သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူမည်


 ပြည်ထောင်စုဝန်ကြီးစာရင်းကို လွှတ်တော်ထဲ တင်သွင်း (MOI)
ပြည်ထောင်စုဝန်ကြီးစာရင်းကို လွှတ်တော်ထဲ တင်သွင်း (MOI)

နိုင်ငံတော်သမ္မတ ဦးထင်ကျော် က အစိုးရသစ်လက်ထပ်မှာ တာဝန်ထမ်းဆောင်မယ့် ဝန်ကြီးစာရင်းတွေကို ဒီကနေ့မှာ လွှတ်တော်ကို တင်သွင်းလိုက်ပါတယ်။ ပြည်ထောင်စုဝန်ကြီးစာရင်းကိုပဲ တင်သွင်းတာဖြစ်ပြီး၊ ဘယ်သူ ဘယ်ဝန်ကြီးဌာန တာဝန်ယူမယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်မှုမရှိသေးပါဘူး။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ နိုင်ငံခြားရေးဝန်ကြီး တာဝန်အပြင် အချို့ဝန်ကြီးဌာနတွေ ကိုပါပူးတွဲကိုင်သွားမယ်လို့ သတင်းထွက်နေပါတယ်။ ဒီကနေ့ ထွက်ပေါ်လာတဲ့ ပြည်ထောင်စုအစိုးရသစ်ရဲ့ ဝန်ကြီးစာရင်းနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် မမေခ စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

သမ္မတ ဦးထင်ကျော် (Photo-MOI)
သမ္မတ ဦးထင်ကျော် (Photo-MOI)

ပြီးခဲ့တဲ့ရက်ပိုင်းက NLD ပါတီက ရွေးချယ်တင်မြောက်လိုက်တဲ့ နိုင်ငံတော်သမ္မတသစ်က လာမယ့် ၅ နှစ်တာအတွင်း ပြည်ထောင်စု အစိုးရဝန်ကြီးဌာနကို ၂၁ဌာနထား ရှိဖို့လွှတ်တော်မှာ တင်ပြထားတာမှာ ဒီကနေ့မှာတော့ ပြည်ထောင်စုဝန်ကြီးအမည်စာရင်းတွေကို ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေကတော့ ဘယ်ဝန်ကြီးဌာနကို ကိုင်တွယ်မလဲဆိုတာကို တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ဝန်ကြီးတွေရဲ့အမည်စာရင်းတွေကို ထုတ်ပြန်ကြေငြာတာမှာ မွန်အမျိုးသားပါတီက တဦးပါဝင်လာပါတယ်။ အခြားပြည်ထောင်စုဝန်ကြီးတွေကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွတ်တော် ကိုယ်စားလှယ် ၆ ဦး၊ ပြည်ထောင်စု ကြံခိုင်ဖွံဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ် ၁ဦးနဲ့ ပါတီဝင် ၁ဦး၊ မွန်တိုင်းရင်းသားပါတီက တဦး၊ ပြင်ပပညာရှင် ၆ ဦး တို့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်က အမည် စာရင်းတင်သွင်းတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦးတို့ ပါဝင်ပါတယ်။

“တင်ပြထားတဲ့ ပြည်ထောင်စု ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ်များရဲ့ အမည်စာရင်းကို လွှတ်တော်သို့ ဖတ်ကြားတင်ပြပါမယ်။

၁။ ဒေါ်အောင်ဆန်းစုကြည်
၂။ ဒေါက်တာ အောင်သူ
၃။ ဦးသန့်စင်မောင်
၄။ သူရဦးအောင်ကို
၅။ ဦးအုန်းဝင်း
၆။ ဦးသိန်းဆွေ
၇။ ဦးကျော်ဝင်း
၈။ ဦးခင်မောင်ချို
၉။ ဒေါက်တာမြင့်ထွေး
၁၀။ ဦးဝင်းခိုင်
၁၁။ ဒေါက်တာဝင်းမြတ်အေး
၁၂။ ဦးအုန်းမောင်
၁၃။ ဒေါက်တာသန်းမြင့်
၁၄။ နိုင်သက်လွင်
၁၅။ ဒေါက်တာဖေမြင့်
၁၆။ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း
၁၇။ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နဲ့
၁၈။ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် တို့ဖြစ်ပါတယ်။

