်ဆောင်ပေးမှု မရှိဘူးဆိုပြီး ပါတီတွေရဲ့ ဝေဖန်မှုတွေ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာလည်း ပြိုင်ဘက် ပါတီချင်းသာမက နိုင်ငံရေး ပါတီ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အနှောင့်အယှက်ပေးမှုတွေပါ ကြုံတွေ့နေရတယ်လို့ အတိုက်အခံ NLD ပါတီက ပြောထားပါတယ်။ ဒီရက်ပိုင်း အတွင်းမှာဘဲ စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်တွင်းက ရှမ်းကိုင်း အနောက်ရွာမှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တို့ မဲဆွယ်ပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင် တဦးက အနှောင့်အယှက်ပေး ခဲ့တယ်လို့လည်း ဆားလင်းကြီးမြို့နယ် NLD အောင်နိုင်ရေး အဖွဲ့က ဦးကိုကိုနိုင်က အဖြစ်အပျက်ကို အခုလို ပြောပါတယ်။

"လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ဘေးမှာ သူက ကပ်ပြီး ဝင်ထိုင် လိုက်တာခင်ဗျ။ သူက မကျေနပ်ရင် တိုင်ချင်တာတိုင်။ သမ္မတ အထိ တက်တိုင်လို့ရတယ်ဆိုပြီးတော့ သူ့ထိုင်ခုံမှာပဲ ဆက်ထိုင်နေတယ်။ အဲ့တော့ ကျနော်တို့က အခမ်းအနားအစီအစဉ် ၇ ခု ရှိတဲ့နေရာမှာ ၄ခု ပြီးတဲ့အချိန်မှာ ကျနော်တို့ အခမ်းအနားကို ရပ်ပစ်လိုက်ပါတယ်။ ပိုဆိုးတာက အခမ်းအနား မကျင်းပမှီမှာ ဆိုလို့ရှိရင်လည်း အဲ့ဒီ့အခမ်းအနားကျင်းပမယ့် မဲပေးပိုင်ခွင့်ရှိတဲ့ ကိုမိုးမြင့်တို့မိသားစုကိုလည်းပဲ မင်းတို့ ဒီအခမ်းအနားကို မလုပ်နဲ့ ဒီအခမ်းအနားကို လုပ်မယ်ဆိုရင် အဖမ်းခံရမယ်။ အဲ့လိုခြိမ်းခြောက်မှုတွေလည်းပဲ လုပ်တယ်။"

မဲဆွယ်မှု ကာလ တရားဝင် မစခင် နေပြည်တော်မှာ မဲဆွယ်ခဲ့တဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းနဲ့ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်တို့ကို NLD က ရဲစခန်းကို တိုက်ရိုက် တိုင်ကြားခဲ့ပေမယ့် ရဲစခန်းက လက်မခံခဲ့ပါဘူး။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကာလအတွင်း အနှောင့်အယှက်ပေးခံရမှု အပါအဝင် မမှန်မကန် ပြုလုပ်မှုတွေကို တိုင်ကြားမှုတွေ ရှိပေမယ့် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်တဲ့ အခြေအနေကတော့ အခုချိန်ထိ နည်းပါးနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG