သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်နဲ့ ညှိနှိုင်းရန် NCA ထိပ်သီးဆွေးနွေးမည်


NCA လက်မှတ်ရေးထိုးပွဲ ၊ အောက်တိုဘာ ၂၀၁၅ (photo: MOI)
NCA လက်မှတ်ရေးထိုးပွဲ ၊ အောက်တိုဘာ ၂၀၁၅ (photo: MOI)

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ကြာသပတေးနေ့မှာ ကျင်းပဖို့ ရှိနေပြီး ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစိုးရသစ်နဲ့အတူ ဆက်လက်ဆောင်ရွက်ဖို့နဲ့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှား ပူးပေါင်းဆောင်ရွက်ဖို့ အဓိက ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဒီလ ၂၄ရက်နေ့ကနေ ၂၆ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ကျင်းပဖို့ ရှိနေတာဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးမယ့် အချက်တွေကိုတော့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာက အခုလို ပြောပါတယ်။

“ ၈ ဖွဲ့အစည်းအဝေးဖြစ်တယ်ဆိုတဲ့အတွက် ၈ ဖွဲ့ကြားမှာ ပူးပေါင်း ဆောင်ရွက်မှု အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲပေါ့ဗျာ။ ၈ ဖွဲ့မှာ ရင်ဆိုင်နေရတဲ့ပြဿနာတွေက အများကြီးပေါ့ဗျာ။ ၈ ဖွဲ့ရဲ့ ညီညွတ်မှု ပူးပေါင်းဆောင်ရွက်မှုကို အကောင်းဆုံးဖြစ်အောင် နည်းလမ်းရှာမယ်ဗျာ နံပတ် ၁ ။ နံပတ် ၂ ကတော့ အစိုးရအသစ်နဲ့အဟောင်းနဲ့ အပြောင်းအလဲလုပ်ပြီးနောက်မှာ ကျနော်တို့ NCA ကို အကောင်အထည်ဖော်ဖို့အတွက် ဆက်လက်ပြီးတော့ အစိုးရအသစ်နဲ့လည်း လက်တွဲရမယ်ဆိုတော့ ဘယ်လိုဆက်သွားမလဲပေါ့၊ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ လုပ်သွားဖို့ ၊ နံပတ် ၃ ကတော့ လက်မှတ်ထိုးသည်ဖြစ်စေ ၊ မထိုးသည်ဖြစ်စေ ကျနော်တို့ရဲ့ တိုင်းရင်းသားညီအကိုတွေ NCA မထိုးသေးတဲ့အဖွဲ့အစည်းတွေနဲ့ ညီညွတ်ရေးမပျက်ပေါ့ဗျာ၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အတူတကွဆက်ပါနိုင်ဖို့ အဲဒီဟာတွေကိုတော့ နည်းလမ်းရှာဖို့ ကျနော်တို့တွေ့ဆုံကြတာပဲဖြစ်ပါတယ်။”

အစိုးရသစ်နဲ့တွေ့ဆုံဖို့နဲ့ NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ကိုတော့ ရက်သတ်မှတ်နိုင်တာမရှိသေးဘူးလို့လည်း ဆက်ပြောပါတယ်။

“ကျနော်တို့တော့ မသိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရသစ် က အခု အစိုးရရဲ့ Function တွေလည်ပတ်ဖို့ကြိုးစားနေတဲ့အချိန်ဆိုတော့ ဒါကျနော်တို့က မမေးသင့်သေးဘူးပေါ့။ သူတို့ပြီးတာနဲ့ သူတို့ နည်းနည်းငြိမ်တာနဲ့ ကျနော်တို့ လုပ်လက်စလုပ်ငန်းတွေဖို့ အစည်းအဝေးတွေ ပေါ်ပေါက်လာမယ်လို့တော့ ယူဆတာပေါ့ဗျာ။ ကျနော်ထင်တယ် ဧပြီလ အခင်းအကျင်းကို စောင့်ကြည့်ရမှာပေါ့နော်။ မထိုးရသေးတဲ့အဖွဲ့တွေက UNFC ညီလာခံပြီးမှ တွေ့မလိုလိုလည်းပြောတယ်ခင်ဗျ။ ကျနော်အဖြေတော့ အတိအကျမရဘူး။”

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံမယ့် ရက်ကို မသတ်မှတ်နိုင်သေးပါဘူး။

လာမယ့် ဧပြီလအတွင်းလွှတ်တော်နားရက်တွေမှာတော့ သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်တွေက သူတို့ဒေသအခြေစိုက် ရပ်မိရပ်ဖတွေ၊ လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆက်လက်အကောင်အထည်ဖော်ဖို့ အကြိုညှိနှိုင်းသွားဖို့ ရှိနေကြောင် ကော်မတီအဖွဲ့ဝင် ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူက ပြောပါတယ်။

“ကျနော်တို့အစည်းအဝေးကတော့ ၂ ခါတော့ လုပ်ပြီးပြီပေါ့ဗျာ။ ဒါပေမယ့်လို့ ကျနော်တို့က ဘယ်အချိန်လုပ်ရမယ်ဆိုတဲ့ တိကျတဲ့ရက်တွေကတော့ သတ်မှတ်ခြင်းမရှိဘူး။ သို့သော်လည်း ကျနော်တို့အခု လွှတ်တော်နားတဲ့အချိန်မှာတော့ သက်ဆိုင်ရာ ကျနော်တို့ ဒီ ပြည်နယ်တွေနားမှာပေါ့နော် လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ တဦးချင်းပဲဖြစ်ဖြစ် အဲဒီနားမှာ ကျနော်တို့ နည်းနည်းလေး ရပ်မိရပ်ဖတို့နဲ့ဖြစ်ဖြစ်ပေါ့လေ။ အဲလိုမျိုးအတူတကွပေါင်းစည်းပြီးတော့မှ တွေ့ဆုံဖို့တော့ အစီအစဉ်ရှိပါတယ်။ ညှိနှိုင်းဆွေးနွေးလို့ရလာတဲ့အကြောင်းအရာလေးတွေကို ကျနော်တို့က ကော်မတီကို ပြန်ပြီးတော့မှ တင်ပြမယ်ပေါ့ဗျာ။

တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီကတော့ NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်ရေးအတွက် ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း လည်း သတင်းထုတ်ပြန်ထားပါတယ်။လောလောဆည် NCA ကို လက်မှတ် မရေးထိုးသေးတဲ့အဖွဲ့တွေဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ UNFC အနေနဲ့ ဆက်လက်ရပ်တည်နေပြီး ဒီရက်ပိုင်းတွေမှာ နှစ်ပတ်လည်အစည်းအဝေးတွေ ကျင်းပနေတာဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေနဲ့ UNFC အဖွဲ့ဝင်တွေ တွေ့ဆုံရေးနဲ့ပတ်သက်ပြီး UNFC ရဲ့ ဒုဥက္ကဌ ဦးနိုင်ဟံသာကို မေးမြန်းရာမှာတော့ အစည်းအဝေးရောက်ရှိနေတာကြောင့် ဖြေဆိုတာမရှိခဲ့ပါဘူး။ လောလောဆည်မှာ NCA ကို လက်မှတ်ရေးထိုးတဲ့အဖွဲ့ ၈ဖွဲ့ရှိပြီး မရေးထိုးသေးတဲ့အဖွဲ့ကတော့ အနည်းဆုံး ၁၁ ဖွဲ့လောက်ကျန်ရှိနေတာဖြစ်ပါတယ်။

XS
SM
MD
LG