သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒက္ခိဏသီရိမဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းတချို့ စည်းမျဉ်းချိုးဖောက်မှု NLD တိုင်ကြား


In this photo taken March 27, 2010, daily waged labors work at new parliament building in Nay Pyi Taw, Myanmar. Freedom of speech for members of parliament in military-controlled Myanmar will be restricted under laws that dictate the functioning of the ne
In this photo taken March 27, 2010, daily waged labors work at new parliament building in Nay Pyi Taw, Myanmar. Freedom of speech for members of parliament in military-controlled Myanmar will be restricted under laws that dictate the functioning of the ne

နေပြည်တော် ဒက္ခိဏသီရိမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတချို့ဟာ မဲဆွယ်စည်းရုံးမှု စည်းမျဉ်း ကန့်သတ်ချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံကို တိုင်ကြားလိုက်ပါတယ်။ ဒက္ခိဏသီရိ မြို့နယ်ရဲစခန်းကို တိုင်ကြားမှုကို ရဲက လက်မခံတာကြောင့် ကော်မရှင်ထံ တိုင်ကြားလိုက်တာ ဖြစ်တဲ့အကြောင်းလည်း NLD ရဲ့ ကိုယ်စားလှယ်တို့က ပြောပါတယ်။ အကြောင်းစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြထား ပါတယ်။

နေပြည်တော် မဲဆန္ဒနယ်တခုဖြစ်တဲ့ ဒက္ခိဏသီရိ မြို့နယ်တွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတချို့ဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားတဲ့ မဲဆွယ်စည်းရုံးမယ့်ရက်မတိုင်ခင် မဲဆွယ်စည်းရုံးတယ်ဆိုပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဒက္ခိဏသီရိမြို့နယ် ကိုယ်စားလှယ်လောင်းက မြို့နယ် ရဲစခန်းနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ထံ တိုင်ကြားတာ ဖြစ်ပါတယ်။ နေပြည်တော်ဥတ္တရသီရိ မဲဆန္ဒနယ် ကိုယ်စားပြု လွှတ်တော်အမတ် ဦးမင်းသူက ဖြစ်စဉ်ကို အခုလို ပြောပါတယ်။

“ဒါနဲ့ပတ်သက်ပြီးမှ ဒက္ခိဏမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အခုလက်ရှိ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်အတွက်ကို သူ့ရဲ့ ဒက္ခိဏမြို့နယ် အတွင်းမှာ ပါဝင်တဲ့ အမျိုးသားလွှတ်တော်ပေါ့လေ၊ ဒက္ခိဏခရိုင် အမျိုးသားလွှတ်တော်မှာပြိုင်မယ့် ဦးကျော်ဝင်းတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းက ပေါ့လေ - ဒက္ခိဏမြို့နယ် - ရဲသီး၊ ရွှေဗျိုင်းငင်၊ ရွာသစ်ကျေးရွာတွေမှာ စာသင်ကျောင်းတွေကိုသွားပြီး ကျေးရွာသူကျေးရွာသား တွေကို ခေါ်ယူပြီး မိမိတို့ကို မဲပေးပါ-ဆိုတဲ့ ပန့်ဖလက်တွေဝေတယ်။ အဲဒါအပြင် ထီးတွေ၊ ယပ်တောင်တွေ၊ မိမိတို့ကိုယ်စားလှယ်တွေကို မဲပေးဖို့ သူတို့ရဲ့ဆောင်ပုဒ်တွေနဲ့ ပန့်ဖလက်တွေဝေတာပေါ့။ ကျနော်တို့က သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေတွေ၊ နောက် ဒီရဲ့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက်တွေကို ချိုးဖောက်တယ်ဆိုပြီးမှ ကျနော်တို့ ဒက္ခိဏမြို့နယ်၊ မြို့မရဲစခန်းကို မနေ့က အမှုဖွင့်တိုင်ကြားပါတယ်။”

မဲဆွယ်စည်းရုံးခွင့်ကတော့ စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်ရရှိမှာ ဖြစ်ပေမယ့် မဲဆွယ် စည်းရုံးခွင့်ပေးထားတဲ့ ရက်မတိုင်ခင်မှာ မဲဆွယ် စည်းရုံးတယ်ဆိုတဲ့ အကြောင်းကို ဒက္ခိဏသီရိ မြို့နယ် ရဲစခန်းကို တိုင်ကြားခဲ့ပေမယ့် ရဲစခန်းက လက်ခံဘဲ ပြန်လွှတ်လိုက်တယ်လို့ ကိုယ်တိုင်တိုင်ကြားခဲ့သူ NLD ကိုယ်စားလှယ် ဦးသန့်စင်ထွန်းက ပြောပါတယ်။

“ရဲစခန်းက ပထမ ကျနော်တို့ တနာရီခွဲမှာတိုင်ချက်သွားဖွင့်တယ်၊ တိုင်စာသွားတင်တယ်။ တင်တဲ့အခါမှာ ညနေ ၄ နာရီကို ပြန်လာခဲ့ဖို့ ကျနော်တို့ကို ပြောတယ်။ တိုင်စာကို လက်ခံထားတယ်။ ညနေ ၄ နာရီခွဲလောက်မှာ ကျနော်တို့ ပြန်သွားတဲ့အခါကျတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ဥပဒေအရ အချိန်ကာလနဲ့ …. ရွေးကောက်ပွဲကာလမရောက်သေးဘူးပေါ့။ ဥပဒေအရ အချိန်ကာလနဲ့ ငြင်းပယ်တယ်။ ဥပဒေပါပြဌာန်းချက်တွေက ရွေးကောက်ပွဲကာလကို ရည်ညွှန်းတယ်ပေါ့။”

ရဲစခန်းက တိုင်ချက်ကို လက်မခံတာကြောင့် တနလာၤနေ့မှာပဲ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးကို ဦးသန့်စင်ထွန်းရဲ့ ရှေ့နေ ကိုယ်တိုင်သွားရောက် တိုင်ကြားစာပို့ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံကိုတော့ စာတိုက်ကနေလိပ်မူပြီး တိုင်ကြားစာ ပေးပို့ခဲ့တဲ့ အကြောင်းလည်း NLD ကိုယ်စားလှယ် ဦးသန့်စင်ထွန်းက ပြောပါတယ်။ မဲဆွယ်စည်းရုံးမှု သတ်မှတ်ရက်မတိုင်ခင်မှာ မဲဆွယ်စည်းရုံးခဲ့မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က ဘယ်လို ဖြေရှင်း ဆောင်ရွက်ပေးနိုင်မလဲဆိုတာကိုတော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူး ဥပဒေပညာရှင် ဦးထွန်းခင်က အခုလို ပြောပါတယ်။

“အဲဒါကတော့ သက်ဆိုင်ရာတွေကို အရေးယူမှာပေါ့လေ။ ပါတီကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းခြင်း၊ ကိုယ်စားလှယ်လောင်းအဖြစ်က ရပ်ဆိုင်းခြင်းလည်း အရေးယူချင်ယူမယ်။ နောက် ဥပဒေအရလည်း အရေးယူနိုင်ကြောင်း သူက တဆင့် ညွှန်ကြားချင်လည်း ညွှန်ကြားနိုင်တယ်။ သို့သော ်အဲလို ညွှန်ကြားတဲ့အဆင့်အထိ မရောက်ဘဲနဲ့လည်း အခုတိုင်ချက်ကို လက်ခံခွင့်ရှိတယ်။”

မဲဆွယ်စည်းရုံးခွင့် ပေးထားတဲ့ ရက်မတိုင်ခင် မဲဆွယ် စည်းရုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်သွယ်ခဲ့ပေမယ့် တာဝန်ရှိသူများ ဖုန်းလက်ခံ ဖြေဆိုနိုင်ခဲ့ခြင်း မရှိတာကြောင့် ဒီကိစ္စ အပေါ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တုံ့ပြန်မှုကိုတော့ မသိရသေးပါဘူးရှင်။

XS
SM
MD
LG