သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတန်းဖြိုခွဲမှု ဥပဒေချိုးဖေါက်သူကို အရေးယူဖို့ လူ့အခွင့်ရေးကော်မရှင် တိုက်တွန်း


Gerhana matahari total yang terlihat di atas kota Madras, negara bagian Oregon, AS.
Gerhana matahari total yang terlihat di atas kota Madras, negara bagian Oregon, AS.

လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရချိန်မှာ ရဲလက်စွဲ လုပ်ထုံးလုပ်နည်းနဲ့ အညီ လိုက်နာ ဆောင်ရွက်ခြင်းမရှိတဲ့ရဲတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုသူတွေနဲ့အဓိကရုဏ်း နှိမ်နှင်းရေးလုပ်ငန်းစဉ် အဆင့်အတိုင်းမလုပ်ဘဲ ကျော်လွန်ဆောင်ရွက်ခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို ဥပဒေပညာရှင်တွေက ကြိုဆိုလိုက်ပါတယ်။ ကျောင်းသားသပိတ် အထောက်အကူပြု ကော်မတီ ကတော့ လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေနဲ့ပါ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ငြိမ်းချမ်းစွာ ခရီးရှည် ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ပြီးခဲ့တဲ့ မတ်လ (၁၀) ရက်နေ့ လက်ပံတန်းမြို့မှာ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဘက်ကစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ စစ်ဆေးချက်တွေအရ အကြမ်းဖက်ဖြိုခွင်းခံရမှု မဖြစ်ပွားချိန် မတိုင်ခင်အထိ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရှိခဲ့လို့ ဒီမိုကရေစီ စနစ်ကို ငြိမ်းချမ်းစွာ အကောင်အထည်ဖော်တဲ့ နိုင်ငံရဲ့ ပုံရိပ်ကောင်းတွေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဘက်က သုံးသပ်ပါတယ်။

ဒါပေမဲ့လို့ အဓိကရုဏ်းဖြစ်ခဲ့တဲ့နေ့မှာတော့ ဆန္ဒပြသပိတ်မှောက် စစ်ကြောင်းထက် အင်အားများတဲ့ ရဲတပ်ဖွဲ့ဝင်တွေဘက်က ဥပဒေနဲ့အညီ ဖမ်းဆီးခြင်း မရှိခဲ့တာ၊ တွန်းတိုက်မှုဖြစ်တဲ့အချိန်တားဆီးရေးနဲ့ ဖမ်းဆီးရေး နှစ်ဘက်အဖွဲ့ရောထွေးပြီး့ EU နည်းစနစ်နဲ့ လေ့ကျင့်ပုံစံ ပျက်ယွင်းသွားခဲ့တာ၊ သပိတ်မှောက်စစ်ကြောင်းရဲ့ ပြန်ကြားရေးယာဉ်ကို ရဲတချို့က ထုရိုက်ကန်ကျောက်ဖျက်ဆီးတာ စတာတွေဟာ ရဲလုပ်ထုံးလုပ်နည်းအညီ နည်းလမ်းတကျ ပြုမှုဆောင်ရွက်ခဲ့တယ်ဆိုတာ ဆိုရန် ခဲယဉ်းတယ်လို့ ကော်မရှင်ဘက်က သုံးသပ်ပါတယ်။

ဒါ့အပြင် အခင်းဖြစ်နေချိန်မှာ တာဝန်ရှိသူတွေကတမိန့်တည်း တသံတည်း သတ်မှတ်အမိန့်ပေး ကွပ်ကဲနိုင်ခဲ့ခြင်းမရှိခဲ့တဲ့အပြင် ရဲဝန်ထမ်းတွေဘက်က ကျောင်းသားတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိတာ၊ ရဲလက်စွဲပါ သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်မှု အားနည်းတယ် ဆိုတာ တွေ့ရှိကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုထုတ်ပြန်ချက်အပေါ် ကြိုဆိုပါတယ်လို့ သာယာဝတီထောင်တွင်း အထိန်းသိမ်းခံထားရတဲ့ သပိတ်မှောက်ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ဥပဒေကြောင်းအရ အကျိုးဆောင်ရှေ့နေ့အဖြစ် လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီးဦးသိန်းသန်းဦးက ပြောပါတယ်။

“လူ့အခွင့်အရေးကော်မရှင်က တိုးတက်လာတယ်လို့ ပြောရမှာပေါ့နော်၊ အချက် ၃ ချက်တွေ့ရတယ်။ ပထမဆုံးက ဒေါ်ခင်ဝင်းအမှုမှာလည်းပဲ ဝင်ပါလာတာကို တွေ့ရတယ်။ ဖြစ်တဲ့ကိစ္စတွေ စုံစမ်းစစ်ဆေးသင့်တယ်။ နောက်တခါ ဒုတိယအချက်ကတော့ ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုနိုင်ရဲဝေတို့ ဗကသကျောင်းသားတွေက အာမခံလျှောက်တဲ့ကိစ္စမှာ အမရပူရမြို့နယ်တရားရုံးက ငြင်းပယ်လိုက်ခြင်းဟာ ပြန်လည်စဉ်းစားသင့်တယ်လို့ သူတို့ ကြေညာချက်ထုတ်တယ်။ ဒါလည်း အဲဒီအတွက် ကျနော်တို့ ကြိုဆိုတယ်။ အခု ဒီလို ရဲတွေကို အရေးယူဆောင်ရွက်သင့်တယ်လို့ ကြေညာချက် ထုတ်တဲ့ အပေါ်မှာတော့ ကျနော်တို့က လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်လို့ ပြောရမှာပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို စထွက်လာတုန်းကတော့ ကျနော်တို့ လုံးဝ အယုံအကြည်မရှိဘူး။ အဲဒီတုန်းက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးကျော်တင့်-ဆိုတဲ့ပုဂ္ဂိုလ်က စစ်အစိုးရအဆက်ဆက်ရဲ့ကိုယ်စားလှယ်အဖြစ် ယုံစရာမကောင်းတဲ့အတိုင်းပဲ သူတို့ လုပ်ဆောင်တာကို တွေ့ရတယ်။ ဘာမှ ထိရောက်မှုမရှိဘူး။ ဒါပေမယ့် ဒေါ်ခင်ဝင်းကိစ္စကစပြီး တဆင့်စီ တဆင့်စီ တိုးတက်လာတယ်။ ဒါကတော့ အလွန် ….ရေချိန်တခုကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ရောက်ရှိလာတယ်လို့ ကျနော်တို့ ဆိုရတော့မှာပါ။ ကြိုဆိုရတော့မှာဖြစ်ပါတယ်။”

ဒါပေမဲ့လို့ ဒီမိုကရေစီကျောင်းသားသပိတ်အထောက်အကူပြုကော်မတီက ဦးဇော်ရမ်းကတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဘက်က လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေနဲ့ အခုထက်ပိုပြီး ထိရောက်အောင် ကိုင်တွယ်ဖြေရှင်းပေးဖို့ သင့်တယ်လို့ ဆိုပါတယ်။

“သူတို့က ဒါပဲလုပ်ပိုင်ခွင့်ရှိလို့ ဒါပဲလုပ်တာပါ။ တကယ်လို့ ဒိထက်လုပ်ပိုင်ခွင့်လည်း ရှိမယ်ဆိုရင် ဒိထက်လုပ်ပိုင်ခွင့်ရှိတဲ့ဟာ သူတို့လုပ်မှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရနဲ့ပတ်သက်တဲ့၊ ဒီအစိုးရရဲ့ အာဏာစက်အောက်၊ လုပ်ပိုင်ခွင့်အောက်မှာဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းအားလုံးက အမိန့်ဆိုတဲ့ ညွှန်ကြားချက်တစ်ခုအောက်ထဲမှာပဲ တိတိကျကျလုပ်နေတာကိုတွေ့ရပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆိုတာ အစိုးရဝန်ထမ်းတွေမပါတဲ့၊ ကြားကျကျ ကော်မရှင်တခုကနေ အမြန်ဆုံး စုံစမ်းဖော်ထုတ်၊ အဲဒီအထဲမှာဆိုလို့ရှိရင် ရှေ့နေ ရှေ့ရပ်ကြီးတွေ ပါမယ်။ ပြည်သူလူထု ယုံကြည်တဲ့လူတွေ ပါဖို့ပေါ့ နော်။”

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဘက်က အသေးစိတ်တွေ့ရှိချက်တွေအပေါ် အဓိကရုဏ်းဖြစ်တဲ့နေ့က နည်းလမ်းတကျ လိုက်နာ ဆောင်ရွက်ခြင်းမရှိတဲ့ ရဲတွေကို ထိုက်သင့်သလို အရေးယူဖို့၊ နောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန် အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း မလုပ်ဆောင်ဘဲ အဆင့် ကျော်လွန်ပြီး ဆောင်ရွက်ခဲ့သူတွေကို အရေးယူဖို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြု ဖျက်ဆီးခဲ့သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူဖို့ အကြံပြု တိုက်တွန်းထားပါတယ်။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဘက်က အခုလိုတိုက်တွန်းချက်အပေါ် ဥပဒေအရ ဘယ်လို အရေးယူဆောင်ရွက် နိုင်သလဲ ဆိုတာကို ရှေ့နေကြီးဦးသိန်းသန်းဦးက အခုလိုသုံးသပ်ပါတယ်။

“ကျောင်းသားတွေရဲ့ဖုန်းတွေ အလုခံထိတယ်။ ဒါလုယက်မှုပဲ။ robbery ပဲ၊ ဒါ ပြစ်မှုပဲ။ ဆန္ဒပြတဲ့သူကိုရိုက်လို့ ပါတဲ့လူတွေကို လုယက်ခွင့်ရှိတယ်ဆိုတာ ဘယ်ဥပဒေမှ ပြဌာန်းမထားဘူး။ တရားခံဆီကပစ္စည်း လုယက်ခွင့်မရှိဘူး။ လဲနေတဲ့သူကို ရိုက်တာတို့၊ ဒါတွေက ရဲဥပဒေလည်း အရေးယူသင့်တယ်။ ပြစ်မှုဆိုင်ရာဥပဒေအရလည်း ပြစ်မှုမြောက်ပါတယ်။ အပြင်းအထန်ရိုက်၊ ဒဏ်ရာရတဲ့သူတွေ- ဒါ အပြင်းအထန်နာကျင်စေမှုပဲ- ၃၂၆။ နောက်တခါ အခုနက လုယက်တာ လုယက်မှုဖြစ်တယ်ဗျာ။ ပြစ်မှုဆိုင်ရာဥပဒေအရလည်း အရေးယူနိုင်တယ်။”

လက်ပံတန်းအရေးအခင်းမှာ အောင်မြေဗိမ္မာန်ကျောင်းတိုက်မှာ လုပ်ဆောင်ခဲ့တဲ့ ဖမ်းဆီးရှာဖွေမှုတွေမှာလည်း နယ်မြေခံရဲတပ်ဖွဲ့ကမဟုတ်ဘဲရဲတပ်ရင်းက ရဲအချို့ ဝင်ရောက်ဆောင်ရွက်ခဲ့တဲ့အတွက် မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေနဲ့ ရဲတွေအပေါ် ယုံကြည်မှု ပျက်ပြားစေခဲ့တယ်လို့လည်း ထောက်ပြထားပါတယ်။ အနီးကပ်ကြပ်မတ်ကွပ်ကဲခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို သက်သေ ထွက်ဆိုချက်ရယူဖို့ မေတ္တာရပ်ခံခဲ့ပေမဲ့လို့ အစီရင်ခံစာထွက်သည့် အချိန်အထိ တုံ့ပြန်ခြင်းမရှိဘူးဆိုတာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

XS
SM
MD
LG