သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ကြားရေး တာဝန်အလွှဲအပြောင်း ဝန်ကြီး ၂ ဦး တွေ့ဆုံ


 ပြန်ကြားရေးဝန်ကြီးသစ် ဦးဖေမြင့် နဲ့ လက်ရှိပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် တွေ့ဆုံ။ ( ဓါတ်ပုံ-ဝန်ကြီးဦးရဲထွဋ် FB)
ပြန်ကြားရေးဝန်ကြီးသစ် ဦးဖေမြင့် နဲ့ လက်ရှိပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် တွေ့ဆုံ။ ( ဓါတ်ပုံ-ဝန်ကြီးဦးရဲထွဋ် FB)

နိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်ခဲ့တာမှာ အခုလက်ရှိသမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ “မယုံကြည်မှု”ဆိုတဲ့စိန်ခေါ်မှုကို အဓိကရင်ဆိုင်ခဲ့ရပြီး သမ္မတသစ် ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာတော့ “မျှော်လင့်ချက်ကြီးမားခြင်း”ဆိုတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရနိုင်တယ်လို့ သမ္မတပြောခွင့်ရလည်းဖြစ် လက်ရှိပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုလိုက်ပါတယ်။ အုပ်ချုပ်ရေးအာဏာ အလွှဲအပြောင်း ဝန်ကြီးဌာန အကူးအပြောင်း အတွက် လက်ရှိပြန်ကြားရေးဝန်ကြီး နဲ့ နောက်တက်လာမယ့် ပြန်ကြားရေး ဝန်ကြီးသစ်တို့ ဒီကနေ့တွေ့ဆုံပြီး ဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းဆောင်တာတွေ ရှင်းလင်းတင်ပြခဲ့ပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်။

လာမယ့် မတ်လ ၃၀ ရက်နေ့မှာ သမ္မတသစ်ကို လက်ရှိသမ္မတက နိုင်ငံတော်အကြီးအကဲတာဝန်ကို အာဏာလွှဲပြောင်းတော့မှာဖြစ်ပါတယ်။ သမ္မတသစ် ဦးထင်ကျော် ဦးဆောင်မယ့် အစိုးရသစ်မှာ ပါဝင်မယ့် ဝန်ကြီးသစ်တွေကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် သွားရောက်လေ့လာနေကြပြီဖြစ်ပါတယ်။ ဒီကနေ့ တနင်္လာနေ့ မတ်လ ၂၈ ရက်နေ့မှာတော့ ပြန်ကြားရေးဝန်ကြီးသစ်ဦးဖေမြင့်ကို လက်ရှိပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြန်ကြားရေးဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းအခြေအနေတွေနဲ့ တာဝန်လွှဲပြောင်းမှုအစီရင်ခံစာကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“မတ်လ ၂၂ ရက်နေ့ တာဝန်လွှဲပြောင်းရေး အစည်းအဝေးမှာ သဘောတူခဲ့တဲ့ ဝန်ကြီးအဖြစ် အဆိုပြုခံထားရတဲ့ သူတွေအနေနဲ့ ဌာနတွေကို ကြိုတင်လေ့လာဖို့ဆိုတဲ့ သဘောတူညီချက် အရ ဆောင်ရွက်တာဖြစ်တယ်။ ၂ ကတော့ အဓိကကတော့ ဝန်ကြီးဌာနတခုခြင်းရဲ့ လုပ်ငန်းကို အကြမ်းဖျင်းရှင်းပြတာပေါ့။ သူက ဌာနတခုခြင်းလည်း သူသိချင်တာ မေးတာပေါ့ဗျာ။ ပြီးရင်ကျနော်တို့ ပြုစုထားတဲ့ စာမျက်နှာ ၃၀၀ ကျော် ရှိတဲ့ အလွှဲအပြောင်း စာအုပ်ကြီးကို ဆရာဖေမြင့် ကိုပေးလိုက်တယ်။ ဒါကို သူကြိုတင်လေ့လာပြီးတော့မှ ၃၀ ရက်နေ့နောက်ပိုင်းကျရင်တော့ သူ့ကိုဌာနတခုခြင်းကနေ အသေးစိတ်ပြန်ပြီးတော့ ရှင်းပြဖို့ရှိတယ်။ သူက ဒီလောကမှာကျင်လည်ခဲ့တာ ကျနော်တို့ထက်ပိုပြီးတော့ နှစ်လည်းကြာတယ်။ ကျနော်ကိုယ်တိုင်က သူ့ရဲ့ စာဖတ်ပရိတ်သတ်ဆိုတော့ အဲဒီအပိုင်းမှာ တော့ ကျနော်ဘာမှ အကြံပေးစရာမရှိပါဘူး။ တချို့လုပ်ငန်းတွေမှာ ကျနော်တို့ လုပ်ဆောင်ခဲ့တာတွေရှိတယ်။ အဲဒါတွေက အုပ်ချုုပ်ပိုင်းဆိုင်ရာအရ ရှင်းပြခဲ့တာရှိပါတယ်။”

မကြာခင်ရက်ပိုင်းအတွင်းမှာပဲ အစိုးရနဲ့ ဝန်ကြီးတွေ အားလုံး တာဝန်ရာထူးအလွှဲအပြောင်း လုပ်ရတော့မယ့်အချိန် မှာ လက်ရှိအစိုးရကြုံခဲ့ရတဲ့ စိန်ခေါ်ချက်တွေ နဲ့ နောက်တက်လာမယ့် အစိုးရသစ် ကြုံတွေ့လာရနိုင်တဲ့ ရင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ သမ္မတပြောခွင့်ရလည်းဖြစ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ရော ၊ ကျနော်တို့ အစိုးရအနေနဲ့ရော အဓိက ရင်ဆိုင်ခဲ့ရတာတော့ "မယုံကြည်မှု "ပေါ့နော်။ သံသယတွေကို ရင်ဆိုင်ခဲ့ရတယ်။ အဲဒီ သံသယတွေကို ကျော်လွှား ပြီးတော့မှ ကျနော်တို့လုပ်ငန်းတွေကို အကောင်အထည်ဖော်အောင် ၊ ကျနော်တို့လုပ်ငန်းတွေကို လူတွေလက်ခံလာအောင်လုပ်ရတာက ကျနော်တို့ရဲ့အကြီးမားဆုံးစိန်ခေါ်မှုပေါ့။ အဲတော့ ဆရာ ဦးဖေမြင့်အပါအဝင် သမ္မတကြီး ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရ အနေနဲ့ ရင်ဆိုင်ရမယ့်ဟာကျတော့ ကျနော်တို့နဲ့ ပြောင်းပြန်ဖြစ်သွားပြီ။ " မျှော်လင့်ချက်အလွန် မြင့်မားခြင်း "ဆိုတဲ့ပြဿနာပေါ့ ။ အရာရာတိုင်းကို တခဏ ခြင်းဖြေရှင်းနိုင်မယ်ဆိုတဲ့ လူတချို့မြင်နေတဲ့အပေါ်မှာ အခြေအနေမှန်ကို နားလည်အောင်ရှင်းပြခြင်းက အရေးကြီးတဲ့ စိန်ခေါ်မှု ဖြစ်မယ်လို့ထင်တယ်။”

ဦးသိန်းစိန်အစိုးရလက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့် အတန်အသင့်ရှိလာခဲ့ပေမဲ့လို့ သတင်းရေးသားဖော်ပြမှုတွေနဲ့ပတ်သက်လို့ တရားစွဲဆိုမှုတွေ သတင်းသမားတွေ ထောင်ကျခဲ့ရမှု သတင်းသမားတွေရဲ့သတင်းရယူချိန် လုံခြုံရေး အသက်အန္တရာယ် ထိခိုက်ခဲ့ရတာတွေအတွက် သတင်းသမားတွေနဲ့ အစိုးရကြား တင်းမာမှုတွေဖြစ်ခဲ့တာပါ။ လက်ရှိ အစိုးရသစ် ပြန်ကြားရေးဝန်ကြီးအသစ် ဦးဖေမြင့်လက်ထက်မှာတော့ သတင်းမီဒီယာလောကကလာတဲ့ အရပ်သားဝန်ကြီးဖြစ်တဲ့အတွက် သတင်းစာနယ်ဇင်းလောက ပိုပြီးတော့မှ ပွင့်လင်းမြင်သာမှုရှိလာနိုင်ဖို့ သတင်းသမားတွေက မျှော်လင့်ထားတာပါ။ သမဂ္ဂသတင်းဂျာနယ်က သတင်းထောက်ချုပ် မရွှေမှုန်က အခုလိုပြောပါတယ်။

“ဒီပြန်ကြားရေးဌာနမှာ တပ်ဘက်က ကြီးပဲ တက်လာကြတာလေ။ ဒါက ပထမဦးဆုံး ကျမတို့ သတင်းမီဒီယာတွေအနေနဲ့ရော ၊ ဘာပဲပြောပြော ဦးဖေမြင့်က တက်လာတဲ့အခါကျတော့ သတင်းမီဒီယာလောကက အခြေခံအမြင်တွေ ဒီ Rights တွေကို နားလည်မယ်ထင်တယ်ပေါ့နော်။ တပ်ဘက်က လာတဲ့ လူထက်စာလို့ရှိရင်တော့ ကျမတို့ မီဒီယာ လောကအတွက်တော့ အများကြီးအဆင်ပြေမယ်လို့ ထင်တယ်။ ဒါပေမယ့် တစ်ခုရှိတာက ပွင့်လင်းမြင်သာမှုရှိဖို့တော့ လိုအပ်တယ်ပေါ့။ ဥပမာ ဒီ ၂၀၁၄ ကနေပြီးတော့ တောက်လျှောက် အဖမ်းခံရတာတွေ သတင်းနဲ့ ပတ်သက်လာလို့ရှိရင် လွတ်လပ်ခွင့်မှာMedia Rights ကို ထိပါးလာတာတွေ ဒါတွေက တောက်လျှောက် အများကြီးဖြစ်လာခဲ့တယ်ဆိုတော့ပေါ့။ ဒီဖြစ်လာခဲ့တဲ့ ဖြစ်စဉ် Back ground ကို သတင်းမီဒီယာ လောကသားဖြစ်တဲ့ ဒေါက်တာဖေမြင့် က သိပြီးသားလေ။ ဒါကြောင့်မို့လို့ ဒါတွေအပေါ်မှာ ခြုံငုံ သုံးသပ်မှု ပြန်ပြီးတော့ လုပ်နိုင်တယ်လို့ထင်တယ်။ နောက်ပြီးတော့ ထုတ်ပြန်တဲ့နေရာမှာပေါ့နော်။ အရင်က ပွင့်လင်းမြင်သာမှု မရှိတဲ့ ကိစ္စတွေအတွက်ကို ဒါတွေကို ဖြေပေးနိုင်မယ်၊ ထုတ်ပြန်ပေးနိုင်မယ်လို့တော့ကျမတို့အနေနဲ့ မြင်တယ်။ စာနယ်ဇင်း ကောင်စီ အရင်တုန်းက မလှုပ်တဲ့ ကိစ္စတွေကို ပြန်လည်အသက်သွင်းလာနိုင်မယ်လို့တော့ ထင်တယ်။”

နိုင်ငံပိုင်သတင်းမီဒီယာတွေကို ဒီ့ထက်ပိုပြီး အရည်အသွေးမြင့်ဖို့ ပြန်ကြားရေးဝန်ကြီးအသစ် ဦးဖေမြင့်အနေနဲ့ ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း လက်ရှိပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ယုံကြည်တယ်လို့ဆိုပါတယ်။ ပြန်ကြားရေးဝန်ကြီးသစ်ဦးဖေမြင့်ဘက်ကလည်း ပြန်ကြားရေးဝန်ကြီးဌာနကို အရင်ကရှိခဲ့တဲ့ အစိုးရရဲ့ ဝါဒဖြန့်ချိရေးပုံစံမျိုး မဟုတ်ဘဲ အများပြည်သူ ရဲ့ အသံတွေ၊ အများပြည်သူရဲ့ လိုလားချက်တွေကို ဖော်ပြနိုင်တဲ့၊ လူထုနဲ့ အပြန် အလှန် ပေါင်းကူး ဖလှယ်တဲ့ လူထု အကျိုးပြု ဌာနတခု ဖြစ်အောင် ပြင်ဆင် ပြောင်းလဲသွားမယ်လို့ ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

XS
SM
MD
LG