သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားလုံးမပါနိုင်တဲ့ ငြိမ်းချမ်းရေး ညီလာခံ အပေါ် ဝေဖန်မှုတွေရှိ


ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၂၂ အနက်က ၉ ဖွဲ့သာ တက်ရောက်လာတဲ့အပေါ် ပြီးပြည့်စုံမှုမရှိဘူးလို့ ဝေဖန်တာတွေ ရှိနေပါတယ်။


ဒီလို မတက်ရောက်တဲ့အပေါ် နိုင်ငံရေး သုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ပြည်ပနိုင်ငံ တခုခုရဲ့ စွက်ဖက်မှုရှိနေသလားဆို သုံးသပ်ပါတယ်။ ဒီသတင်းကို ညီလာခံကို တက်ရောက်သတင်းယူနေတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ တနိုင်ငံလုံး ပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ အကြား ၁၇ လ ကျော်ကြာ ဆွေးနွေးသဘောတူ လက်မှတ်ရေးထိုး တဲ့နောက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဒီလို NCA စာချုပ်ဖြစ်ပေါ်လာရေးအတွက် ဆွေးနွေးရာမှာ လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့လောက် ကိုယ်စားပြုပါဝင်ခဲ့ပေမဲ့ ညီလာခံကျင်းပရာမှာတော့ လက်မှတ်ရေးထိုးတဲ့ အဖွဲ့ ၈ ဖွဲ့နဲ့ လက်မှတ်မထိုးသေးတဲ့ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K တို့သာ ပါဝင်ခဲ့ပါတယ်။

လက်မှတ်မရေးထိုးထားတဲ့အဖွဲ့ ၁၀ဖွဲ့လောက်ကို ဖိတ်ကြားထားပေမဲ့ တက်ရောက် လာတာ မရှိပါဘူး။ဒီလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစု မပါဝင်တာကတော့ အစိုးရဖက်က ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေကိုသာ NCA မှာ ပါဝင် လက်မှတ်ထိုး ဖိတ်ခေါ်ခဲ့တာနဲ့ တိုင်းရင်းသားတွေဖက်က အဖွဲ့အားလုံးပါဝင်မှ လက်မှတ်ထိုးမယ် ဆိုတဲ့ သဘောထားတွေ ရှိနေတာကြောင့်ဆိုပြီး သတင်းထုတ်ပြန်တာတွေ ရှိခဲ့ပါတယ်။

နိုင်ငံရေးသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းကတော့ ဒီထက် ကျယ်ပြန့်တဲ့အခြေအနေတရပ်နဲ့ ဆက်စပ်နိုင်ကြောင်း အခုလို သုံးသပ်ပါတယ်။

“အဖွဲ့အားလုံးပါမလာတာ ၂ မျိုးဖြစ်နိုင်တယ်။ ပထမအချက်ကတော့ လက်ရှိအစိုးရကို credit မပေးချင်လို့ဖြစ်မယ်။ လက်ရှိအစိုးရကို credit မပေးချင်လို့ နောင်အစိုးရလက်ထက်မှာ ပါချင်ပါမယ်။ ဒါတမျိုးပေါ့ နောက်တခုကတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတခုရဲ့ စွက်ဖက်မှုလည်း ဖြစ်ချင်ဖြစ်မယ်။ အခုပွင့်ပွင့်လင်းလင်းပြောရင် ထိုင်းနယ်စပ်မှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေအားလုံးနဲ့ ok သွားတယ်။ ဒါပေမယ့် တရုတ်နယ်စပ်မှာရှိတဲ့တော်တော်များများနဲ့ မ အိုကေ သေးဘူး။ အဲတော့ ဒါက အမေရိကန်နဲ့ တရုတ်ရဲ့ Great Power ယှဉ်ပြိုင်မှုနဲ့ ဆက်စပ်နေလိမ့်မယ်ထင်တယ်။ အဲတော့ ဒီကိစ္စဟာ ပြည်တွင်းကိစ္စ သပ်သပ်မဟုတ်တော့ဘူး၊ နိုင်ငံတကာနဲ့ ဆက်စပ် ဖြေရှင်းရမယ့် ပြဿနာ ဖြစ်လာတယ်။ ပိုပြီးတော့ ရှုပ်ထွေးတာပေါ့ဗျာ။”

ဒီ အခြေခံအချက်တွေအပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ရေးနဲ့ ပတ်သက်ပြီး ဆရာကျော်ဝင်းက သူ့အမြင်ကို အခုလို ဆက်ပြောပါတယ်။

“အဲတော့ ဘယ်တော့အဖြေပေါ်မလဲဆိုတော့ နောင်အစိုးရပြောင်းပြီးရင်တော့ အဖြေပေါ်မယ်။ နောင်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကောင်းကောင်းခေါ်လို့ ကျန်တဲ့အဖွဲ့အစည်းတွေပါလာပြီဆိုရင်တော့ ဒါပြဿနာ သိပ်မရှိဘူး။ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံတခုရဲ့ ပယောဂ ကြောင့်ဆိုလို့ရှိရင်တော့ နဲနဲပြဿနာရှိနိုင်တယ်ပေါ့လေ။ ကျနော်တို့ တော်တော်ကြိုးစားပြီးဖြေရှင်းရဦးမယ့် သဘောရှိမှာပေါ့။”

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အာရှရေးရာအထူးသံတမန် မစ္စတာ ဆွန်ကော်ရှန် (Sun Guo Xiang) ကတော့ တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကို အခုလို ပြောပါတယ်။

“တကယ်တော့ပြောမယ်ဆိုရင် တရုတ်ဘက်ကတော့ အမြဲတမ်းလေ စဉ်ဆက်မပျက် သူတို့ကို ပါဝင်ဖို့အတွက် တိုက်တွန်းနေပါတယ်။ တရုတ်ဘက်ကတော့ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းကောင်းနိုင်ငံ၊ မိတ်ဆွေကောင်းနိုင်ငံ အနေနဲ့လည်း ဆက်လက်ပြီးတော့ အကူအညီပေးဖို့ ကြိုးစားသွားမယ်။ ဒီမြန်မာနိုင်ငံမှာ အမြန်ဆုံးငြိမ်းချမ်းရေးရရှိဖို့အတွက် ကျနော်တို့ မျှော်လင့်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ NCA စာချုပ်ကို အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးဟာ မလွဲမသွေ ဆောင်ရွက်ရမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ မှာ ပြောဆိုခဲ့ပါတယ်။

“တနိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေးစာချုပ်ဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ပထမအစ ခြေလှမ်းဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် မလွှဲမသွေ ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများအချင်းချင်းကြားမှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း စိတ်မကွဲကြဖို့ အရေးကြီးပါတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကတော့ လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေအပေါ် သံသယမရှိကြောင်းနဲ့ လက်မှတ် ရေးထိုးရေးအတွက် တံခါးဖွင့်ထားကြောင်း ညီလာခံမှာ ပြောဆိုထားပါတယ်။

လောလောဆည် ကျင်းပနေတဲ့ညီလာခံမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာရေးကို ဆွေးနွေးမှာ မဟုတ်ဘဲ NCA လက်မှတ်ရေးထိုးရေးနဲ့ ညီလာခံကို ပါဝင်ရေးအတွက်ကို ငြိမ်းချမ်းရေး ဆွေးနွေးရေးဆိုင်ရာအဖွဲ့တွေက ဆက်လက်ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။ ငြိမ်းချမ်းရေးညီလာခံ မကျင်းပမီ ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG