သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ဆန် မီးလောင်မြေ ပြန်လည် တည်ဆောက်ရေး အကူအညီလို


 နမ့်ဆန်မြို့ မီးအရှိန်ပြင်းပြင်းနဲ့ အချိန်ကြာမြင့်စွာ မီးလောင်ကျွမ်းခဲ့ပြီးနောက် (သတင်းဓါတ်ပုံ- MOI)
နမ့်ဆန်မြို့ မီးအရှိန်ပြင်းပြင်းနဲ့ အချိန်ကြာမြင့်စွာ မီးလောင်ကျွမ်းခဲ့ပြီးနောက် (သတင်းဓါတ်ပုံ- MOI)

မီးအရှိန်ပြင်းပြင်းနဲ့ ဆိုးဆိုးရွားရွား အချိန်ကြာမြင့်စွာ မီးလောင်ကျွမ်းခဲ့တာကြောင့် တမြို့လုံးပြာကျသွားတဲ့အထိ မီးဘေးသင့်ခဲ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ ပြန်လည်တည်ဆောက်ရေးနဲ့ မီးဘေးသင့် နမ့်ဆန်မြို့သူမြို့သားတွေကို သူတို့ရဲ့နေရာတွေ မှာ နေရာပြန်လည် ချထားရေး စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ကပြောဆိုလိုက်ပါတယ်။ တောင်ပေါ်မြို့ဖြစ်တဲ့ နမ့်ဆန်မှာ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကြောင့် အခုလို မီးဘေးဆိုးဆိုးရွားရွား သင့်ခဲ့တဲ့အတွက် ပညာရှင်တွေနဲ့ စနစ်တကျ မြို့ပြပြန်လည်တည်ဆောက်ရေး ပြည်ထောင်စုအစိုးရဆီကို အကူအညီတောင်းခံ ထားတယ်လို့ သိရပါတယ်။ နိုင်ငံတဝှမ်းက ပြည်သူတွေကလည်း မီးဘေးသင့်ဒုက္ခသည်တွေ အတွက် ဝိုင်းဝန်းကူညီ လှူဒါန်းပေးကြပြီး မီးဘေးသင့်ကျောင်းသားတွေအတွက်လည်း ပညာဒါနလှူဖို့ စီစဉ်နေကြပါတယ်။ နမ့်ဆန်မီးဘေးသင့် နောက်ဆုံးရ အခြေအနေ မဆုမွန် စုစည်း တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၄)ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှာ မွန်းတည့် ၁၂နာရီကနေ နောက်တနေ့ ဖေဖော်ဝါရီလ ၅ရက်နေ့ မနက် လေးနာရီကျော်အထိ ၁၇နာရီကျော် အချိန်ကြာမြင့်စွာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပြီး မနက် ၈နာရီမှ မီးအပြီးသတ် ငြှိမ်းနိုင်ခဲ့တာကြောင့် အိမ်ခြေ ၂၀၀ကျော် ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၁၅၀၀လောက် မီးဘေးသင့်ပြီး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ နမ့်ဆန်မြို့သူမြို့သားတွေ အတွက် မီးဘေးကယ်ဆယ်ရေး စခန်းတွေမှာ စောင့်ရှောက်ထားရှိမှုအခြေအနေနဲ့ ပြန်လည်တည်ဆောက်ရေးပြင်ဆင်နေပြီဖြစ်တဲ့ နမ့်ဆန်မြို့ရဲ့ နောက်ဆုံးအခြေအနေကို ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကျော်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ အခု အမိုးအကာအောက်မှာ ဒီ ဒုက္ခသည်တွေ အကုန်လုံးရောက်သွားပြီ။ သူတို့ရဲ့ စားဝတ်နေရေးကိစ္စနဲ့ ကျန်းမာရေးကိစ္စလည်း ကျနော်တို့ဆောင်ရွက်ထားရှိပါပြီ။ မီးလောင်ပြင်မှာ မီးကြွင်း၊မီးကျန်အကုန်လုံး ငြိမ်းပြီးပြီ၊ သန့်ရှင်းရေးတွေ လုပ်ပြီးပြီဆိုရင် Town Plan အရ မူလနေရာမှာပဲ သူတို့ကို ပြန်ထားမယ်။ ဒါပေမယ့် အဲဒါလုပ်နိုင်ဖို့ ကျနော်တို့ ၂ လလောက်တော့ ကြာမယ် ထင်တယ်။ အဲလို ၂ လလောက်ကြာပြီးပြီဆိုရင် သူတို့ကို Town plan အရ နေရာချထားပြီးပြီဆိုရင် ဒီမှာ အလှူခံလို့ရတဲ့ ရသမျှငွေတွေကို ကျနော်တို့ အစိုးရ က ပြန်ခွဲဝေပေးဖို့ စီစဉ်ထားပါတယ်။စားနပ်ရိက္ခာက ၂ လစာအတွက်တော့ လုံလောက်ပါတယ်။ ဒါပေမယ့် ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ အိမ်ဆောက်ပစ္စည်းတွေပေါ့ အဲဒါတွေလိုအပ်ပါတယ်။”

နမ့်ဆန်မြို့ မီးဘေးသင့်ပြီးနောက် (သတင်းဓါတ်ပုံ- MOI)
နမ့်ဆန်မြို့ မီးဘေးသင့်ပြီးနောက် (သတင်းဓါတ်ပုံ- MOI)

တောင်ပေါ်မြို့ဖြစ်တဲ့ နမ့်ဆန်မြို့မှာ အခုလောက်ထိ အချိန်ကြာမြင့်စွာ မီးလောင်ကျွမ်းခဲ့ရတာဟာ တောင်တက် တောင်ဆင်းလမ်း ခရီးလမ်းပမ်း သွားလာရေး အခက်အခဲရှိခဲ့တာကြောင့်ဖြစ်တဲ့အတွက် မီးညွန့်ကျိုးအောင် မီးမငြိမ်းနိုင်ခဲ့လို့ အခုလို ဆိုးဆိုးရွားရွားဖြစ်ခဲ့တာကြောင့် ပြာကျခဲ့ရတဲ့အထိ ပျက်စီးခဲ့ရတဲ့ မြို့ကို ပညာရှင်တွေနဲ့ စနစ်တကျ ပြန်လည် တည်ဆောက်ရေး ပြည်ထောင်စု အစိုးရကို အကူညီတောင်းခံထားတယ်လို့လည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ လမ်းကျဉ်းတယ်ဗျာ။ လမ်း ၁ လမ်းပဲရှိတယ်။ ရေ လုံလုံလောက်လောက် မရှိဘူး။ အဲဒါကြောင့် အချိန်အကြာကြီးလောင်သွားတာ။ အပေါ်ပိုင်းကလည်း အောက်ပိုင်းကိုကူလို့မရ ၊ အောက်ပိုင်းကလည်း အပေါ်ပိုင်းကို ကူလို့မရ မီးသတ်ကားတွေဝင်လို့မရ အဲဒီလိုဖြစ်သွားလို့ ဒီလောက်ကြာသွားတာ ။ ကျနော်တို့ ပြည်ထာင်စုအစိုးရကို Town Plan ဆွဲပေးနိုင်တဲ့ ပညာရှင်တောင်း ထားပါတယ်။”

အခုဆိုရင် နမ့်ဆန်မြို့က မီးဘေးသင့်ပြည်သူတွေဆီကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် သွားရောက်ကြည့်ရှု့ပြီး လိုအပ်တာတွေ ကူညီပေးနေ သလို နိုင်ငံတဝှမ်း က ပြည်သူတွေဘက် ကလည်း ပြည်နယ်နဲ့ တိုင်း ဒေသကြီး အသီးသီးရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဦးစီးဌာနတို့မှ ဖွင့်လှစ်ထားသော ဦးစီးမှူးရုံးတွေကနေတဆင့် မီးဘေးကူညီနေကြသလို လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပရဟိတအလှူရှင်တွေကလည်း ဝိုင်းဝန်းလှူဒါန်းနေကြပါတယ်။ ဒီအထဲ မီးဘေးသင့်ပြည်သူတွေထဲက ကျောင်းသားတွေအတွက် ပညာဒါနပေးလှူလိုသူ ကတော့ ပြင်ဦးလွင်မြို့က Super One ပညာသင်ကျောင်းက ဆရာဦးညီညီဖြစ် ပါတယ်။

“အကုန်လုံးကတော့ မီးဘေးကယ်ဆယ်ရေးအတွက်သွားကြတယ်ပေါ့နော်။ ကျနော်က ကျောင်းဆရာဖြစ်တဲ့အပေါ်မှာ ကလေးတွေရဲ့အနေအထားလေးတွေကို ကြည့်လိုက်တဲ့အခါမှာ စာမေးပွဲဖြေဖို့က ၁ လပဲလိုတော့တာ၊ ၃ လပိုင်း ၉ ရက်နေ့ဖြေပြီဆိုတော့ ။ သူတို့မှာ စာကျက်ဖို့အခက်အခဲဖြစ်မယ်၊ နေရာ ထိုင်ခင်း အခက်အခဲဖြစ်မယ်ဆိုရင် ကျနော့်အနေနဲ့ အဲဒါလေးကို ဒါန ပြုချင်ပါတယ်ဆိုပြီးတော့ ကျနော့်ဆီကို လာချင်တဲ့ကလေးတွေရှိရင် ၊ ကျနော့်အနေနဲ့ အဲဒါကို အခမဲ့ ပညာဒါနလုပ်ပေးမယ်ပေါ့။”

နမ့်ဆန်မြို့ မီးဘေးသင့်ပြီးနောက် (သတင်းဓါတ်ပုံ- MOI)
နမ့်ဆန်မြို့ မီးဘေးသင့်ပြီးနောက် (သတင်းဓါတ်ပုံ- MOI)

အခုလို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထဲ မီးလောင်ကျွမ်းခဲ့ရတဲ့ အခြေအနေအပေါ် တအောင်းပလောင်တပ်ဘက်ကလည်း လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးဖို့အသင့်ရှိသလို ပလောင်ဒေသထဲ အဓိက အရေးကြီး လိုအပ်ချက်ဖြစ်တဲ့ လမ်းပမ်းဆက်သွယ်ရေးအခက်အခဲကို သက်ဆိုင်ရာ အုပ်ချုပ်သူတွေဘက်က ဆောင်ရွက်ပေးသင့်တယ်လို့ TNLA တအောင်း တပ်ပြောခွင့်ရ ဗိုလ်ကြီး တာပန်လှကပြောပါတယ်။

“အထူးသဖြင့် လမ်းပမ်းဆက်သွယ်ရေးက တော်တော်လေးခက်တဲ့ အနေအထားမျိုးမှာ ရှိတယ်။ ပြီးတော့တခါ မီးဘေးကြိုတင်ပြင်ဆင်မှု အပိုင်းမှာ တော်တော် အားနည်းတာလေးတွေလည်းရှိတယ်။ အဲဒါကြောင့်မို့လို့ မီးဘေးဖြစ်လိုက်တာနဲ့ အချိန်မှီ မီးမငြိမ်းနိုင်တာတွေဖြစ်လာတယ်။ ပြီးတော့ တခါ ဒီဘေးအနီးအနားရှိမြို့တွေကလည်း လာရောက်တာ၊ ကူညီတာ ဒီမီးသတ်ကားတွေပေါ့နော်၊ လာတာလည်း နောက်ကျတယ်ပေါ့လေ။ အပြန်အလှန် ဆက်သွယ်မှု၊ ကြိုတင်ပြင်ဆင်မှု အားနည်းတဲ့အခါကျတော့ မဆုံးရှုံးသင့်တဲ့ ဆုံးရှုံးမှုကြီးဖြစ်သွားတာပေါ့။”

နမ့်ဆန်မြို့မှာ အခုလို မီးဘေးသင့်နေချိန်မှာပဲ နမ့်ဆန်မြို့အနီး နမ့်ဆန်မြို့နယ်ထဲ တအောင်း ပလောင်တပ်နဲ့ အစိုးရတပ်၊ ရှမ်းပြည်တောင်ပိုင်း တပ်တို့ကြား တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပါတယ်။ အခုအချိန်အထိ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ဒေသတွင်း မတည်ငြိမ်ဖြစ်နေရတယ်လို့ ဗိုလ်ကြီး တာပန်လှကပြောပါတယ်။

နမ့်ဆန်မြို့မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ ငါးဆယ်လောက် ပျက်စီးဆုံးရှုံးခဲ့ရပါသေးတယ်။ အခုတကြိမ် ၂၀၁၆ ဖေဖော်ဝါရီ မီးလောင်ကျွမ်းမှုကတော့ အဆိုးရွားဆုံးမီးလောင်ကျွမ်းမှုဖြစ်ပြီး လူဦးရေ ထောင်ချီ ထိခိုက်နစ်နာခဲ့ရပါတယ်။ ဒေသက လာတဲ့သတင်းတွေအရတော့ မင်္ဂလာရပ်ကွက်နေ အိမ်တစ်အိမ်မှ မူးယစ်ဆေးသုံးစွဲ သူတစ်ဦးဆေးရှူရန် ဖယောင်း တိုင်မီးသုံးရာမှ ဖယောင်းတိုင်မီးလောင်ပြီး နေအိမ်ကို မီးစတင်လောင်ကျွမ်းရာက အခုလို မီးလောင်ရတာဖြစ်တယ်လို့ပြောဆိုနေကြပေမဲ့ အဓိက မီးလောင်ရသည့် အကြောင်းရင်းကို သိရှိနိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေပေမဲ့လို့ တိကျတဲ့သတင်း မသိရသေးဘူးလို့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG