သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲစောင့်ကြည့်ရေး လူငယ်အဖွဲ့တွေ လည်း ပါဝင်


၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်း မဲရေတွက်စဉ်။ (ဧပြီ ၁၊ ၂၀၁၂)
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်း မဲရေတွက်စဉ်။ (ဧပြီ ၁၊ ၂၀၁၂)

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိစေဖို့ အတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ အတော်များများ က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ ပြင်ဆင်နေကြတဲ့အထဲ လူငယ်အဖွဲ့အစည်းတွေ လည်း ပါဝင်လာနေပါတယ်။ လူငယ်တွေကြား ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာပေးမှု အားနည်းခဲ့ တာကြောင့် ရွေးကောက်ပွဲ စောင့်ကြည့်မှုတွေမှာ လူငယ်အများစုရဲ့ စိတ်ပါဝင်စားမှု ရဖို့ ခက်ခဲနေတုန်းပဲလို့ ဦးဆောင်ကြိုးပမ်းနေသူတချို့က ပြောပါတယ်။ လူငယ်တွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးမှာ ဘယ်လောက်ထိ ထိထိရောက်ရောက် ပါဝင်နိုင်မလဲ ဆိုတာကိုတော့ မခင်ဖြူထွေးက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ရန်ကုန်လူငယ်ကွန်ရက်
ရန်ကုန်လူငယ်ကွန်ရက်

တနိုင်ငံလုံးဆိုင်ရာ လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတစေဖို့အတွက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုတွေ လုပ်သွားဖို့ အမျိုးသားလူငယ်ကွန်ဂရက်က ကြိုးပမ်းနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်းက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေကို ရွေးကောက်ပွဲ အသိပညာဖြန့်ဝေတဲ့ လုပ်ငန်းတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်မှုတွေမှာ ပါဝင်လာအောင် အမျိုးသားကွန်ဂရက်အဖွဲ့ဝင်ဖြစ်တဲ့ ရန်ကုန်လူငယ်ကွန်ရက်က လတ်တလောမှာ လူငယ်စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်နေပြီး ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်မှုတွေ လုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်လူငယ်ကွန်ရက်က တာဝန်ခံတဦးဖြစ်တဲ့ မသဉ္ဖာရွှန်းလဲ့ရည် က ပြောပါတယ်။

"ကျမတို့ အဓိက လုပ်မယ့် Project က ရွေးကောက်ပွဲနေ့မှာ အဓိက လေ့လာဆန်းစစ်မှာဖြစ်တယ်။ ပြီးတော့ အဲဒီနေ့မှာ ကျမတို့လုပ်ဆောင်မှာတွေက မဲရုံလေ့လာစောင့်ကြည့်တာအပြင်ကို မဲပေးသူလူငယ်တွေကို သူတို့တွေအမြင်တွေဘာတွေရှိသလဲ၊ သူတို့ရဲ့ အတွေးတွေဘယ်လိုရှိသလဲ။ သူတို့ဘာကြောင့် လာပေးရတာလဲ စသဖြင့် ဒီလိုစစ်တမ်းမျိုးတွေလည်း ပူးပေါင်းပါဝင်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဒါလူငယ်ကို အခြေပြုပြီးတဲ့အတွက်ကြောင့် လုပ်တာမျိုးဖြစ်တယ်။ ကျမတို့ သင်တန်းတွေလည်း ပေးသွားဖို့ရှိတယ်။ နောက်ပါဝင်လာမယ့်လူငယ်တွေကိုလည်း နောက်ပိုင်းတွေမှာ ကျမတို့ အစီအစဉ် တွေ၊ လှုပ်ရှားမှုတွေမှာလည်း ဆက်လက်ပြီးတော့ ဖိတ်ခေါ်သွားမှာပေါ့နော်။

မေး။ အခုဒီ စေတနာ့ဝန်ထမ်းလာလုပ်မယ့်လူငယ်တွေရဲ့capacity အပိုင်းပေါ့နေ။ သူတို့တွေအနေနဲ့ ဘယ်လောက်အထိ ထိထိရောက်ရောက် စောင့်ကြည့်နိုင်တဲ့ အနေအထားဖြစ်အောင် သူတို့ရဲ့ စွမ်းရည်အနေအထားပိုင်းကို ဘယ်လိုမျိုးမြင့်တင်ပေးမှာလဲရှင့်။ တကယ်ကော သူတို့က ထိထိရောက်ရောက်စောင့်ကြည့်နိုင်တဲ့အနေအထားဖြစ်အောင်လာလို့ ဘယ်လိုလုပ်နိုင်မလဲ။

ဖြေ။ ။ ကျမတို့ NYC (National Youth Congress) က သင်တန်းတွေပေး သွားဖို့ရှိပါတယ်။ Yangon Youth Network ကွန်ယက်ကနေ ထွက်လာတဲ့ လူငယ်တွေကလည်း ဒီ NYC လုပ်တဲ့ သင်တန်းတွေမှာ သွားရောက်ပြီး တက်ရောက်မယ်။ ပြီးတော့ ဒီသင်တန်းတွေကနေပေးလာတဲ့ သင်တန်းပေါ့နော် Check list လိုမျိုး form တွေပေါ့နော်။ ဘယ်လိုအချက်အလက်တွေကို သတိထားစောင့်ကြည့်ရမလဲ။ ဘယ်လိုအချက်အလက်တွေကို သတိထားရမလဲ။ ဘာတွေမကျန်အောင် လုပ်ဆောင်ရမလဲ။ စသဖြင့် အသေးစိတ် အချက်အလက်တွေက သင်တန်းတွေမှာ အဓိက ပို့ချပေးမှာပါ။

မေး။ ။သင်တန်းပေးတဲ့သူတွေကရော ဘယ်သူတွေကလာပြီး သင်တန်းပေးမှာလဲ။

ဖြေ။ ။ အမှန်အတိုင်းပြောရင် ကျမတို့ NYC က ရရှိထားတဲ့ ဒီ Project ကို National Democratic Institute လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် ဒီရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်တဲ့ Project ကနေ ထောက်ပုံမှုတွေ ရရှိထားတာဖြစ်သလို နည်းပညာပိုင်းတွေလည်းအများကြီး နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေကနေ နည်းပညာပိုင်းအကူအညီတွေလည်း အများကြီးရထားပါတယ်။ ဆိုတော့ အဲဒါတွေနဲ့ ချိတ်ဆက်ပြီးတော့ မြန်မာနိုင်ငံရဲ့ အသင့်တော်ဆုံးအခြေအနေ လူငယ်တွေအတွက်ကို ရင်းနှီးကျွမ်းဝင်မှုအကောင်းဆုံးအခြေအနေ တွေကို ဖန်တီးပြီးတော့ လုပ်ရမယ်လို့လဲ မြင်ပါတယ်။ အဲ့လိုလုပ်ဖို့လည်း ပြည်တွင်းအခြေအနေကို အခြေခံပြီးတော့ နိုင်ငံတကာက နည်းပညာတွေနဲ့ ပေါင်းစပ်ပြီးတော့ အကောင်းဆုံးလူငယ်တွေပေါ့နော်၊ Data အချက်အလက်ကို တိတိကျကျနဲ့ ခိုင်ခိုင်မာမာ အချက်အလက်တွေကို မြန်မြန်ဆန်ဆန် နဲ့ နည်းစနစ်တွေအများကြီးသုံးသွားဖို့ရှိပါတယ်။

မေး။ ။ ရွေးကောက်ပွဲမှာ တရားဝင် စောင့်ကြည့်လေ့လာခွင့် ရဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီကနေ တရားဝင် ခွင့်ပြုချက် ရထားပါသလား။

ဖြေ။ ။ ကျမတို့ ရွေးကောက်ပွဲ ကော်မရှင်ဆီကနေ တရားဝင်စာပေါ့နော်၊ register စာရထားတယ်၊ အဲဒီစာကို အခြေခံပြီး ကိုယ်တိုင်တိုင်းဒေသအလိုက်မှာ လွတ်လပ်စွာနဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမှုရဖို့အတွက်ကို သေချာအောင်လုပ်ရပါတယ်။

မေး။ ။ အခုလက်ရှိ အခက်အခဲတွေရင်ဆိုင်နေရတာတွေကရော ဘာတွေရှိပါသလဲ။

ဖြေ။ ။ အခက်အခဲကတော့ လူငယ်တွေကြားထဲမှာ ဒီ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတယ်ဆိုတာကသူတို့ခေါင်းထဲမှာ အရေးတကြီးမခံစားနေရဘူးပေါ့နော်။ ပိုဆိုးတာက လူအားလုံးကို ခေါ်တာမဟုတ်ဘဲနဲ့ အသက်အရွက်ကန့်သက်ပြီးခေါ်တာဖြစ်တယ်။ ၃၅ နှစ်အောက်ကိုပဲ ကျမတို့ အဖွဲ့နဲ့ ပူးပေါင်းပြီးခေါ်တာဖြစ်တော့ ပိုပြီးတော့ ခက်ခဲတယ်ပေါ့နော်။ စာမေးပွဲတွေ ရှိကြတယ်။ တချို့လူငယ်တွေဆိုရင်လည်း သိပ်ပြီးတော့ စိတ်မဝင်စားကြဘူး။ အဲဒီနေ့တောင် မဲပေးဖို့ မသေချာတဲ့ လူငယ်တွေများတယ်လို့ ခံစားရတယ်။ ဆိုတော့ ဒါကို ကျမတို့လည်း အတက်နိုင်ဆုံး လူငယ်တွေကြားထဲမှာ သတင်းအချက်အလက် ဘာကြောင့်သူတို့က စောင့်ကြည့်လေ့လာဖို့ ပါဝင်သင့်သလဲ၊ ဘယ်လိုအခန်းကဏတွေမှာ ပါဝင်သင့်သလဲ ဆိုတာကို အမြဲ ပညာပေးဖို့ ကြိုးစားရတယ်ပေါ့နော်။ အရင်ဆုံး ပညာပေးတဲ့ အဆင့်ဆင့်ကို အရင်သွားရတဲ့ သဘောဖြစ်နေတယ်။ အဲဒါပြီးတော့မှ ကိုယ့် project တွေမှာ ပါဝင်ဖို့ပြောရတာ ဖြစ်နေတယ်။ အဲဒီအပိုင်းက နဲနဲခက်ခဲတယ်။ လူငယ်တွေရဖို့အတွက်လည်း အချိန်မှီ အများကြီး ကြိုးစားနေရပါတယ်လို့။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို အကဲစမ်းမယ့် နိုဝင်ဘာရွေးကောက်ပွဲကို အများက အနီးကပ် အာရုံစိုက် စောင့်ကြည့်နေတာပါ။ ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်ဖို့ ပြည်တွင်းအဖွဲ့အစည်းတွေ အတော်များများက ပြင်ဆင်နေကြတာ ရှိသလို၊ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေ အနေနဲ့ကတော့ အမေရိကန်အခြေစိုက် ကာတာစင်တာအဖွဲ့ကြီးနဲ့ ဥရောပသမဂ္ဂ နှစ်ဖွဲ့ကိုပဲ မြန်မာအစိုးရက တရားဝင်ဖိတ်ခေါ်ထားတာ ရှိပါတယ်။

XS
SM
MD
LG