ဒီကနေ့လွှတ်တော်မှာ ပြည်ထောင်စုလွှတ်တော်နာယကက ဝန်ကြီးနေရာအတွက် အမည်စာရင်းတင်သွင်းခံရသူတွေရဲ့အမည်စာရင်းကို ခုလိုပြောဆိုခဲ့တာပါ။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာနဝန်ကြီးအနေနဲ့ တာဝန်ယူမယ့် ပြည်ခိုင်ဖြိုးပါတီဝင် သူရဦးအောင်ကိုကတော့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရမှာတွေရှိပေမယ့် အကောင်း ဆုံးကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဗွီအိုအေမေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။ သူရဦးအောင်ကိုဟာ တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး သာသနာရေးဝန်ကြီးဌာန ဒုဝန်ကြီးဟောင်းတဦးလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ သူလုပ်ဆောင်နိုင်သမျှကို အစွမ်းကုန် လုပ်ဆောင်ဖို့ စိတ် အားထက်သန်နေကြောင်း အခုလိုပြောပြပါတယ်။

“အတားအဆီးမျိုးစုံ၊ စိန်ခေါ်မှု မျိုးစုံကို ကြုံတွေ့ရမှာပါ။ ဘာသာရေးအခြေခံတဲ့ စိန်ခေါ်မှုတွေ သေချာပေါက် တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလိုတွေ့ရတဲ့အခါမှာ အဖွဲ့ချုပ်ပါတီရဲ့ ထွက်ပေါ်လာမယ့် အစိုးရသစ်နဲ့ နိုင်ငံသား တိုင်းရင်းသားပြည်သူများ လက်တွဲပြီးတော့မှ နိုင်ငံရေး၊ဘာသာရေး ပေါင်းစပ်ပြီးတော့မှ ဝိုင်းဝန်ကာကွယ်ဟန့်တားဖို့ လိုအပ်ပါမယ်လို့”

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအပြင် ပညာရေး၊ လျှပ်စစ်နဲ့စွမ်းအင်၊ သမ္မတရုံးဝန်ကြီးဌာနတွေကို ပါ ပူးတွဲ တာဝန်ယူသွားမယ်လို့ သတင်းတွေထွက် နေပေမယ့် NLD ပါတီဘက်ကတော့ အတည်ပြုပေးဖို့ ငြင်းဆန်နေကြပါတယ်။ သူ့အနေနဲ့တာဝန်ယူခဲ့မယ်ဆိုရင် ကာလုံလို့ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ်လည်း ပါဝင်နိုင်မှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ၂၀၀၈အရပြည်ထောင်စု ဝန်ကြီးတွေဟာ သူရဲ့ ရာထူးသက်တမ်းအတွက် နိုင်ငံရေးပါတီအဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်ခြင်း မပြုရလို့ ပြဌာန်း ထားပါတယ် ။ဒါအပြင် ပြည်ထောင်စုဝန်ကြီးတာဝန်ပေးအပ်ခံရပါက လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကလည်း နုတ်ထွက်ပေးရမယ်လို့ ဖွဲ့စည်းပုံမှာ ညွှန်းဆိုထား ပါတယ်။ NLD ပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင်က ဒေါ်အောင်ဆန်းစုကြည်အနာဂတ်နဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“ပါတီရဲ့ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရဆိုတော့ ပါတီကနေ ထွက်ပေးရမှာပေါ့ ပထမက။”

လာမယ့် ၅နှစ်အတွင်းပထမဆုံးထူးထူးခြားခြား ပါဝင်လာမယ့် အသစ်ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန တာဝန်ယူဖို့ မွန်အမျိုးသားပါတီက နိုင်သက်လွင်ကို ရွေးချယ်ထားပါတယ်။့ သူ့အနေနဲ့ တိုင်းရင်းသားစည်းလုံးရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်မယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားအရေးကို ပိုပြီးတော့ ပြေလည်ဖို့ဆိုပြီးတော့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို မဖြစ်ဖြစ်အောင်ဖော်ဆောင်ပေးတယ်။ တိုင်းရင်းသားအတွက်၊ တိုင်းရင်းသားအရေးကို ကျနော်တို့ဆွေးနွေးတိုင်ပြင်နိုင်အောင် တိုင်းရင်းသားတွေရဲ့ တင်ပြ၊ လိုလားချက်တွေကို ညှိနှိုင်းလို့ရအောင် တဆင့်ပေါ့လေ အစိုးရနဲ့ တိုင်းရင်းသားတွေကြားခံနဲ့ ဆက်သွယ်ပေးရုံပဲပေါ့။”

ရွေးချယ်ခံ သမ္မတသစ်အနေနဲ့ ပြည်ထောင်စုဝန်ကြီးအမည်စာရင်း အခု တင်သွင်းမှုဟာ လွှတ်တော်ကို အဆိုပြုချက်ဖြစ်ပြီး၊ ဒီအထဲက တဦးဦးဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ယူဆရင် လွှတ်တော်ကိုစားလှယ်တွေဘက်က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်ပိုင်ခွင့်ရှိပါတယ်။ ကန့်ကွက်သူမရှိပါက ဒီစာရင်းအတိုင်းအတည်ဖြစ်ပြီး အစိုးရသစ်မှာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG