သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ စောင့်ကြည့် ဖို့ မြန်မာ လူထုကို NDI တိုက်တွန်း


အမေရိကန်ပြည်ထောင်စု အခြေစိုက် National Democratic Institute NDI
အမေရိကန်ပြည်ထောင်စု အခြေစိုက် National Democratic Institute NDI

မြန်မာနိုင်ငံသားတွေသာ ဂရုတစိုက်နဲ့ လေးလေးနက်နက် အကဲခတ်စောင့်ကြည့်နေမယ် ဆိုရင် မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိစေဖို့ အခွင့်အလမ်းရှိ တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် National Democratic Institute NDI က ပြောဆိုလိုက်ပါတယ်။ လာမယ့်ရွေးကောက်ပွဲ ကို လေ့လာစောင့်ကြည့် မယ့် ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တွေကို ပံ့ပိုးသွားမယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

၂၀၁၀ ရွေးကောက်ပွဲထက် ပိုပြီး ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ တစ်ရပ်ဖြစ်လာဖို့အတွက် မြန်မာနိုင်ငံသားတွေဘက်ကလည်း ဂရုတစိုက် အကဲခတ်စောင့်ကြည့်ကြမယ်ဆိုရင် အခွင့်အရေးရှိသေးတယ်လို့ National Democratic Institute NDI မြန်မာဌာနေကိုယ်စားလှယ် Richard Nuccio က အခုလို ပြောဆိုလိုက်ပါတယ်။

"နိုင်ငံတကာ အဆင့်အတန်းမီရွေးကောက်ပွဲလို့ ပြောရင်တော့ အခုနောက်ပိုင်းမှာ စံနှုန်းအမျိုးမျိုးနဲ့ ထည့်သွင်းပြီး တိုင်းတာကြပါတယ်။ ပွင့်လင်းမြင်သာမှု၊ အားလုံး ပါဝင်မှု၊ ယုံကြည်စိတ်ချရမှု စတဲ့ စံနှုန်းတွေက လွတ်လပ်ပြီး တရားတမှုကို ပိုပြီး ဖော်ပြနိုင်တဲ့ စံနှုန်းတွေပါ။ လာမယ့်ရွေးကောက်ပွဲဟာ အဆင့်အတန်းမီရဲ့လား ဆိုတာကတော့ မြန်မာနိုင်ငံသားတွေရဲ့ အဆုံးအဖြတ်မှာပဲ မူတည်ပါတယ်။

ဒီတစ်ကြိမ်မှာက ရွေးကောက်ပွဲကို စောင့်ကြည့်ကြမယ့် ပြည်တွင်း ပြည်ပ အဖွဲ့တွေ ရှိလာပါပြီ။ ပြည်သူတွေအနေနဲ့ အဲ့ဒီအဖွဲ့တွေက ထုတ်ပြန်မယ့် အစီရင်ခံစာတွေ ကို လေ့လာပြီး ဒီရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲထက် ပိုပြီး ယုံကြည်စိတ်ချရသလားဆိုတာကို အကဲဖြတ်နိုင်ဖို့ အခွင့်အရေးရှိပါတယ်။ အဲ့ဒီကနေမှ တဆင့် ရွေးကောက်ပွဲရဲ့ ရလဒ်ကို အကဲဖြတ်ပြီး နောက်ထပ် ဒီမိုကရေစီလမ်းကြောင်း ကို ရှေ့တက်လှမ်းနိုင်မှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ လိုအပ်တဲ့ အကူအညီတွေ ကို ထောက်ပံ့ ကူညီနေတဲ့ NDI အနေနဲ့ လာမယ့် ရွေးကောက်ပွဲ မှာ စောင့်ကြည့်လေ့လာကြမယ့် ပြည်တွင်းအဖွဲ့တွေကိုလည်း အကူအညီတွေ ပေးနေတယ်လို့ အခုလို ပြောပါတယ်။

"ရွေးကောက်ပွဲကို ဘက်မလိုက်ဘဲ စောင့်ကြည့်လိုကြတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီထောက်ပံ့တာက ကျွန်တော်လို့ရဲ့ အလုပ်ပါ။ အခု ဆိုရင် ရွေးကောက်ပွဲစောင့်ကြည့် မယ့် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါပြီ။ ဒီအဖွဲ့တွေ ဟာ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ စောင့်ကြည့်ကြ မှာဖြစ်ပြီး စောင့်ကြည့်သူ ဦးရေ ၅၀၀၀ကျော် စောင့်ကြည့်ကြမှာပါ။ ဒါဟာ တော်တော်များ တဲ့ အရေအတွက်ဖြစ်ပါတယ်။"

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်အခြေစိုက် National Democratic Institute NDI ဟာ ၁၉၈၃ ခုနှစ်က စတင်တည်ထောင်တဲ့ ပါတီစွဲမရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၁၃၂ နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကား ပြန့်ပွားရေး အတွက် နိုင်ငံသားတွေ ပူးပေါင်းပါဝင်မှု၊ အစိုးရရဲ့ တာဝန်ခံ တာဝန်သိမှု၊ ပွင့်လင်းမြင်သာမှုတွေကို အားပေးထောက်ပံ့နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လွှတ်တော်ကဏ္ဍ ပိုမိုတိုးတက်အောင် လိုအပ်တဲ့ အကူအညီတွေ ပေးနေတာဖြစ်ပါတယ်။

XS
SM
MD
LG