သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းလက်နက်ကိုင် ၁၀ ဖွဲ့ကို ငြိမ်းချမ်းရေးညီလာခံတက်ဖို့ ဖိတ်မည်


NCA (photo: MOI)
NCA (photo: MOI)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို အင်္ဂါနေ့က ကျင်းပခဲ့ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ပါဝင်လက်မှတ်မထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ကို ဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အနည်းဆုံး ၅ ရက် ကျင်းပဖို့ကိုလည်း ဆုံးဖြတ်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို အင်္ဂါနေ့ မနက် ၉ နာရီခွဲကနေ ညနေ ၅ နာရီလောက်အထိ ကျင်းပခဲ့ပြီး UPDJC ရဲ့ ဒုဥက္ကဌ အဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပဒိုကွယ်ထူးဝင်းနဲ့ ဦးသုေ၀ တို့ ပါဝင်တက်ရောက်ခဲ့သလို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ဦးသိန်းဇော်လည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ NCA ကို ပါဝင်လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားပြီး လက်မှတ်မရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ အပါအဝင် ၁၀ ဖွဲ့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

“ဒီဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရှိတယ်။ အဲဒါအပြင်ကို ကျန်တဲ့ ၃ ဖွဲ့နဲ့ စုစုပေါင်း ၁၀ ဖွဲ့ကို အယောက် ၅၀ ထက် မပိုတဲ့ အထူးဖိတ်ကြားထားသူများအနေနဲ့ တက်ရောက်ဖို့ ဆိုတာကိုလည်း ဆုံးဖြတ်ပြီးတော့ အဲဒါကိုလည်း ဒုတိယဥက္ကဌ ၃ ဦးဖြစ်တဲ့ ဦးအောင်မင်း၊ စောကွယ်ထူးဝင်းနဲ့ ဦးသုေ၀ တို့ လက်မှတ်ထိုးပြီး ဖိတ်မယ်ဆိုတာကိုလည်း ဆုံးဖြတ်ချက်ထဲမှာ ပါပါတယ်ခင်ဗျ။”

ဒီလ ၆ ရက်နေ့လောက်မှာ ဖိတ်ကြားဖို့ ရှိနေပါတယ်။ ဒီလို ဖိတ်ကြားရာမှာ အထူးဧည့်သည်တွေအနေနဲ့ ညီလာခံမှာ ပါဝင်ဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့် ရှိ မရှိ ဆိုတာမျိုး အပါအဝင် အသေးစိတ် အချက်တွေကို ဒီလ ၉ ရက်နေ့မှာ ကျင်းပမယ့် UPDJC ခေါင်းဆောင်များ အစည်းအဝေးက ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ NCA ကို လက်မှတ်ရေးထိုးရာမှ မပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ အတွင်းရေးမှူး ၂ ဦးထွန်းဇော်ကတော့ သူတို့ဘက်က ရပ်တည်ချက်ကို အခုလို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ကျနော်တို့ ယေဘုယျသဘောထားပဲ ပြောနိုင်မယ်။ ယေဘုယျ အားဖြင့်ဆိုရင် လေ့လာသူအနေနဲ့ ဖိတ်ခေါ်လာမယ်ဆိုရင်ပေါ့နော် တဖွဲ့ချင်းစီအနေနဲ့တော့ တက်ရောက်နိုင်မယ့် အနေအထားတော့ မရှိဘူး။ ကျနော်တို့ကတော့ အားလုံး ပါဝင်နိုင်မှု ရှိရေးကိုပဲ ဆက်လက် ကြိုးပမ်းမယ်ဆိုတဲ့ သဘောထား ကျနော်တို့ ရှိပါတယ်ခင်ဗျ။ အဲဒီသဘောထားက UNFC တခုလုံးကို ထင်ဟပ်ပါတယ်။”

ဖိတ်စာရရှိပြီးနောက်မှသာ ဆွေးနွေးဆုံးဖြတ်ပြီး တရားဝင်တုံ့ပြန်ဖို့ရှိကြောင်းလည်း သူက ပြောပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ဦးသိန်းဇော် ခေါင်းဆောင်တဲ့အဖွဲ့ဟာ NCA လက်မှတ်မထိုးထားတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ NDAA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အထူးဧည့်သည်အဖြစ် ညီလာခံ တက်ရောက်ဖို့အတွက် ဖိတ်ကြားခဲ့ပါတယ်။ ဒီဖိတ်ကြားမှုအပေါ်မှာတော့ ဝတပ်ဖွဲ့ဘက်က သဘောထားကို အဖွဲ့ရဲ့ ပြည်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက အခုလို ပြောပါတယ်။

“ဖိတ်တယ်။ ဒါပေမဲ့ ကျနော်တို့ စဉ်းစားတာ မသွားဘူးနော်။”

ဘာကြောင့်မတက်ရောက်သလဲ ဆိုတာကိုတော့ ဖြေကြားတာ မရှိပါဘူး။ မိုင်းလားအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်ကလည်း သူတို့အဖွဲ့အနေနဲ့ ညီလာခံတက်ရောက်မှာ မဟုတ်ကြောင်း ပြောပါတယ်။

“ကျနော်တို့က ဗဟိုကော်မတီ အစည်းအဝေးတော့ လုပ်ပြီးပြီ။ သဘောအရဆိုရင်လည်း ကျနော်တို့ သွားချင်တဲ့ စိတ်က ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ် အခု ဦးအောင်မင်းနဲ့ ပဒိုစောကွယ်ထူးဝင်းတို့ လုပ်ထားတဲ့ ပုံစံဟာ ကျနော်တို့နဲ့ အခြေအနေ မကိုက်ညီဘူး။ မကိုက်ညီဘူးဆိုတော့ ကျနော်တို့ဟာ လောလောဆယ်ဟာ လက်ခံနိုင်တဲ့အနေအထား မရှိတဲ့အတွက် ခဏလေး စောင့်ကြည့်မယ်။”

ဒီလ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကိုတော့ အစိုးရနဲ့ လွှတ်တော်က ကိုယ်စားလှယ် ၁၅၀၊ တပ်မတော်က ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၅၀၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၁၅၀၊ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၅၀ နဲ့ တိုင်းရင်းသားကိုယ်စားလှယ် ၅၀ တို့ကို ဖိတ်ကြားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG