သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်ခြေနီယာဉ် ဒုတိယအကြိမ် အတိုက်ခိုက်ခံရ


မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဓာတ်ပုံ-မင်းနေထူး-ဖဘ)
မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဓာတ်ပုံ-မင်းနေထူး-ဖဘ)

ဒီလ ၉ ရက်နေ့ကတည်းကနေ အခုအချိန်ထိ စစ်မီးမငြိမ်းသေးတဲ့ မြန်မာ့တပ်မတော်နဲ့ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင် တပ်တို့ကြား တိုက်ပွဲတွေအတွင်း ကြက်ခြေနီအလံလွှင့်ထူထားတဲ့ ကယ်ဆယ်ရေးယာဉ် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေ ၊ သတင်းထောက်တွေအပါအဝင် လူ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ မနေ့တုန်းက ကြက်ခြေနီယာဉ် တိုကခိုက်ခံရတဲ့ နေရာကတော့ လောင်ထန်နဲ့ ချင်းရွှေဟော်ကြား၊ ချင်းရွှေဟော်နဲ့ ၃ မိုင် အကွာ၊ ကွမ်းလုံမြို့နဲ့ ၁၆ မိုင် အကွာမှာ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) ရဲ့ လူမှု ဂရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြား ဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူ း ဒေါ်ရွှေစင်မြင့်ကို ဆက်သွယ်မေးမြန်းတာမှာတော့ အခုလို စပြီး ဖြေကြားခဲ့ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့၊ မနေ့က ကြက်ခြေနီအလံလွှင့်ထားတဲ့ယာဉ်ပေါ့နော်၊ အဲဒီပေါ်မှာ ကြက်ခြေနီတဦး ပါပါတယ်။ နောက် သတင်းထောက် ငါးဦးပါပါတယ်။ နောက်ပြီးတော့ ကြံခုတ်အလုပ်သမားပေါ့နော်၊ အဲဒီမှာရှိတဲ့ အရပ်သားပေါ့၊ (၆) ဦးလောက်နဲ့ ကျမတို့ယာဉ်မောင်း တစ်ယောက်ပါပါတယ်။ အားလုံး (၁၃) ဦးပါတဲ့ယာဉ်ပေါ့။ ..အဲဒါ လောက်ကိုင်နားမှာ အပစ်ခံရပါတယ်။

မေး။ ။ ထိခိုက်မှုရော၊ ဘယ်သူတွေ ထိခိုက်ခဲ့ပါလဲ။

ဖြေ။ ။ အဲဒီမှာတော့ ကျမတို့ဘက်က ကြက်ခြေနီ စေတနာလုပ်အားရှင်ပေါ့နော်၊ ဦးကျော်ဇောထွေးရယ်၊ သတင်းထောက်တဦးရယ်၊ နောက် ကားပေါ်မှာပါလာတဲ့အရပ်သား သုံးဦးရယ် ထိခိုက်ပါတယ်။ ကျမတို့ ကြက်ခြေနီစေတနာလုပ်အားရှင်နဲ့သတင်းထောက်ကတော့ လက်မောင်းတွေမှာ ထိသွားပါတယ်။ ကျန်တဲ့အရပ်သားတွေကတော့ ဝမ်းဗိုက်မှာတယောက်၊ လက်မောင်းမှာတယောက်နဲ့ နောက်ဆုံးတယောက်ကတော့ ဖူးယောင်တဲ့ဒဏ်ရာပဲရတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။

မေး။ ။ တော်တော်စိုးရိမ်ရတဲ့အနေအထားရော ရှိပါလား။

ဖြေ။ ။ အဲဒါနဲ့ပတ်သက်လို့ ကျမတို့လည်း သတင်းကိုတော့ စောင့်နေတုန်းပါပဲ။ လားရှိုးကဆရာဝန်နှစ်ဦးကတော့ ကွမ်လုံမှာရှိတဲ့ ဆေးရုံအုပ်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီဖို့ အဲဒီနေ့မှာပဲ ကွမ်လုံဆေးရုံကို လိုက်သွားပါတယ်။ ကိုးနာရီခွဲလောက်မှ သူတို့ ကွမ်လုံ ဆေးရုံကိုရောက်တယ်ဆိုတော့ တညလုံးပေါ့နော်- အော်ပရေးရှင်းလုပ်ရတယ်လို့တော့ ကြားပါတယ်။ အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။

မေး။ ။ အခုဟာက သီတင်းတပတ်အတွင်းမှာ ဒုတိယအကြိမ်အတိုက်ခိုက်ခံရတာနော်၊ ကြက်ခြေနီကားကို အပစ်ခံရတာဆိုတော့ ဒီအပေါ်မှာရော တိုက်ပွဲဖြစ်နေတဲ့ နှစ်ဘက်တပ်တွေကို မရွှေစင်တို့ဘက်က ဘာများပြောချင်ပါလဲ၊ ဘယ်လိုဖြစ်စေချင်ပါလဲ။

ဖြေ။ ။ ကျမတို့အသင်းအနေနဲ့ကတော့ Humanitarian Organization ဖြစ်တဲ့အတွက် ကျမတို့လုပ်တဲ့လုပ်ငန်းတွေမှာ၊ ကျမတို့လုပ်ငန်းတွေ အပေါ်မှာရော ကျမတို့ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့လူတွေအပေါ်မှာရော အကာအကွယ်ပေးစေချင်တယ်။ security ရှိစေချင်တယ်။ လေးစားစေချင်တယ်ပေါ့နော်၊ ဒါမှလည်း ကျမတို့က အသက်ကယ်တဲ့လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလက်နက်ကိုင် အဖွဲ့အစည်း ဘယ်ဘက်က ပစ်တယ်ဆိုတာရယ်၊ နောက်တခါ ဘယ်သူပစ်တယ်ဆိုတာရယ် ကျမတို့က သေချာမသိဘူးပေါ့နော်၊ ဒီအပေါ်မှာလည်း humanitarian Organization ပြစ်တင်ပြောဆိုခြင်းတစုံတရာတော့ မရှိပါဘူး။

မေး။ ။ အဲဒီတော့ ဒီလိုမျိုး ကြက်ခြေနီယာဉ်တန်းကို အပစ်ခံရတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာရော ထိခိုက်မှုရှိပါသလားရှင့်။

ဖြေ။ ။ Conflict စဖြစ်တဲ့ (၉) ရက်နေ့ကစပြီးတော့မှ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်တွေ၊ ဗော်လန်တီယာတွေပေါ့နော် - သူတို့အနေနဲ့ကတော့ သူတို့ရဲ့အသိစိတ်ဓာတ်နဲ့ ဒုက္ခသည်တွေကို လောက်ကိုင်ကနေ ကွမ်လုံ၊ ကွမ်လုံကနေ လားရှိုးပေါ့- ပို့ပေးနေတာဖြစ်ပါတယ်။ သူတို့ကတော့- ဗော်လန်တီယာတွေရဲ့သဘောထားကိုမေးကြည့်တော့ သူတို့အနေနဲ့ကတော့ ဆက်လက် လုပ်ဆောင်မယ်လို့ ပြောပါတယ်။ တဦးတယောက်ချင်းရဲ့ခံယူချက်နဲ့ သူတို့ရဲ့စေတနာစိတ်ထားပေါ့၊ အဲဒီအပေါ်မှာတော့ ကျမတို့က လေးစား တန်ဖိုးထားပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ ညွှန်ကြားရေးမှူးတဦးဖြစ်သူ ဒေါ်ရွှေစင်မြင့်ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်ရှင်။ အခုလို သီတင်း တပတ်အတွင်းမှာ ကြက်ခြေနီအသင်းရဲ့ယာဉ်တန်း ဒုတိယအကြိမ် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာ့ တပ်မတော်ဘက်ကရော၊ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ဘက်ကပါ သူတို့ လက်ချက်မဟုတ်ဘူးဆိုပြီး ငြင်းဆိုထားပါတယ်ရှင်။

XS
SM
MD
LG