သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံ ကျောင်းသားတွေ လွှတ်ဖို့လူ့အခွင့်အရေး ကော်မရှင် တောင်းဆို


သာယာဝတီအကျဉ်းထောင်မှာ အဖမ်းခံနေရတဲ့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်
သာယာဝတီအကျဉ်းထောင်မှာ အဖမ်းခံနေရတဲ့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်

အရေးကြီးတဲ့ မြန်မာ့ ရွေးကောက်ပွဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ၊ အထိန်းသိမ်းခံနေရသူတွေ ပါဝင်ခွင့် ရသင့်တယ်လို့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရဖို့ နိုင်ငံရေးအကျဉ်းသားတွေ၊ ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အစိုးရကို တောင်းဆိုလိုက်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပဖို့ သတင်းတပတ်ကျော်လောက်ဘဲ လိုတော့တဲ့ အချိန်မှာဘဲ နိုင်ငံရေး အကျဉ်းသားတွေ၊ ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ ဝန်ရံပြည်သူတွေကို လွှတ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တောင်းဆိုလိုက်ပါတယ်။ ဒီလူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတ ဦးသိန်းစိန်ထံကိုလည်း မေတ္တာရပ်ခံထားပြီး အကျဉ်းကျနေသူ ဖမ်းဆီးခံရသူ တချို့ ပြန်လွတ်လာဖို့ မျှော်လင့်တဲ့ အကြောင်းမြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမြက ပြောပါတယ်။

“ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတန်းမှာ ဒါ နိုင်ငံရေးမှာ ပြည်သူ့အခွင့်အရေးများကို ပါဝင်ကျင့်သုံးပိုင်ခွင့်ကို ပြဌာန်းထားပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံဟာဆိုရင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတန်းကို ထောက်ခံထားတဲ့ နိုင်ငံဖြစ်တဲ့အခါမှာ ဒီလိုအချိန်အခါမျိုးမှာတော့ အားလုံးလည်းပဲ ပါဝင်ပြီးတော့ ဆန္ဒမဲပေးပိုင်ခွင့် ရှိသင့်တယ်လို့ ယူဆတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။မျှော်လင့်ချက်ဆိုတာတော့ လူတိုင်းမှာ ရှိသင့်တာပေါ့နော်။ ဒီမျှော်လင့်ချက်အတိုင်းအားလုံး ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွင်ရွင်နဲ့ ပါဝင်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကိုလည်း ကျနော်တို့ ရည်ရွယ်တာပါ။ ဆိုတော့ ကျနော်တို့က ဒီကျောင်းသားတွေနဲ့ ပက်သက်ပြီးတဲ့ အခါမှာ ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေ စာမေးပွဲဖြေခွင့် ပေးဖို့နဲ့ ပက်သက်လို့လည်း Right To Education ပေါ့နော်၊ ဒါကို ကျင့်သုံးနိုင်ဖို့အတွက် ဆိုပြီးတော့ ကျနော်တို့ ထုတ်ပြန်ခဲ့ပြီးတာဖြစ်ပါတယ်။ အခုရွေးကောက်ပွဲ ကျင်းပမယ့် အချိန်မှာတော့ ကျနော်တို့ နိုင်ငံအတွက် အရေးကြီးဆုံးအချိန်အခါ ဖြစ်တဲ့အတွက် သူတို့လည်း အားလုံး လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးနဲ့ ဒီမိုကရေစီ တည်ဆောက်တဲ့အခါမှာ ပါဝင်နိုင်အောင် ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ ကျနော်တို့ ထုတ်ခြင်းဖြစ်ပါတယ်။”

မြန်မာ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား အရေအတွက် အတိအကျကိုတော့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အတိအကျ ပြောဆိုနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသားဆိုတာကို သမ္မတ အနေနဲ့ ထည့်သွင်းစဉ်းစားနိုင်အောင် အစဉ်တစိုက် ထည့်သွင်း တောင်းဆိုနေတာ ဖြစ်တယ်လို့ ကော်မရှင်က ဥက္ကဌက ပြောပါတယ်။ ဒါပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်မှာ လူထု အတွက် အန္တရာယ် ဖြစ်စေမယ့်သူတွေ ပါမလာဖို့ကလည်း အရေးကြီးတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့က လွတ်တဲ့အခါမှာဆိုရင် ဒီမိုကရေစီ တည်ဆောက်တဲ့အခါမှာ၊ ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အခါမှာ ငြိမ်းချမ်းစွာနဲ့ ပါဝင်နိုင်တဲ့ လူမျိုးကို ကျနော်တို့ ရည်ရွယ်တယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်လိုက်တိုင်းလည်း မရဘူးနော်။ လွှတ်လိုက်ပြီးတဲ့အခါမှာလည်း အပြင်ဖက်မှာ ရာဇဝတ်မှု ကျူးလွန်တာတို့ ဘာတို့ မဖြစ်ဖို့လည်း အရေးကြီးတာကိုး။ ဟိုတခါတုန်းက လွှတ်လိုက်တုန်းကလည်း ရဲ ၂ ယောက် အသက်ခံရတဲ့ ကိစ္စနဲ့ ပက်သက်ပြီးတော့ ဝေဖန်မှုတွေလည်း အများကြီးဖြစ်လာပါတယ်။ ဒါကြောင့်ကျနော်တို့ကနေပြီးတော့ ငြိမ်းချမ်းစွာနဲ့ ပါဝင်ဆွေးနွေးနိုင်မယ့် ဆိုတာလေးကို အလေးပေးပြီး ဖော်ပြထားပါတယ်။”

မြန်မာသမ္မတရဲ့ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးနေပေမယ့် လွတ်မြောက်လာသူတွေ ထဲမှာလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ အနည်းငယ်ဘဲ ပါရှိပြီး အများစုက ပြစ်မှုကျူးလွန်သူတွေ ဖြစ်နေတဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိနေတာပါ။မြန်မာ့ အကျဉ်းထောင်တွေ ထဲမှာတော့ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူတွေ၊ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေကို စီရင်ချက် မချနိုင်သေးဘဲ ထိန်းသိမ်းထားသလို တက်ကြွလှုပ်ရှားသူတွေ၊ အလုပ်သမား အခွင့်အရေး တောင်းဆိုခဲ့ကြသူတွေ၊ သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်ရရှိရေး ဆန္ဒပြခဲ့ကြသူတွေ တရားရင်ဆိုင်နေရဆဲ၊ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG