သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပ ဆန်တင်ပို့မှု ပြန်စတော့မည်


ဆန် အရည်အသွေးကို စစ်ဆေးနေပုံ
ဆန် အရည်အသွေးကို စစ်ဆေးနေပုံ

မြန်မာ့ကုန်သွယ်ရေး လိုငွေပြမှုက အမေရိကန် ဒေါ်လာ သန်း ၂ ထောင်လောက် ကွာဟနေချိန်မှာဘဲ နိုင်ငံတဝန်း ရေဘေးကြောင့် စားနပ်ရိက္ခာ ဖူလုံရေး ရည်ရွယ်ချက်နဲ့ ခေတ္တ ဆိုင်းငံ့ထားတဲ့ ဆန်ပြည်ပ တင်ပို့မှုကို ဒီသတင်းပတ်တွေ အတွင်း ပြန်လည်တင်ပို့တော့မှာဖြစ်ပါတယ်။ ဆန် ပြည်ပတင်ပို့မယ့် အရေးကြောင့် ပြည်တွင်း ဆန်ဈေးတက်မယ့် အပေါ် စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း စပါးစိုက်တောင်သူတွေ အတွက် စပါးဈေးကောင်းရစေဖို့ကလည်း အရေးကြီးတယ်ဆိုပြီး မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတဝန်း တိုင်းနဲ့ ပြည်နယ် ၁၂ ခုကလူပေါင်း ၁ သန်းခွဲကျော်တို့ ရေဘေးတွေ့ခဲ့ကြတဲ့ အခြေအနေကြောင့် ခေတ္တ ဆိုင်းငံ့ထားရတဲ့ ဆန် ပြည်ပ တင်ပို့မှုတွေကို အခု စက်တင်ဘာလလယ်မှာ ပြန်လည်တင်ပို့မယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“စက်တင်ဘာလ ၁၅ ရက်နေ့တို့ဘာတို့ ပြန်ပြီးတော့ ပို့ခွင့်ပြုထားပါတယ်ဆိုရင် စည်းစားကြည့်တော့ ကျနော်တို့အနေနဲ့တောင်သူလယ်သမားတွေက မကြာခင်မှာဘဲ ဒီစပါးတွေထွက်လာတော့မှာပေါ့။ မိုးစပါးက အောက်တိုဘာလဆန်းဆိုရင် ထွက်လာဖို့ရှိပါတယ်။ အဲ့အခါကျရင် မိုးစပါးကျနော်တို့အနေနဲ့ စိုက်ပြီးသား ၁၄ သန်းကျော်ကနေထွက်လာမှာပေါ့လေ။ အဲဒီကျရင်ဘာဖြစ်လဲဆိုရင် ခုနက လယ်သမားတွေအနေနဲ့ စပါးဈေးနှုန်းကျသွားတယ်ဆိုရင် ကျနော်တို့အနေနဲ့ သူတို့အတွက် အများကြီးထိခိုက်နစ်နာမယ်။ သူတို့အတွင်းအားစုတွေ အနေနဲ့က ဈေးတက် လာမှာပေါ့နော်။ အခုဆိုရင် ဒေါ်လာဈေးတက်တာမို့လို့ ဓါတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ၊နောက် လယ်ယာသုံးပစ္စည်းတွေ နောက်တခါ ဒီဇယ်ဆီ အစသဖြင့် ဈေးတက်လာတာကြောင့်မို့လို့ စပါးဈေးသာ ဆက်ကြမယ်ဆိုရင် လယ်သမားတွေအတွက် အများကြီးထိခိုက်နိုင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ နဲနဲလေးတင်ပို့ဖို့အတွက် ခွင့်ပြုထားတာပေါ့နော်။”

တချိန်တည်းမှာဘဲ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ် အတွင်း သြဂုတ်လ လကုန်အထိ ကုန်သွယ်ရေး လိုငွေပြမှုက အမေရိကန် ဒေါ်လာ သန်း ၂ ထောင်ကျော် ကွာဟနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စာရင်းဇယားတွေ ထုတ်ပြန်ထားပါတယ်။ အခု ဘဏ္ဍာရေးနှစ် သြဂုတ်လကုန် အထိ ပို့ကုန် အမေရိကန် ဒေါ်လာ သန်း ၄၅၀၀ ကျော်တင်ပို့ထားနိုင်ပြီး သွင်းကုန်ပမာဏကတော့ အမေရိကန် ဒေါ်လာ သန်း ၆၆၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း ကြုံတွေ့ခဲ့ရတဲ့ ရေဘေးကြောင့်လည်း ဆန်ပြည်ပတင်ပို့မှု လျော့ကျသွားဖွယ် ရှိတယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဋ္ဌက ပြောပါတယ်။

“ကျနော်တို့က မနှစ်ကတော့ ၁.၃ သန်း တင်ပို့နိုင်ပြီးတော့ ဒီနှစ်မှာတော့ နှစ်သန်းနီးပါး ပို့နိုင်မယ် မှန်းတာပေါ့နော်။ အခုကတော့ ကျနော်တို့မြင်တာတော့ ၁ သန်း ကနေ ၁ သန်းခွဲကြားလောက်ပေါ့နော်။ အဲလောက်ဘဲ တင်ပို့နိုင်မယ်ထင်ပါတယ်။ ဒါဖြင့် ၁ သန်းကျော်လောက် တင်ပို့နိုင်ဖို့အတွက် မှန်းပါတယ်။ ဒီကုန်ဈေးနှုန်းတက်တယ်ဆိုပါတော့ ဆန်ဈေး တစ်ခုတည်း တက်တာတော့ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့ ဧပြီလကနေပြီးတော့ အခုဒီ ရှစ်လပိုင်းကုန်တဲ့အထိ လေးလလောက်အတွင်းမှာ လက်ရှိ Inflation rate က ၃၀ ကနေ ၄၀ ရာခိုင်နှုန်းလောက်ဖြစ်တာ။ အဲဒီအချိန်မှာ ကျနော်တို့ ဆန်ဈေးဆိုရင်တော့ အဲ့လောက်တက်တာမရှိဘူးပေါ့နော်။ ၄၀ ရာခိုင်နှုန်းလောက် တက်တာမရှိဘူးပေါ့နော်။ ကျနော်တို့က ဆန်ဈေးတခုဘဲ ကျအောင်လုပ်မယ် စပါးဈေးကိုဘဲ ကျအောင်လုပ်မယ်ဆိုရင် ကျနော်တို့ရဲ့ ဆင်းရဲပါတယ်ဆိုတဲ့ လယ်သမားတွေအတွက် ပိုပြီးတော့မှ အကျပ်အတည်းတွေ့မယ်လို့မြင်တာပေါ့နော်။”

ရေဘေးကြောင့် စပါးစိုက်ဧက သိန်းနဲ့ချီ ပျက်ဆီးခဲ့ရတာကြောင့် အခု ဆန် ပြည်ပတင်ပို့မှုကြောင့် ဆန်ဈေးတက်မယ့် အပေါ် စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။ ဒါပေမယ့် နောက်လပိုင်း မိုးစပါး ထွက်တော့မယ့် အချိန်မှာ ထွက်ရှိလာတဲ့ စပါးကို ဝယ်ယူသိုလှောင်ဖို့ အတွက် လက်ကျန် ဆန်တွေကို မဖြစ်မနေတင်ပို့ဖို့ လိုတယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“ကျနော်တို့က အခုက Export စဖွင့်တဲ့အချိန်မှာ ရက်ပိုင်း ဆယ့်လေး၊ငါးရက်အတွင်း မှာဘဲ ဆန်ဈေးတက်လာနိုင်မလားဆိုပြီး စိုးရိန်မှုတွေကို ကျနော်တို့က ဒါအဆင်ပြေအောင်ဆိုပြီးတော့မှ တဖက်က cover လုပ်ထားတယ်ဆိုရင် ခုနက လက်ကားပစ္စည်း အရောင်းအဝယ်တွေကို ဆက်လက်ဖွင့်ထားမယ်။ ကျနော်တို့မှာရှိတဲ့ ဒီသက်မှတ်တဲ့ အသင်းဝင်တွေ ရေဘေးအလှူအတွက် လှူဒန်းမယ့် လူတွေအတွက်ကို အထူးအစီအစဉ်နဲ့ရောင်းချတာမျိုးတွေ ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်။”

ဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့ နှစ်က ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ဒီနှစ် ဆန်ဈေးနှုန်း တက်နေပေမယ့်လည်း ငွေကြေးဖောင်းပွမှု နှုန်းကြောင့် ဒါက ရှိသင့်တဲ့ နှုန်းထားဖြစ်တယ်လို့လည်း ဆန်စပါး အသင်းချုပ်က ထောက်ပြပါတယ်။

ဒါပေမယ့် လာမယ့် အောက်တိုဘာ လဆန်းမှာ တနိုင်ငံလုံးက စပါးစိုက်ဧက ၁၄ သန်းတို့ကနေ မိုးစပါး စတင်ထွက်ရှိလာမှာ ဖြစ်တဲ့ အပြင် ရေဘေး အကူအညီအတွက် အထူးဆန်အရောင်းဆိုင်တွေ ဆက်ပြီး ထားရှိမှာမို့ ရိက္ခာ လုံလောက်မှုနဲ့ ဆန်ဈေး မတန်တဆ တက်မယ့် အခြေအနေကို ဆက်ပြီး ထိန်းထားနိုင်မယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြောပါတယ်။

XS
SM
MD
LG