သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံရမှု နိုင်ငံတကာ ဥပဒေချိုးဖောက်


တိုက်ပွဲပြင်းထန်နေတဲ့ လောက်ကိုင်မြို့က စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးတဲ့ ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ဒါဟာ နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖောက်ရာကျပြီး မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပြောဆိုလိုက်ပါတယ်။

ဒီတိုက်ခိုက်ခံရမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြန်မာသတင်းသမားတဦးကတော့ အရပ်သားတွေကို တိုက်ခိုက်တာဟာ လူမဆန်တဲ့ လုပ်ရပ်အဖြစ် ရှုတ်ချလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့သီတင်းပတ်က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာက ဒေသခံ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေဟာ စစ်ရှောင်ဒုက္ခသည် ၃ ထောင်လောက်ကို အကူအညီပေးနေတာ ဖြစ်ပါတယ်။

ဒီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်ကတော့ လောက်ကိုင်က စစ်ရှောင်ဒုက္ခသည် ၁၀၀ လောက်ကို မော်တော်ယာဉ် ၇ စီးနဲ့ သယ်ဆောင်လာချိန်မှာ ချင်းရွှေဟော်နဲ့ ၉ မိုင်အကွာမှာ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ကွမ်းလုံမြို့က ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးမိုးကျော်ဟာ ဝမ်းဗိုက်မှာ ဒဏ်ရာရခဲ့သလို ဦးဇော်မင်းထိုက်ကတော့ မျက်စေ့မှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒီလို ကြက်ခြေနီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်လှက အခုလို ပြောဆိုပါတယ်။

“Geneva Convention အရ ပဋိပက္ခဖြစ်တဲ့ အချိန်မှာ၊ ကျနော်တို့ အရပ်ဖက်ပေါ့နော် အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်ပိုင်ခွင့် မရှိပါဘူး။ နောက်တချက်က ကျနော်တို့ International Humanitarian Law ဆိုတာရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေဆိုတာ ရှိပါတယ်။ အဲဒီဥပဒေအရလည်း ဒီလိုလုပ်ခွင့်မရှိပါဘူး။ ဒီလိုပစ်ခတ် တိုက်ခိုက်ခြင်းအားဖြင့် Geneva Convention နဲ့ IHL ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ကျနော်တို့မြင်ပါတယ်။ ဒါမျိုးက မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စ ဖြစ်ပါတယ်။”

တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကြက်ခြေနီ စေတနာ လုပ်အားရှင်တွေဟာ ကြက်ခြေနီ အမှတ်အသားကို ထင်ထင်ရှားရှား ဝတ်ဆင်ထားကြောင်းနဲ့ တိုက်ခိုက်တာနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိကြောင်း မသိရသေးပေမဲ့ အခင်းဖြစ်ပွားရာနေရာဟာ မြန်မာ့တပ်မတော် စစ်ကြောင်း အနီးအနားမှာ မဟုတ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားပြီးတဲ့နောက်မှာ ဒဏ်ရာရသူတွေကို ကွမ်းလုံမြို့နယ်ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ပါတယ်။ လောလောဆယ် ဒဏ်ရာရသူတွေရဲ့ အခြေအနေကို ကွမ်းလုံပြည်သူ့ရဲစခန်းက တာဝန်ကျအရာရှိက အခုလို ပြောပါတယ်။

“မနေ့ကတော့ ကြက်ခြေနီတပ်ဖွဲ့ဝင် ၂ ယောက်ကိုမှန်တော့၊ ၂ ယောက်စလုံးကတော့ ခွဲစိတ်ကုသပြီးတော့ မစိုးရိမ်ရပါဘူးခင်ဗျ။ ကွမ်းလုံဆေးရုံမှာပဲ ကုသနေတာခင်ဗျ။ ဒီနေ့အခြေအနေ သွားကြည့်ကြတော့ မစိုးရိမ်ရပါဘူးခင်ဗျ။ မနေ့ကတော့ ခွဲစိတ်ခန်းဝင်တော့ ဒီနေ့ကတော့ ပုလင်းကြီး ဘာညာတော့ ချိတ်ပေး၊ သွေးသွင်းဘာညာတော့ လုပ်ထားကြတာပေါ့ခင်ဗျ။”

စစ်ရှောင်ဒုက္ခသည်တွေကိုတော့ မနေ့က ကွမ်းလုံမြို့မှာ ကူညီစောင့်ရှောက်ထားပြီး ဒီကနေ့ လားရှိုးကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ပြောပါတယ်။ ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်တဲ့ လက်သည်တရားခံကိုတော့ ကွမ်းလုံရဲစခန်းက အခုလို သုံးသပ်ပြောဆိုပါတယ်။

“ကိုးကန့်အဖွဲ့ကနေပြီးတော့ ရှေ့တည့်တည့်ကနေ ဝင်တယ်။ အဲ့ဒီမှာ ကားပေါ်မှာပါလာတဲ့ ရှေ့ဆောင်အဖွဲ့တွေကလည်း မြင်တယ်ခင်ဗျ။ အဲ့ဒီမှာ ကားသမားတွေကလည်း သေတာမဟုတ်တော့လေ မြင်တယ်ခင်ဗျ အဲ့ဒါကို။ ကိုးကန့်အဖွဲ့က ရှေ့တည့်တည့်ကနေ ပစ်တာပေါ့။ ရှေ့တည့်တည့်ကနေပစ်တော့ ကားမောင်းတဲ့သူကဆိုရင် မှန်ကကွဲပြီးတော့ မှန်စက မျက်လုံးကို လာမှန်သွားတာ။ ဟိုတယောက်ကတော့ ဗိုက်မှာမှန်တာပေါ့။”

ကိုးကန့်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်MNDAA ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းကတော့ သူတို့တပ်ဖွဲ့က ပစ်ခတ်တာမဟုတ်ကြောင်း ငြင်းဆိုပါတယ်။

“လောက်ကိုင်မြို့ရဲ့ နောက်ဘက်ပတ်ဝန်းကျင်ရယ်၊ နောက်ပြီးတော့ ချင်းရွှေဟော် ဆိုတဲ့မြို့နဲ့ကြားက မြန်မာ့တပ်မတော် ထိန်းချုပ်ထားတဲ့ နယ်မြေပါခင်ဗျ။ သူတို့ထိန်းချုပ်တဲ့ နယ်မြေဆိုတော့ ကျနော်တို့တပ်က အဲဒီမှာ ပစ်ဖို့မပြောနဲ့ ကပ်ဖို့တောင် မလွယ်ပါဘူး။ အဲဒီတော့ ဒီကြက်ခြေနီ ယာဉ်တန်းက ကျနော်တို့ သွားပစ်ခတ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူးခင်ဗျ။ ကျနော် ငြင်းလည်းငြင်းပါတယ်ခင်ဗျ။ MNDAA အနေနဲ့က ကျနော်တို့ Military Target စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကလွဲလို့ ကျနော်တို့ ဘယ်နေရာမှ မပစ်ရပါဘူးခင်ဗျ။ ကျနော်တို့ တင်းကျပ်စွာ သတ်မှတ်ထားပါတယ်ခင်ဗျ။”

ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံရချိန်မှာ ပစ်ခတ်ခံရတဲ့ ကားလမ်းပေါ်မှာ အစိုးရတပ်က စစ်ကြောင်းတွေလည်း တိုက်ခိုက်ခံနေရတာကြောင့် ပစ်ခတ်တဲ့အဖွဲ့ဟာ ကိုးကန့်တပ်ဖွဲ့က ဖြစ်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ တိုက်ခိုက်ခံရစဉ်မှာ ယာဉ်တန်းနဲ့အတူ လိုက်ပါလာတဲ့ EPA သတင်းဌာနက ဓာတ်ပုံသတင်းထောက် ကိုလင်းဘိုဘိုကတော့ အရပ်သားတွေကို ပစ်ခတ်တဲ့အပေါ်မှာ အခုလို ပြောပါတယ်။

“ဒါကတော့ ဘယ်လိုမှ လူမဆန်ဘူးလို့ ထင်တယ်ဗျာ။ သူ့ဟာသူ ဘယ်လိုခံယူချက်နဲ့ပဲ ဘာကိစ္စနဲ့ပဲ တိုက်တိုက်ပေါ့နော် ဒီစစ်ဘေးရှောင်တွေကို အကုန်လုံးကို ကယ်ထုတ်နေတာတွေ အကုန်လုံးက အရပ်သားတွေချည်းပဲ။ အဲ့ဒီယာဉ်တန်းပေါ်မှာ ဘာမှလည်းပါတာမဟုတ်ဘူး။ တကယ်လို့မှ စစ်ကားတွေနဲ့အတူတူ သွားလာလို့ပစ်တယ်ဆိုရင်တော့ ဒါ ဟို မှားယွင်းပစ်ခတ်တာမျိုးပေါ့နော်။ ဒီလိုပြောလို့ရတယ်။ အခုက ကြက်ခြေနီအလံလည်း ထောင်ထားတယ်။ ဒါ တော်တော်ကို လူမဆန်တဲ့လုပ်ရပ်လို့ပဲ ကျနော် ထင်တယ်ခင်ဗျ။”

ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ မနေ့မနက်ခင်းကအထိ တိုက်ခိုက်တာတွေ ရှိနေခဲ့ပေမဲ့ ဒီကနေ့ တိုက်ပွဲအခြေအနေကိုတော့ အတိအကျ မသိရသေးဘူးလို့ ကွမ်းလုံရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။

ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေဟာ အခုဆိုရင် ၁၁ ရက်ကြာမြင့်လာခဲ့ပြီး အစိုးရတပ်ဘက် အရာရှိ ၅ ဦး၊ စစ်သည် ၄၂ ဦးကျဆုံးကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့ဘက်က သေဆုံးသူ ၃၀ ခန့်ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသလို အရပ်သားတွေ သေဆုံးတာလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လောလောဆယ်မှာတော့ လောက်ကိုင်မြို့ကို သွားရောက် အလုပ်လုပ်ကိုင်သူ ၂၀၀၀ ကျော်ဟာ မြန်မာပြည်အလယ်ပိုင်း ဒေသဘက် နဲ့ ကိုးကန့်ဒေသက လူ ၃ သောင်းလောက်ဟာ တရုတ်ပြည်ဘက်နဲ့ တိမ်းရှောင်ထွက်ပြေးနေကြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ ညမထွက်ရအမိန် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ လောက်ကိုင်မြို့ကို အရေးပေါ် အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG