သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံးအပစ်ရပ်ရေးမူကြမ်း သဘောတူညီမှုရရှိ


တနိုင်ငံလုံးအပစ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ အပစ်ရပ်စဲရေးစာချုပ်မူကြမ်း NCA ကို အပြီးသတ် သဘောတူညီမှုရခဲ့စဉ်။ (မတ် ၃၀၊ ၂၀၁၅) ဓာတ်ပုံ-MPC
တနိုင်ငံလုံးအပစ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ အပစ်ရပ်စဲရေးစာချုပ်မူကြမ်း NCA ကို အပြီးသတ် သဘောတူညီမှုရခဲ့စဉ်။ (မတ် ၃၀၊ ၂၀၁၅) ဓာတ်ပုံ-MPC

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့ နှစ်ဘက် ဆွေးနွေးနေကြတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ ်(NCA) စာချုပ်မူကြမ်းကို ဒီကနေ့အပြီးသတ် သဘောတူညီချက် ရရှိခဲ့တယ်လို့ နှစ်ဘက်က ပြောပါတယ်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) စာချုပ် မူကြမ်းဟာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်(NCA)ချုပ်ဆိုနိုင်ဖို့အတွက် ပထမခြေလှမ်းလည်းဖြစ်ပါတယ်။ ဒီအပိုင်းကို မနက်ဖြန်မှာ အချောသတ်ဆွေးနွေးပြီး နှစ်ဘက်ညှိနှိုင်းရေး ခေါင်းဆောင်တွေက ပဏာမ သဘောတူလက်မှတ်ရေးထိုးပြီးမူကြမ်းကို အတည်ပြုသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ ရန်ကုန်သတင်းထောက် မေခက ပေးပို့ထားပါတယ်။

ဒီကနေ့ကျင်းပတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) စာချုပ်မူကြမ်းဆွေးနွေးပွဲ ၇ ရက်မြောက်နေ့မှာ နှစ်ဖက် ကိုယ်စားလှယ်တွေက ခုလို ပြောကြားခဲ့တာပါ။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) စာချုပ်မူကြမ်း ဆွေးနွေးမှုနဲ့ ပတ်သတ်ပြီး ခုရရှိလာတဲ့မူကြမ်းကို တိုင်းရင်းသားခေါင်းဆောင်တွေပါဝင်တဲ့ ထိပ်သီးညီလာခံမှာ တင်ပြပြီး သဘော တူမတူ ဆုံးဖြတ်ပြီးမှ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) စာချုပ်ကို ချုပ်ဆိုသွားမှာပါ။ အစိုးရဘက်ပိုင်းကလည်း ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) စာချုပ်မူကြမ်းဆွေးနွေးခဲ့တာနဲ့ပတ်သတ်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် ဦးနိုင်ဟံသာက ခုလိုပြောပါတယ်။

“အခုကတော့ ကျနော်တို့အဆင့် NCCT နဲ့ UPWC အဆင့်မှာ အားလုံးသဘောတူညီမှု ရသွားပြီပေါ့။ ဒါပေမယ့် နည်းနည်းတော့ ပြောရအုံးမယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ဆိုတဲ့အဆင့်ဆိုတဲ့ဟာမှာ ကျနော်တို့ NCCT အဆင့်နဲ့ အဆုံးအဖြတ်ပေးလို့ မရသေးဘူး။ ကျနော်တို့က အဖွဲ့ပေါင်းစုံရဲ့ထိပ်သီး ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီးတော့မှ အစည်းအဝေးလုပ်ရမယ်။ အဲဒီမှာ တင်ပြရမယ်။ သူတို့ကနေပြီးတော့မှ အဆုံးအဖြတ်ပေးရမယ်။ ဥပမာ- သူတို့ပြင်ချင်တာ၊ ဖြည့်စွက်ချင်တာ ရှိကောင်းရှိနိုင်မယ်ပေါ့ဗျာ-နော်။ အဲဒီ တဘက်က သူတို့ရဲ့တင်ပြမှုတွေနဲ့၊ သူတို့ရဲ့အတည်ပြုမှုတွေရပြီးတော့မှ တရားဝင် သူတို့ကိုယ်တိုင် လက်မှတ်ထိုးဖို့ ဖြစ်ပါတယ်။ အဲလို ရည်ရွယ်ထားပါတယ်နော်။”

တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့ နှစ်ဘက် ကိုယ်စားလှယ်တွေအနေနဲ့ပထမအဆင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) စာချုပ်မူကြမ်းရအောင် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အခုဆွေးနွေးနိုင်ခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) စာချုပ်မူကြမ်းနဲ့ပတ်သတ်ပြီး အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး (MPC) မှ ဦးလှမောင်ရွှေက ခုလိုပြောပါတယ်။

“အခု နောက်ဆုံးပေါ့လေ၊ နှစ်ဘက်ခေါင်းဆောင်တွေ။ ကိုယ်စားလှယ်အဖွဲ့တွေ သဘောတူနိုင်ခဲ့တဲ့ NCA မှာ အခန်းပေါင်း ၇ ခန်းနဲ့ အပိုဒ်ပေါင်း ၃၃ ပိုဒ်နဲ့ အပိုဒ်ငယ်ပေါင်း ၈၆ ခုပါပါတယ်။ အဲဒါကို ကျနော်တို့ အချက်အားလုံးကို သဘောတူနိုင်ခဲ့ပြီဖြစ်တာကိုလည်း ကျနော်တို့ အသိပေးလိုပါတယ်။ အခု သဘောတူထားတဲ့အချက်တွေကို တိုင်းရင်းသားတွေဘက်ကလည်း သူတို့ရဲ့ ethnic leader summit မှာ ပြန်ပြီးတော့ အတည်ပြုဖို့လိုတယ်။ ကျနော်တို့ဘက်ကတော့ ယေဘုယျအားဖြင့်တော့ အားလုံးအတည်ပြုပေးလိုက်ပြီ။ အတည်ပြုပြီးသားဖြစ်တဲ့အတွက် ဒီ PCC ကို သတင်းပို့တဲ့အနေနဲ့ပဲလိုတယ်။ ကျနော်တို့ဘက်ကတော့ အတည်ပြုစရာတော့ ယေဘုယျအားဖြင့်တော့….”

စာချုပ်မူကြမ်းမှာပါတဲ့ သဘောတူညီဖို့ ခဲယဉ်နေသေးတဲ့အချက်တွေကို အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ ထည့်သွင်းထားတယ်လို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT က ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ပြောပါတယ်။

“ဒီမှာ ကျနော်တို့ ဆွေးနွေးပြီးတော့မှ ညှိနှိုင်းအဖြေရှာလို့ မရတော့ဘူးဆိုတဲ့ဟာမျိုး သို့မဟုတ် ဆွေးနွေးရတဲ့အခါ အရမ်းခက်ခဲလို့ ရှေ့တိုးလို့ မရလို့ရှိတဲ့ ဟာကို ကျနော်တို့အနေနဲ့ အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ ကျနော်တို့ထားပါတယ်။ အဲဒီ အစည်းအဝေး ဆုံးဖြတ်ချက်အနေနဲ့ ထားတဲ့ အချက်တွေကို ကျနော်တို့အနေနဲ့က ဘယ်လို သဘောတူထားသလဲဆိုတော့ အထွေထွေမှာ အပိုဒ်တခုအနေနဲ့ ကျနော်တို့ သဘောတူညီမှု ယူထားပါတယ်။ အဲဒီသဘောတူညီမှုအနေနဲ့ ရေးထားတာက ဆုံးဖြတ်ချက်အနေနဲ့ ပါသွားတဲ့အချက်တွေကို ကျနော်တို့ NCA စာချုပ်မှာပါတဲ့ အခြားအပိုဒ်ကဲ့သို့ ရှေ့ဆက်အကောင်အထည်ဖော်တဲ့နေရာမှာ အကျုံးဝင်စေရမယ်၊ ကိုးကားရမယ်ဆိုပြီးတော့ သဘောတူထားတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဘက်စလုံးက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အမြန်ဆုံး လက်မှတ်ရေးထိုးဖို့ လိုအပ်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် သဘောတူ လက်မှတ်ရေးုထိုးနိုင်မှပဲ နိုင်ငံရေးဆွေးနွေးပွဲ စတင် ကျင်းပနိုင်မှာဖြစ်တယ်။”

နှစ်ဘက်သဘောတူဖို့ခက်သေးတဲ့အချက်တွေထဲမှာ တပ်သားသစ်စုဆောင်းခြင်း၊ နိုင်ငံရေးတွေ့ဆုံပွဲမှာ ဆွေးနွေးရမယ့်အကြောင်းရာ၊ နိုင်ငံရေးဆွေး နွေးပွဲမှာပါဝင်ရမယ့်ပုဂ္ဂိုလ်များ၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) စာချုပ် လက်မှတ်ထိုးရမယ့် တိုင်းရင်းသားအဖွဲ့အစည်းနဲ့ လုံခြုံရေးဆိုင်ရာ ပေါင်းစည်းခြင်း စတဲ့အချက်တွေ ပါဝင်ပါတယ်ရှင်။

XS
SM
MD
LG