သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးသီး၊ လေပြင်း၊ ရာသီဥတုဆိုးအခြေအနေနဲ့ သတိထားဖွယ်ရာများ


မိုးသီးများ မန္တလေးမြို့တွင်ကြွေနေစဉ် (MOI)
မိုးသီးများ မန္တလေးမြို့တွင်ကြွေနေစဉ် (MOI)

အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝှမ်း အထူးသဖြင့် မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းချိန် မကြုံစဖူး မိုးသီးတွေကြွေကျပြီး လေပြင်းတိုက်ခတ်မှုတွေ မိုးကြိုးပစ်တာတွေကြောင့် လူနဲ့ တိရစ္ဆာန်သေဆုံးတဲ့အထိ ဖြစ်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ မိုးလေဝသနောက်ဆုံးရသတင်းတွေကို အဆက်မပြတ်နားထောင်ကြဖို့နဲ့ မိုးသက်လေပြင်းကျရောက်ချိန် ရှောင်ကျဉ် လိုက်နာရမယ့် သတိပေး ပညာပေးအချက်တွေကို အထူးသတိထားဆောင်ရွက်ကြဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့ ပြည်သူလူထုအတွက်လည်း လိုအပ်ချက်တွေကို အရေးပေါ်ကူညီကယ်ဆယ်ပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန ဝန်ကြီးက ပြောပါတယ်။

သဘာဝဘေးအန္တရာယ် ကျရောက်စဉ် ပြည်သူလူထု ဆောင်သင့်၊ ရှောင်သင့်တဲ့အချက်တွေနဲ့ပတ်သက်လို့ လူမူဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို VOA မြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

ဒေါက်တာ ဝင်းမြတ်အေး
ဒေါက်တာ ဝင်းမြတ်အေး

ဒေါက်တာ ဝင်းမြတ်အေး။ ။ “ဥပမာအားဖြင့် ပဲခူးတိုင်းဆို မိုးကြိုးအရမ်းပစ်တာ ဖြစ်တယ်။ ရာနဲ့ချီပြီးတော့ သေကြတယ်။ ဒါကြောင့်မို့လို့ မိုးကြိုးနဲ့ပတ်သက်တဲ့အန္တရာယ်တွေ မြန်မာ့အသံက ကြေညာတယ်။ ကျန်တဲ့ မီဒီယာကလည်း လွှင့်ထားတာရှိတယ်။ လွင်ထီးခေါင်တွေကို မိုးသက်လေပြင်းကျရောက်တဲ့အချိန် ဒါမှမဟုတ် လျှပ်စီးလက်တဲ့အချိန်တွေမှာ သတိထားပြီးတော့သွားဖို့ ဘယ်လိုနေထိုင်ဖို့ဆိုတာတွေကို ကျနော်တို့ပြောထားတာရှိတယ်။ နောက်တခါ မိုဘိုင်းဖုန်းတွေကို သုံးကြတယ်။ ရပ်ရွာကျေးရွာတွေအထိ မိုဘိုင်းဖုန်းတွေရှိတယ်။ မိုးထစ်ချုန်းတဲ့အချိန်၊ လျှပ်စီးလက်တဲ့အချိန်မှာ မိုဘိုင်းဖုန်းကိုသုံးရင်းနဲ့ သေဆုံးသွားတာရှိတယ်။ ဒါမျိုးတွေမဖြစ်ရအောင်ကျနော်တို့ အဲဒီအချိန်တွေမှာ သတိထားပြီးတော့ ဒီပစ္စည်းတွေကိုသုံးဖို့ ဒါတွေလည်း လတ်တလော ကျနော်တို့ ပညာပေးနေတဲ့အပိုင်းတွေရှိတာပေါ့။ အခုမိုးသီးတွေကြွေတယ်ပေါ့နော်၊ နေရာကွက်ပြီးတော့ မိုးကြီးတယ်။ အဲဒီတော့ မိုးသီးတွေကြွေတဲ့ဒဏ်က ဘာလဲဆိုတော့ တိရစ္ဆာန်တွေလည်း မိုးသီးတွေကြွေရင်သေတယ်။ လူတွေအိမ်တွေမှာလည်းသတိထားရမယ်။ ဒါကြောင့်မို့လို့ မိုးသီးကြွေနိုင်တဲ့အခြေအနေရှိတယ်။ မိုးတွေလေတွေပြင်းထန်လာပြီ မိုးရွာလာပြီဆိုတာနဲ့ တိရစ္ဆာန်တွေကို အမိုးအကာနဲ့ လုံခြုံတဲ့နေရာမှာထားဖို့ သို့မဟုတ် တိုက်ရိုက်ပေါ့ မိုးသီးတွေမထိအောင်ထားဖို့ လိုတယ်။ နောက်တခါကျတော့ ရေစပ်နဲ့နီးတဲ့ ချောင်းတွေမြောင်းတွေ နီးတဲ့နေရာတွေမှာ လူတွေကဘာဖြစ်လဲဆိုတော့ ခရီးသွားရင်းနဲ့ နွားကျောင်းရင်းနဲ့ တိရစ္ဆာန်တွေကျောင်းရင်းနဲ့ မိုးသက်လေပြင်းကျလာလို့ရှိရင် ရေနဲ့ဝေးတဲ့နေရာတွေကိုသွားဖို့ ဒါတွေကျနော်တို့ သတိပေးထားတာတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ မကြာခင်က တနေ့ကပေါ့နော် အဲဒီမှာ မိုးသက်လေပြင်း ရုတ်တရက်ကျရောက်တယ်။ ကျရောက်ပြီးတော့ လေပြင်းတိုက်တယ်။ အဲဒီမှာ နွားကျောင်းတဲ့ကလေးတွေ၊ မြစ်ချောင်းနဲ့ နီးတဲ့ကလေးတွေက ရောပါပြီးတော့ သေဆုံးတာရှိတယ်ဆိုတော့ အဲဒါမျိုးလေးတွေကို ကျနော်တို့ သတိပေးတဲ့အချက်တွေရှိပါတယ်။ ဒါတွေကိုတော့ ကျနော်တို့ ဒီရက်အတွင်းမှာပြုလုပ်ထားပါတယ်။”

မဆုမွန်။ ။ ဟုတ်ကဲ့ပါဆရာ အခုလတ်တေ လာမိုးလေဝသရဲ့ အခြေအနေထူးခြားဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဆရာတို့ပြည်သူကို အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်နိုင်အောင်ရော ဘယ်လိုများ စီစဉ်ထားပါသလဲရှင့်။

ဒေါက်တာ ဝင်းမြတ်အေး။ ။ “ဒါက ကျနော်တို့က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဌာနအနေနဲ့ကတော့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်ကို confirm လုပ်တယ်။ confirm လုပ်တယ်ဆိုတာ ပြင်ပ မိုးလေဝသပညာရှင် ဦးထွန်းလွင် ဒါကိုလည်း အားကိုးတာရှိတယ်။ တခါတလေကျရင်လည်း အခြားပြင်ပပညာရှင်တွေက ဒီလိုမီဒီယာတွေမှာလည်း ရေးတာတွေရှိတယ်။ ထူးခြားတာတခုတွေ့ပြီဆိုတာနဲ့ ကျနော်တို့ ဒီသတင်းကို confirm ပြန်လုပ်တယ်။ confirm လုပ်တယ်ဆိုက မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကိုပြောတယ်။ ပြန်ကြည့်ပေးပါ ဒါကိုလုပ်ပေးပါ တကယ် ဘာဖြစ်နေတာလဲ ဆိုတာကို။ သူတို့ကလည်း သေချာကြည့်ပြီးတော့ ဖြစ်နိုင်တဲ့အခြေအနေကို ကျနော်တို့ကိုပြောတယ်။ ပြောရင် ကျနော်တို့က ပြည်သူကို တုန့်ပြန်တဲ့စနစ်ကို အခုကျနော်တို့ပြန်လုပ်နေတယ်။ ဒီရက်ပိုင်းပေါ့ အထူးသဖြင့် အဲဒီဟာကို ကျနော်တို့လုပ်နေတာရှိပါတယ်။ ကြိုတင်ကာကွယ်တဲ့ဟာကို နောက်ကျလို့မဖြစ်ဘူး၊ အလေးပေးဆောင်ရွက်ရမယ်။ အဲဒီအပိုင်းကိုသွားနေတယ်။”

မဆုမွန်။ ။ ဟုတ်ကဲ့ပါဆရာ အခုလက်ရှိ မိုးလေဝသဒဏ်ကြောင့်မို့လို့ ပျက်စီးသွားတဲ့လူတွေအတွက် ဆရာတို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေများ ကူညီဆောင်ရွက်ပေးနေပါသလဲဆရာ လက်တလောအခြေအနေမှာ။

ဒေါက်တာ ဝင်းမြတ်အေး။ ။ “လတ်တလောအခြေအနေမှာ ဒီလိုမျိုးဖြစ်ပြီဆိုရင် ကျနော်တို့က Rapid Response Team ဆိုတာ ကျနော်တို့ဖွဲထားတယ်။ ကျနော်တို့ တကယ်တမ်းဆိုရင် လူမှုဝန်ထမ်း ကယ်ဆယ် ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနအင်အားက တော်တော်နည်းတယ် ဝန်ထမ်းအင်အားနော်။ ဝန်ကြီးဌာန အပိုင် ဝန်ထမ်းအင်အားနည်းသေးတယ်၊ ဒါတွေလည်း ကျနော်တို့တိုးချဲ့မှာပါ။ နည်းသေးတဲ့အခါကျတော့ ပြည်နယ်နဲ့တိုင်းတွေမှာ လိုက်ဆောင်ရွက်နိုင်အောင်လို့ ကျနော်တို့ကဘာတွေချိတ်ဆက်ရသလဲဆိုတော့ လူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ရတယ်။ အခု ကျနော်တို့အားကိုးတာကတော့ မီးသတ်အဖွဲ့ပေါ့နော်၊ မီးသတ်အဖွဲ့နဲ့ ကျနော်တို့ပေါင်းတယ်။ နောက်ပြီး Youth volunteers ဆိုတဲ့ လူငယ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်တယ်။ လူမှုအဖွဲ့တွေနဲ့ဆောင်ရွက်တယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနပေါ့နော် ကြီးကျပ်တဲ့ လူတွေပေါ့နော်။ ကျနော်တို့ပြန်လည်ပြီးတော့ ပေါင်းစပ်တဲ့အခါကျတော့ ဒါကိုတုန့်ပြန်ဖို့အတွက် အဆင်သင့် ဖြစ်အောင် ကြိုးစားနေတယ်ပေါ့။ တချို့နေရာတွေမှာ တော်တော်လေးကို လှုပ်ရှားမှုတွေက မြန်နေပြီပေါ့။ ဒီနေ့ဆိုရင် ကျနော်တို့ အများကြီး သွပ်တွေကော၊ လူမှုအသုံးအဆောင်ပစ္စည်းတွေရော သွားဝေတာ အခုပဲပြန်ရောက်တာပေါ့နော်။ ဒါမျိုးတွေကို ကျနော်တို့တုန့်ပြန်တယ်။ ဒါ ပြည်သူ့ငွေ၊ ပြည်သူ့ပိုက်ဆံပဲလေ သူတို့အတွက် ပြန်သုံးရတာပေါ့နော်။ နဂိုလက်ရှိ ကျနော်တို့ဘက်ဂျက်နဲ့ ကျနော်တို့ တတ်နိုင်သလောက်ကို လုပ်တာပေါ့နော်။ကျနော်တို့ ဝန်ကြီးဌာနဘက်ဂျက်ကလည်း အလွန့်အလွန်ကိုနည်းတယ်။ ဘက်ဂျက် ဒါကိုလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ မြှင့်တင်သွားဖို့ကိုလည်း သက်ဆိုင်ရာအစိုးရအဖွဲ့အနေနဲ့ ကျနော်တို့ကို ကူညီမယ် ဆောက်ရွက်မယ်ဆိုတာ ကျနော်တို့မှာ ရှိနေပါတယ်။”

မဆုမွန်။ ။ ဝန်ကြီးအနေနဲ့ပေါ့နော် အများပြည်သူလူထုကို လက်ရှိထူးခြားဖြစ်စဉ် မိုးလေဝသ သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ဘာများသတင်းစကားပါးချင်ပါသလဲရှင်။

ဒေါက်တာ ဝင်းမြတ်အေး။ ။ “ပြည်သူလူထုကို သတင်းစကားပါးချင်တာကတော့ ပြည်သူလူထုက သတိရှိဖို့ လိုတာပေါ့နော်။ အသိနဲ့ သတိပေါ့။ တခါတလေကျလို့ရှိရင် အသိတော့ရှိတယ်၊ သတိလွတ်သွားတက်တယ်။ ဥပမာအားဖြင့် လျှပ်စီးလက်တယ်ဆိုရင် မိုးကြိုးပစ်နိုင်တယ် အဲဒီအသိရှိထားတယ်။ ဒါပေမယ့် သတိလွတ်ပြီး တော့ လွင်တီးခေါင်ထဲကိုသွားတယ်။ ထောင်ထောင်နဲ့သွားနေရင် မိုးကြိုးပစ်မှာ အဲဒါမျိုးတွေပေါ့။ အသိရှိသော် လည်း သတိရှိဖို့ပေါ့နော်။ ပြည်သူလူထုကိုမှာချင်တယ်။ အဲဒီအသိတွေရှိဖို့လည်း ထုတ်ပြန်နေတဲ့ မီဒီယာတွေ ကနေ ထုတ်ပြန်နေတယ်။ တကယ့်ကို ကိုးစားယုံကြည်ရတဲ့ ကျနော်တို့သတင်းဌာနတွေကနေ ထုတ်ပြန်နေတာ တွေကို ဂရုစိုက်ပြီးတော့ နားထောင်ပါ ။ အဲတော့ သတင်းလွှင့်တာတွေကို သေချာနားထောင်ပါ။ နားထောင်ရင် အသိအများကြီးရလာပါလိမ့်မယ်။ အသိရှိတဲ့အပြင်ကို သတိလည်းထားပါ။ သတိမလွတ်ပါစေနဲ့ပေါ့၊ ကျနော်က ဒီလိုမှာချင်တယ်။ နောက်တခုက ဖြစ်ပြီဆိုရင် အချင်းချင်းညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပြီးတော့ ဝန်ကြီးဌာနနဲ့ ဆောင်ရွက်ဖို့လိုတယ်။ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကော ကျနော်တို့ရဲ့ ဝန်ကြီးဌာနတွေရော ကျနော်တို့ ဆောင်ရွက်တာတွေကို ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ပြည်သူ့အစိုးရအသစ်ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့အတွက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့ကိုလည်းပူးပေါင်းပါဝင်မှ ပြည်သူပါဝင်မှ အောင်မြင်မှာလေ။ ကျနော်တို့လုပ်တဲ့ဟာတွေမှာ ပြည်သူကပါပြီးတော့ ပူးပေါင်းလိုက်လို့ရှိရင် ပိုပြီးတော့ ထိရောက် အဆင်ပြေသွားမယ်။ ပြည်သူကလည်း သတင်းပေးတာကအစ ပူးပေါင်းပါဝင်တာပဲလေ။ တခုထူးခြားတယ်ဆိုရင် ကျနော်တို့ကို ချက်ချင်းအကြောင်းကြားမယ်၊ Help Line တွေ ကျနော်တို့လုပ်ထား တယ်။ ဖုန်းနံပတ်တွေ ပေးထားတယ်။ ရေရှားရင်အကြောင်းကြားပါ၊ တခုခုဖြစ်ရင်လည်းအကြောင်းကြားပါ။ ကျနော်တို့မှာ ဒါမျိုးတွေ ဆောင်ရွက်တာတွေရှိပါတယ်။ အဲဒီတော့ ပြည်သူကိုပြောချင်တာကတော့ အသိလည်း ရှိအောင် သတိလည်းရှိအောင် ဆောင်ရွက်ကြပါလို့ပြောချင်ပါတယ်။”

ဒါကတော့ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင်း ထူးခြားဖြစ်စဉ်တွေဖြစ်ပေါ်နေတဲ့ မိုးလေဝသအခြေအနေတွေအပေါ်မှာ ပြည်သူလူထု လိုက်နာဆောင်ရွက်ရမယ့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးအချက်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG