သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်သတင်းရေးသားမှု တပ်မတော်သတိပေး


တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ Nansan မြို့ တောင်ကုန်းတခုပေါ်မှ တွေ့ရသည့် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ။ သြဂုတ် ၃၀၊ ၂၀၀၉။
တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ Nansan မြို့ တောင်ကုန်းတခုပေါ်မှ တွေ့ရသည့် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ။ သြဂုတ် ၃၀၊ ၂၀၀၉။

ကိုးကန့်လက်နက်ကိုင် တပ် MNDAA ရဲ့ ထုတ်ပြန်ကြေညာချက်တွေကို ပြည်တွင်းမီဒီယာတွေမှာဖော်ပြရင် တည်ဆဲ ဥပဒေတွေအရ အရေးယူမယ်လို့ တပ်မတော်က ပြည်တွင်းသတင်းဌာနတွေကို သတိပေးချက် ထုတ်လိုက်ပါတယ်။ မေလ ၃ ရက်နေ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ ထွက်ပေါ်လာတဲ့ ဒီသတိပေးချက်ကိုတော့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဘက်က ပြည်တွင်း သတင်းဌာနတွေကို ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ တပ်မတော်ရဲ့ သတင်းမီဒီယာတွေအပေါ် သတိပေးချက်ဟာဆိုရင် အခြေခံ ဥပဒေပါ ပြဌာန်းချက်တွေကို ချိုးဖောက်ရာရောက်တယ်လို့လည်း ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်ရှင်။

ဖုန်ကြားရှင်ရဲ့ကိုးကန့် လက်နက်ကိုင်တပ်ဘက်က သတင်းထုတ်ပြန်ချက်တွေကို ပြည်တွင်း သတင်းမီဒီယာတွေမှာ မဖော်ပြကြဖို့ မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တနင်္ဂနွေနေ့မှာ သတိပေးစာ ထုတ်ဝေပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ထံကို ပေးပို့ခဲ့တာပါ။ ရှမ်းပြည်နယ် အရှေ့ပိုင်း ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ ဌာနချုပ်မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးတွေရဲ့ ညီလာခံကို တက်ရောက်နေတဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ကို မြန်မာ အစိုးရက မတရားအသင်းအဖြစ် ကြေညာထားတာမို့ ကိုးကန့်တပ်ရဲ့ ထုတ်ပြန်ချက်တွေကို ဖော်ပြကြတဲ့ မီဒီယာတွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။ ဒီသတိပေးချက်ကိုတော့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) က ပြည်တွင်း သတင်းမီဒီယာတွေကို ဖြန့်ဝေပြီး ဖြစ်တယ်လို့ ကောင်စီ အဖွဲ့ဝင် တဦး ဖြစ်တဲ့ ဦးမြင့်ကျော် က ပြောပါတယ်။

“အဲဒီဟာက ဖြန့်ပြီးသွားပြီလားဆိုတော့ Mail Forward အတိုင်း မနေ့က သတင်းမီဒီယာတွေ အယ်ဒီတာတွေ အီးမေလ်း တွေကို Forward လုပ်ထား တယ်။ Forward လုပ်တယ်ဆိုတာ ခါတိုင်းက သူတို့ဆီက သတင်းထုတ်ပြန်ချက်ကို အဲလိုပဲ ဝင်လာပြီးရင် ရုံးက ဝန်ထမ်းတွေပေါ့နော်၊ ကောင်စီကရုံးက ဝန်ထမ်းတွေ ကလေးမလေးတွေက သူတို့က ချက်ချင်းပြန် Forward လုပ်တယ်။ သတင်းက အဲဒီထဲက လက်ခံရရှိတယ်။ မနေ့ကလည်း အဲဒီဟာကလည်း သဘော သဘာဝတော့ နည်းနည်းကွဲတယ်။ ဒါပေမယ့် ဝင်လာတဲ့ အချိန်မှာ သူတို့က ဒါ တပ်က ပေးတဲ့ဟာဘဲ ဆိုတော့ ထပ်ပြီး ဖြန့်ရမယ့်ဟာဆိုတော့ သူတို့က ချက်ချင်းဘဲ ဖြန့်လိုက်တယ်။ ဒါကတော့ အတွင်းရေးမှူးကလည်း အဲလိုမျိုး ပုံမှန်အားဖြင့် ညွှန်ကြား အဲလိုခိုင်းထားတာ။ အားလုံးဆီတော့ ရောက်ပြီးပြီ။ သို့ပေမယ့် သူတို့ပြောထားသလို ညွှန်ကြားတဲ့ သဘောထားမျိုးကိုတော့ ကောင်စီကပြန်ပြီးတော့ ပြန်ဆွေးနွေးပြီးမှဘဲ ဒီကိစ္စ ဟိုဒင်းဖြစ်မှာ ပေါ့။ သူတို့က ကောင်စီကို ညွှန်ကြားတဲ့ သဘောမျိုးလုပ်တာပေါ့နော်။ ကောင်စီအနေနဲ့တော့ စုံပြီးတော့ အစည်းအဝေးတော့ မလုပ်ရသေးဘူး။”

တပ်မတော်ဘက်က အခုလို မီဒီယာတွေကို ညွှန်ကြားချက် အရ တည်ဆဲဥပဒေတွေနဲ့ အရေးယူနိုင်တဲ့ အခြေအနေတွေကိုတော့ တရားလွှတ်တော် ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က အခုလို ပြောပါတယ်။

“သူတို့ ပြောထားတဲ့ဟာတွေအရဆိုရင်တော့ မတရားအသင်း ဥပဒေနဲ့လည်းပဲ အကျုံးဝင်သလို နောက်တချက်က တည်ဆဲ ဥပဒေများလို့ ပြောထားတော့ အဲဒီမှာနည်းနည်း အခက်အခဲရှိတယ်။ တည်ဆဲဥပဒေတွေဆိုရင် သူတို့ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ မှာ ပါတဲ့အတိုင်းပေါ့နော်- မမှန်သော အကြောင်းအရာကို မမှန်ကြောင်းသိလျက်နှင့်ဆိုတဲ့ အပိုင်းနဲ့ စွပ်စွဲမယ်ဆိုလျင်လည်း ငြိစွန်းသွားမလို ဖြစ်နေတယ်။ အဲဒီ မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၂) တို့ ဘာတို့ဆိုရင်တော့ အနည်းဆုံး ၃ နှစ်ပေါ့နော်။ အများဆုံး ၅ နှစ်။ အဲဒီလို သွားနိုင်တယ်။ နောက် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုဥပဒေ ပုဒ်မ ၅ ပါ ပြစ်မှုတွေနဲ့ စွဲဆိုလာမယ်ဆိုရင်တော့ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်ထိကို ရောက်ရှိသွားနိုင်တယ်။”

မေလ ၃ ရက်နေ့ ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာပဲ တပ်မတော်ဘက်က ပြည်တွင်း မီဒီယာတွေအပေါ် သတိပေးချက် ထုတ်ပြန်လိုက်တာဟာ လက်ရှိ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ချိုးဖောက်ရာရောက်တာကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးရာ ခုံရုံးတင် ဆုံးဖြတ်မှုခံယူသင့်တယ်လို့လည်း ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ တပ်မတော်ရဲ့ ပြည်တွင်းမီဒီယာတွေအပေါ် ညွှန်ကြားချက်နဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဘက်ကရော ပြည်တွင်း သတင်းမီဒီယာတွေဘက်ကပါ သဘောထား တုံ့ပြန်ချက် မရှိသေးပါဘူး။

XS
SM
MD
LG