သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA ဌာနမှူးရဲ့ သမ္မတ မဲရလဒ်အပေါ် သုံးသပ်ချက်


Myanmar President
Myanmar President

နိုင်ငံတော်သမ္မတသစ်ကို ပြည်ထောင်စုလွှတ်တော်တွင်း ဒီကနေ့ မဲခွဲရွေးချယ်ကြတဲ့နေရာမှာ၊ ရရှိတဲ့ မဲအခြေအနေအရဆိုရင် အာဏာရ NLD ပါတီ အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအဝင် အရေးကြီးတဲ့အပြောင်းအလဲတွေလုပ်နိုင်ဖို့ လွှတ်တော်တွင်း ကြိုးပမ်းတဲ့အခါ အခက်အခဲတွေ ရှိနေနိုင်သေးတယ်လို့ ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက ပြောပါတယ်။ ဘာကြောင့်ပါလဲ။ နေပြည်တော်ရောက်နေတဲ့ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

“ကိုသားညွန့်ဦး။ ။ ဦးသန်းလွင်ထွန်း ခင်ဗျာ အခုနေပြည်တော်မှာလည်း ရောက်နေပြီဆိုတော့ ဒီကနေ့ သမ္မတကို မဲပေးရွေးချယ်ကြတဲ့ကိစ္စပေါ့ မဲရလဒ်တွေနဲ့ပတ်သက်လို့ ထူးထူးခြားခြားဘာတွေများ သတိထားမိသလဲခင်ဗျ။

ဦးသန်းလွင်ထွန်း။ ။အဓိကတော့ လူတိုင်းလူတိုင်းအနေနဲ့ကတော့ အခု နှစ်ပေါင်း ၅၀ အတွင်းမှာ ဒါ အရပ်သားစစ်စစ် သမ္မတကို ရွေးလိုက်နိုင်တယ်ဆိုတာကို ဝမ်းသာကြတာပေါ့နော်။ ဒါပေမယ့် ကျနော့်အနေနဲ့ ပြည်ကြည့်တဲ့အခါကျတော့ ဒီလိုမဲပေးတဲ့နေရာမှာ ဘယ်ဘက်က မဲပေးတယ်ဆိုတဲ့အခြေအနေလေးတွေက သေချာစဉ်းစားကြည့်လိုက်လို့ရှိရင် စိုးရိမ်စရာအလားအလာလေးတွေ တွေ့ရတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဘယ်လိုအခြေအနေမျိုးလဲ ခင်ဗျ။

ဦးသန်းလွင်ထွန်း။ ။အခု စုစုပေါင်း ဒီကနေ့ဆိုရင်ပဲ လွှတ်တော်ထဲမှာ မဲပေးနိုင်တဲ့ လူဦးရေက ၆၅၂ ဦးပေါ့နော် ။ အဲဒီအထဲမှာ တပ်မတော်သားတွေက ၁၆၆ ဦးပဲရှိပါတယ်။ အဲဒီတော့ မနေ့က အတည်ပြုထားတဲ့ ဒုတိယသမ္မတ ၃ ဦးကို မဲရေကြတဲ့အခါမှာ ဦးထင်ကျော်က ၃၆၀၊ နောက်ပြီးတော့ ချင်းအမျိုးသားဖြစ်တဲ့ ဦးဟန်နရီက ၇၉ အဲဒီတော့ သူတို့ ၂ ဦး စုစုပေါင်းလိုက်ရင် ၄၃၉ ဦးပဲရတယ်။ အဲဒီတော့ ဒီ ၄၃၉ ဦးဆိုတာက သေချာပြန်တွက်ကြည့်လိုက်တဲ့အခါကျတော့ မဲပေးနိုင်သူ စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းတောင်မပြည့်ဘူးခင်ဗျ။ ဒီပုံစံအတိုင်း ပြန်တွက်မယ်ဆိုလို့ရှိရင်တဖက်က စစ်တပ်က တင်လိုက်တဲ့ ဒုတိယ သမ္မတကို ထောက်ခံလိုက်တယ်ဆိုတာက စစ်တပ် ၁၆၆ ဦးအပြင် ၊ တခြား၄၇ ဦးကပါ ဝိုင်းပြီးတော့ ထောက်ခံပေးနေတယ်ဆိုတာကို တွေ့နေရတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လွှတ်တော်ထဲမှာ ဝင်ပြီးတော့ အစိုးရအဖွဲ့တွေ တာဝန်ယူပြီးတော့ သူတို့ဆောင်ရွက်ရတဲ့ အဓိက အကြောင်းအရင်း တချက်ကတော့ ဘာလဲဆိုတော့ အခြေခံ ဥပဒေထဲမှာပါဝင်နေတဲ့ အရေးကြီးအချက်တွေကို ပြုပြင်နိုင်ရေးပဲ။ ဒီလို အခြေခံ ဥပဒေထဲမှာပါဝင်နေတဲ့ အရေးကြီးအချက်တွေကို ပြုပြင်နိုင်ဖို့ဆိုရင် တချို့အရေးကြီးတဲ့အချက်တွေဟာ လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းထက်ကျော်တဲ့မဲကိုရမှ ပြုပြင်နိုင်မယ့်အနေအထားမျိုးဆိုတော့ နောက်ပိုင်းမှာတော့ လွှတ်တော်ထဲမှာ တကယ်လို့ ဒီလို ၇၅ ရာခိုင်နှုန်းကျော်ရဖို့ဆိုတာက အတော်လေးကို စဉ်းရုံးလုံးပမ်းရမယ့်အနေအထားမျိုး ဆိုတာကို ကျနော်မြင်နေရပါတယ်ခင်ဗျာ။

ကိုသားညွန့်ဦး။ ။ ခုနက ဦးသန်းလွှင်ထွန်းပြောသွားတဲ့အထဲမှာ ၄၇ မဲ ဦး မြင့်ဆွေက ပိုရတယ်ဆိုတဲ့သဘောက တခြားပါတီငယ်တွေရဲ့ မဲကိုပါ ရတဲ့သဘောလား။

ဦးသန်းလွင်ထွန်း။ ။အကြမ်းဖျင်းပြောရမယ်ဆိုရင်တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အမတ်က ၄၂ ဦးလောက်ပဲ ဖြစ်မယ်လို့ ကျနော်ထင်တယ်လေ။ ဆိုတော့ အနည်းဆုံးတော့ တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေ ၊ တသီးပုဂ္ဂလတွေဘက်က ၅ မဲ လောက်ပိုရသွားတယ်ဆိုတာမျိုးဖြစ်နိုင်ပါတယ်။ ဒါ့အပြင်ကို ဒီနေ့မဲလာမပေးပဲနဲ့ ပျက်ကွက်ထားတဲ့ သူတွေ တသီးပုဂ္ဂလတွေထဲက ကြည့်မယ်ဆိုရင်လဲ တဖက်က ကြံ့ခိုင်ဖွံ့ဖြိုးရေးဘက်ကပဲ များနေတာတွေ့တယ်လေ။

ကိုသားညွန့်ဦး။ ။ နောက်တချက်ကတော့ လူတွေပြောနေတဲ့ကိစ္စ ဒုတိယသမ္မတတွေရဲ့လုပ်ပိုင်ခွင့်ကိစ္စ အခု ဒုတိယသမ္မတ ၂ ယောက်ဖြစ်သွားတော့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ကွဲကွဲပြားပြားဘာတွေများရှိပါသလဲ။

ဦးသန်းလွင်ထွန်း။ ။အခုလောလောဆယ်ကြေညာချက်အရဆိုရင်တော့ ဒီနေ့ နောက်ဆုံးအကြိမ်အထိ ကြေညာချက်အရဆိုရင်လည်း ဒုတိယမ္မတ ၁၊ ဒု-သမ္မတ ၂ ဆိုပြီးတော့ ခွဲခွဲခြားခြား ကြေညာသွားတာ မတွေ့ရပါဘူး။ ဒုတိယ သမ္မတတွေအဖြစ်ပဲ ရွေးချယ်သွားတယ်လို့ သူပြောပါတယ်။ ဒါပေမယ့်လည်း မဲအရေအတွက်များတဲ့သူက ဒုတိယမ္မတ ၁ ဖြစ်ပြီးတော့ မဲအရေအတွက် နည်းတဲ့လူက ဒုတိယမ္မတ ၂ ဖြစ်တယ်ဆိုတာကတော့ ထုံးတမ်းအစဉ်အလာပေါ့။ သူတို့ရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေနဲ့ ပတ်သက်လို့ရှိရင်လည်း အထူးသဖြင့် နိုင်ငံတော်ရဲ့ ပိုပြီးတော့ အရေးကြီးတဲ့ စီးပွားရေး စီမံကိန်းတွေ ၊ စီမံကိန်းလုပ်ငန်းဆိုင်ရာ ကိစ္စမျိုးတွေ ဒီလိုကိစ္စမျိုးတွေမှာ ဒုတိယသမ္မတ က ပိုပြီးကိုင်ရတာ များပါတယ်။ ကျန်တဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စမျိုးတွေမှာလည်း ကိုင်ရတာရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ကွဲကွဲပြားပြားမသိနိုင်တဲ့အချက်က ဒါဟာ အစိုးရအဖွဲ့ထဲမှာ သူ့နည်းသူ့ဟန်နဲ့ ပြန်ပြီးတော့ စဉ်းစားဆုံးဖြတ်ပြီးတော့ ခွဲဝေပေးလာနိုင်တဲ့ သဘောလည်းရှိပါတယ်။ သေချာတာတခုကတော့ တကယ်လို့ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်နေတဲ့သူက ဥပမာအားဖြင့် နိုင်ငံရပ်ခြားခရီးသွားသည်ပဲဖြစ်စေ၊ တစုံတရာကြောင့် တာဝန်မထမ်းဆောင်နိုင်ပဲ ဖြစ်စေ ၊ ဒုတိယ သမ္မတ ၁ ကနေပြီးတော့ ယာယီတာဝန်ယူပေးရမယ် ဆိုတာကတော့ နိုင်ငံတကာ ထုံးစံ၊ မြန်မာ ထုံးစံလည်း ဖြစ်မယ်လို့ ယူဆရပါတယ်။”

XS
SM
MD
LG