သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့အခမ်းအနားများ လွတ်လပ်စွာကျင်းပခွင့် ရလာ


အာဇာနည်ဗိမာန်နဲ့ အလေးပြုနေတဲ့ ဂုဏ်ပြု စစ်သည်တော်များ။
အာဇာနည်ဗိမာန်နဲ့ အလေးပြုနေတဲ့ ဂုဏ်ပြု စစ်သည်တော်များ။

အရင်စစ်အစိုးရလက်ထက်ကစာရင် အခုအရပ်သားအစိုးရလက်ထက်မှာ အာဇာနည်နေ့အခမ်းအနားတွေကို ပြည်သူတွေအနေနဲ့ တခမ်းတနား လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရလာတယ်လို့ သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဘက်က သုံးသပ်ကြပါတယ်။ နိုင်ငံ့လွတ်လပ်ရေးအတွက် အသက်ပေးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အခုလက်ရှိ အုပ်ချုပ်သူအစိုးရအနေနဲ့ ပြည်သူနဲ့တသားတည်း အာဇာနည်ကုန်းမှာ ဦးညွတ် အလေးပြုမှုတွေ တလေးတစား လုပ်ဆောင်လာတာကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။ အာဇာနည်နေ့ အခမ်းအနားကျင်းပချိန်မှာတော့ လုံခြုံရေးက တင်းကျပ်နေဆဲအနေအထားဖြစ်ပါတယ်။ အသေးစိတ် မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျရောက်မယ့် ၆၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော် အစိုးရဘက်က ဒုသမ္မတ (၁) ဒေါက်တာစိုင်းမောက်ခမ်းကိုယ်တိုင် တက်ရောက်ဖို့ရှိပါတယ်လို့ အာဇာနည်နေ့ ကျင်းပရေးနဲ့ ဖိတ်ကြားရေးဆိုင်ရာ ကော်မတီက သတင်းထုတ်ပြန် ထားပါတယ်။

အစိုးရအဆက်ဆက် ခေတ် အဆက်ဆက် အာဇာနည်ကိုးဦးကို ဦးညွတ်ဂုဏ်ပြုဖို့အတွက် ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဘက်က အာဇာနည်ကုန်းရှိတဲ့နေရာကို ချီတက်အလေးပြု ဂါရဝပေးမှုတွေကိုလည်း ဘယ်လိုပဲ ပိတ်ပင်တားဆီး ဟန့်တားမှုတွေ ရှိပါစေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအရပ်သားအစိုးရခေတ်မှာတော့ အာဇာနည်နေ့ အခမ်းအနားကို ပြည်သူတွေကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်တစုံတရာပေးလာတဲ့ အနေအထားရှိလာတဲ့အပေါ် NHK သတင်းဌာနက နိုင်ငံခြားသတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုသီဟသွေးက အခုလိုသုံးသပ်ပါတယ်။

“ဒီဘက်အစိုးရခေတ်ရောက်တဲ့အချိန်မှာ ဒီလိုမျိုး အရပ်သားသဘောမျိုးပေါ့နော်- အရင် စစ်အစိုးရလို့ခေါ်တဲ့ အစိုးရခေတ်ရောက်တဲ့အချိန်မှာ သူတို့က တတ်နိုင်သရွေ့ လူထုနဲ့သဟာဇာတဖြစ်မယ့် အခင်းအကျင်း အပြောင်းအလဲတွေ လုပ်လာတဲ့အခါမှာ အရင်တုန်းကတော့ အာဇာနည်နေ့ဆိုတာက အတိုက်အခံ အဖွ့ဲအစည်းတွေကနေပြီးတော့ သူတို့ရဲ့နိုင်ငံရေးလှုပ်ရှားမှုကို လုပ်တဲ့နေ့တနေ့အနေနဲ့ အသုံးပြုလေ့ရှိတာပေါ့။ အာဇာနည်နေ့က - အစိုးရအနေနဲ့ကလည်း….လုပ်တဲ့၊ နိုင်ငံရေးလုပ်တဲ့ နေ့တနေ့လို့ပဲ သဘောထားပြီးတော့ အာဇာနည်နေ့ဆိုရင် လုံခြုံရေးတင်းကြပ်တာတို့၊ အကန့်အသတ်တွေ လုပ်တာတို့ အများကြီးလုပ်ခဲ့တာပေါ့။ ဒါကတော့ ဟိုဘက်ခေတ်မှာပေါ့။ ဒီဘက်ခေတ်ကိုရောက်တဲ့အခါကျတော့ အစိုးရက တတ်နိုင်သရွေ့အတိုက်အခံကိုလည်း နေရာနည်းနည်းပေးလာတယ်၊ နောက်တခါ ပြည်သူလူထုနဲ့အဆင်ပြေမယ့် အခင်းအကျင်းတွေ၊ management တွေလုပ်လာတဲ့အခါကျတော့ အစိုးရကနေပြီးတော့ တင်းကြပ်ထားတဲ့ လုံခြုံရေးတင်းကြပ်မှုတွေကိုလည်း သူတို့က လျှော့ပေးတယ်။ အဖွဲ့အစည်းတွေ ကနေပြီးတော့ အလေးပြုချင်တယ်ဆိုလို့ရှိရင် ခွင့်ပြုတာတွေ ဘာတွေ လုပ်လာတာပေါ့နော်။ နောက်တခါ ဒုသမ္မတကိုလည်း သူက ပို့ပြီးတော့ အစိုးရရဲ့သဘောထားကြီးမှုကိုပြတဲ့အနေနဲ့ သူက ဒုသမ္မတတက်ရောက်ပြီးတော့ အလေးပြုတာတို့ဘာတို့ ဒါမျိုးတွေ လုပ်လာတာပေါ့နော်။ ဒါတွေက အရင်ကနဲ့မတူတဲ့ အခင်းအကျင်းပေါ့။ အဲဒီတော့ ကျနော်ထင်ပါတယ်။ သူတို့က အရပ်သားအစိုးရလို့ သူတို့ကိုယ်သူတို့ ပုံဖော်ချင်တဲ့ အတွက်ကြောင့် လုပ်တယ်လို့ ထင်ပါတယ်။”

တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ မွန်မြတ်လှတဲ့ ဒီအာဇာနည်နေ့မှာ အခုလက်ရှိအစိုးရ တာဝန်ရှိ ခေါင်းဆောင်တွေအနေနဲ့ ပြည်သူနဲ့တသားတည်း တလေးတစား အလေးပြု ဂုဏ်ပြု ဦးညွတ်မှုကို လုပ်ဆောင်သင့်တယ်လို့လည်း တော်ဘုရားလေးရဲ့ သမီးဖြစ်သူ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။

“အာဇာနည်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေဟာ တိုင်းပြည်ကပိုင်တာလေ။ အစိုးရတခုတည်း ပိုင်တာမဟုတ်ဘူးလေ။ ဒါကြောင့်မို့လို့ ဘာပဲပြောပြော ဒေါ်လေးတို့က အာဇာနည်ဂူဗိမာန်ကို လွတ်လွတ်လက်လပ်နဲ့ ပြည်သူတွေကို အကန့်အသတ်မရှိ ခွင့်ပေးဖို့ကောင်းပါတယ်။ ဒေါ်လေးသတင်းနားထောင်လိုက်တဲ့အချိန်မှာ ဒီနှစ်မှာ ဘာတွေမယူရဘူး၊ လွယ်အိတ်မယူရဘူး၊ ကင်မရာမယူရဘူး၊ ဖုန်းမယူရဘူးဆိုတဲ့ ကန့်သတ်ချက်တွေကျတော့ ဒေါ်လေး တော်တော်အံ့သြသွားတယ်။ အဲဒီတော့ အစိုးရတခုဟာ ကိုယ့်ကိုကိုယ် ပြည်သူတွေကချစ်တယ်၊ အားကိုးတယ်၊ ယုံကြည်တယ်ဆိုရင် ဘာမှ ဒီလိုအတားအဆီးတွေ လုပ်စရာမလိုဘူးလေ။ ဒေါ်လေးပြောတာ- ပြည်သူနဲ့အတူ ဒါက အစိုးရအချိန်၊ ဒါက ပြည်သူ့အချိန်ဆို လွတ်လွတ်လပ်လပ် ဖွင့်ပေးလိုက်ဖို့ပဲရှိတယ်။”

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်က ဦးထွန်းဝင်းငြိမ်းကလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေကို လက်ရှိအစိုးရတာဝန်ရှိသူတွေ ဘက်က ဒီ့ထက်ပိုပြီး တခမ်းတနားလုပ်ဆောင်ပေးသင့်တယ်လို့ရှုမြင်ပါတယ်။

“ပြည်သူလူထုရဲ့ ဒီလို နီးနီးကပ်ကပ်တက်ရတဲ့အခမ်းအနားမျိုးမှာတော့ လုံခြုံမှုမရှိဘူးလို့များ ယူဆသလား မသိဘူးပေါ့ဗျာ။ တကယ့်တကယ်တော့ နိုင်ငံတော်အဆင့် အမြင့်ဆုံးအာဏာပိုင်တဲ့သူကလည်း အရင်တုန်းက တိုင်းပြည်ကို လွတ်လပ်အောင်အသက်ပေးပြီးသွားတဲ့ သူတွေဆိုတာကတော့ အများကြီး မြင့်မြတ်ပါတယ်ဗျာ။ အဲဒီအတွက် သူ့ထက်မြင့်မြတ်တာမရှိပါဘူး။ သူတောင် အသက်ပေးသွားသေးတာပဲ၊ နောက်လူတွေ၊ တိုင်းပြည်ကို ဒီလိုခေါင်းဆောင်နိုင်မယ့်သူတွေ၊ ကိုယ်ကျိုးစွန့်နိုင်မယ့်သူတွေ အများကြီး ပေါ်ပေါက်လာအောင် တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ထိပ်ပိုင်း ခေါင်းဆောင်တွေက ဂါရဝပြုတယ်ဆိုတာ အဲဒီအစဉ်အလာကို ဦးညွတ်တာပါ။”

ပြည်သူတွေအနေနဲ့ အာဇာနည်ကုန်းအထိ အလေးပြုချီတက်ဂုဏ်ပြုမှုတွေကို လုံခြုံရေးပိုင်း တင်းကျပ်မှုတွေနဲ့ ဆောင်ရွက်နေတာထက်စာရင် လွတ်လွတ် လပ်လပ် လုပ်ဆောင်ခွင့်ပေးသင့်တယ်လို့လည်း အကြံပြုမှုတွေ ရှိပါတယ်။

“ပြည်သူလူထုက အခုရတဲ့ဂါရဝပြုခွင့်ဆိုတာကလည်း သူတို့က လုံခြုံရေးအရ သူတို့ဘက်က တင်းကြပ်တာတွေက ရှိနေဆဲပဲ၊ စစ်တာဆေးတာတွေ၊ သူတို့ သတ်မှတ်တဲ့နေရာတွေမှာလည်း ကျနော်တို့စစ်ဆေးခံရတာတွေ၊ တန်းစီစောင့်ခဲ့ရတာတွေ၊ အဲဒါမျိုးတွေပေါ့နော်။ လူထုက အဆင်ပြေပြေလို့ ဂါရဝပြုခွင့် ရဖို့ဆိုတာတော့ အဲဒီလို အခြေအနေထိ မတွေ့ရသေးဘူးလေ။”

ဇူလိုင်လ ၁၈ ရက်နေ့ ဒီကနေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီးလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကညွတ်ကွင်းက ငါးထပ်ကြီးဘုရားဓမ္မာရုံမှာ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ မနက်ဖြန်ဇူလိုင်လ ၁၉ ရက်နေ့ မှာ အာဇာနည်ကုန်းကို အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျန်ရစ်သူ မိသားစုတွေဘက်က တက်ရောက်ဂါရဝပြုမှာဖြစ်သလို အစိုးရပိုင်း၊ လွှတ်တော်ပိုင်းနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူတွေဘက်ကလည်း ပန်းခွေချပြီး လာရောက်အလေးပြုကြမှာဖြစ်ပါတယ်။

တာဝါလိန်းလမ်းက ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့ရာ ဗိုလ်ချုပ်နေအိမ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံးကိုလည်း အများပြည်သူ လေ့လာနိုင်ဖို့ ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေကျဆုံးခဲ့တဲ့ အချိန် မနက် ၁၀ နာရီ ၃၇ မိနစ်မှာလည်း အားလုံးတပြိုင်နက်တည်း ဝမ်းနည်းကြောင်း ဥသြဆွဲအလေးပြုမှုတွေ လုပ်ဆောင်ကြဖို့လည်း ရှိတယ်လို့သိရပါတယ်။

XS
SM
MD
LG