သုံးရလွယ်ကူစေသည့် Link များ

ပြည်တွင်းငြိမ်းချမ်းရေး NCCT နဲ့ ၈၈ မျိုးဆက်တွေ ဆွေးနွေး


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ NCCT နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူအဖွဲ့အစည်း ခေါင်းဆောင်တွေ ၁၉ သြဂုတ် ၂၀၁၄ မှာ တွေ့ဆုံစဉ် (ဓာတ်ပုံ - ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူအဖွဲ့အစည်း)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ NCCT နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူအဖွဲ့အစည်း ခေါင်းဆောင်တွေ ၁၉ သြဂုတ် ၂၀၁၄ မှာ တွေ့ဆုံစဉ် (ဓာတ်ပုံ - ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူအဖွဲ့အစည်း)

မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရအောင် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေမှာရော၊ နိုင်ငံရေးအင်အားစုအားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ အချက်ကို တနိုင်ငံလုံးအပစ်ရပ်စဲမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ ၈၈ ငြိမ်းချမ်းရေး ပွင့်လင်းလူမှု အဖွဲ့အစည်းတို့ ဒီကနေ့ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပြည်သူပါဝင်ဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန် ရရှိရေးအတွက် အားလုံး ပူးပေါင်းလုပ်ဆောင်ကြဖို့ အရေးတကြီး လိုအပ်နေပြီဆိုတဲ့ အချက်ကို ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်ချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ခေါင်းဆောင်ပိုင်းတွေ ဒီကနေ့ နေ့လည်မှ ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ Green Hill ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

“လုပ်ငန်းစဉ်တွေက ဘယ်အဆင့်မှာပဲ ရှိပါစေပေါ့ တစုံတယောက်ရဲ့ စိတ်ခံစားမှုအရဖြစ်စေ၊ တနေရာမှာ ထဖြစ်တဲ့ ပြဿနာကြောင့်ဖြစ်စေ ကျိုးသွားပျက်သွားတာတွေက ဒါ အတိတ်တွေမှာ ရှိခဲ့ကြတယ်။ အဲတော့ အဲ့လို ပျက်သွားလို့မရအောင် နံပါတ်တစ် - ပြည်ထောင်စုသား အားလုံးကနေပြီးတော့ ငါတို့အားလုံးရဲ့ဘဝ၊ ငါတို့အားလုံးရဲ့ အနာဂတ်ပဲဆိုတာကို သဘောတူလက်ခံပြီးတော့ နိုးကြားစွာနဲ့ ပါဝင်ကြဖို့၊ ကျနော်ပြောမယ် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အားလုံးမှာ အားလုံးဟာ စားပွဲပေါ်တော့ တက်နိုင်စရာမလိုဘူး။ ဒါပေမဲ့ တာဝန်ခွဲဝေမှု အသီးသီးနဲ့ သွားရမယ်ဗျာ။ ဆွေးနွေးတဲ့သူက ဆွေးနွေးရမယ်၊ အချက်အလက်တွေ ပို့ပေးတဲ့သူက ပို့ပေးရမယ်၊ အဲ့ဒါတွေကို ပြန်ဖြန့်တဲ့သူက ပြန်ဖြန့်ရမယ်။ ပြည်သူလူထုတွေကလည်း ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ၊ ဒီမိုကရေစီပြည့်ဝတဲ့ ဖွဲ့စည်းပုံဖြစ်ရေးအတွက် လှုပ်ရှားမှုတွေ ဟန်ချက်ညီနေရမယ်။ အဲ့ဒီအတွက် အားလုံးဟာ တစ် - ငါတို့ဟာ ပရိသတ်ပဲဆိုတဲ့ မဆိုင်ဘူးဆိုတဲ့ အနေအထားမျိုးမဟုတ်ဘဲနဲ့ အားလုံးနဲ့ဆိုင်တယ်။ ကိုယ်ကျရာတာဝန်ကနေ ဝင်ပြီးတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီး အောင်မြင်အောင် တခါတည်း ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုဆီကို အပေါင်းလက္ခဏာနဲ့ သွားအောင် ကျနော်တို့အားလုံးက ကိုယ်နိုင်ရာတာဝန်နဲ့ သွားကြရမယ်လို့ ကျနော် ယုံကြည်ပါတယ်။”

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင် ပြောသွားခဲ့တာပါ။ အပစ်ရပ်စဲရေးတွေဟာ ခိုင်မာမှုမရှိဘဲ မကြာခဏ အစိုးရနဲ့ လက်နက်ကိုင်တွေအကြား တိုက်ခိုက်ကြတာမျိုးကို ရှောင်နိုင်ဖို့ လုပ်ဆောင်သင့်တာတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“အဲတော့ အပစ်အခတ်က ရပ်စဲပေါင်းလည်းများပြီ၊ ကျိုးပေါက်ပြီးတော့ ပြန်တိုက်ပေါင်းလည်း များပြီ။ ကဲ ကောင်းပြီ။ ဒါဆိုလို့ရှိရင် ကျနော်တို့ ဘာလိုနေသလဲဆိုတော့ ဥပဒေကြောင်းအရ ခိုင်မာတဲ့ သဘောတူညီမှုတွေ ရဖို့ လိုနေတယ်။ အဲဒီအတွက်ကျတော့ ဒီနောက်ပိုင်းမှာပေါ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ တဆက်တည်းသွားရမယ်၊ ဆွေးနွေးပွဲတွေ သွားရမယ်။ အဖြေတွေထုတ်ရမယ်။ အဲဒီဟာတွေ ဥပဒေကြောင်းအရ ခိုင်မာတဲ့ သဘောတူညီချက်ဖြစ်အောင် လုပ်ရမယ်။ အဲဒါမှ တဆက်တည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပိုပြီးတော့ အားကောင်းလာအောင် လုပ်သွားကြရမှာ။”

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်ပုံပြင်ဆင်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် ပေါ်ပေါက်ရေး ဆိုတဲ့ အချက်ဟာ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် အင်အားစုတွေအကြား တူညီတဲ့ ပန်းတိုင်တခုဖြစ်တယ် ဆိုတာကိုလည်း ဒီကနေ့ ဆွေးနွေးပွဲအတွင်း မြင်တွေ့ခဲ့ရတယ်လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကရင်တိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူး ၂ လည်းဖြစ်၊ NCCT အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးရွှေမျိုးသန့်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေပြီးရင် လုပ်စရာအဆင့်တွေ ဆက်လုပ်ဖို့ ပြည်သူအားလုံးရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တယ်လို့ ပြောပါတယ်။

“တချို့ထင်နေတာက အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားလို့ရှိရင်ပဲ ဟို ဒီတိုင်းပြည်ကြီးမှာ အစစအရာရာ ပြည့်စုံသွားပြီလို့ ထင်နေတာ။ အဲဒါ အဲ့ဒီ message က မှားတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီဟာတဆင့် ကျော်ဖြတ်ပြီးလို့ရှိရင်တော့ လုပ်စရာတွေအများကြီး ပေါ်လာလိမ့်မယ်။ ဖြစ်ပေါ်လာတဲ့ လမ်းကြောင်းပေါ်မှာ လူတိုင်းလူတိုင်းဟာ ကိုယ်ကျရာတာဝန်ကနေ ပါဖို့လိုတယ်။ အဲဒါ ဆိုလိုတာ။ လူထုနဲ့ပိုပြီးတော့ ထိတွေ့မှု ရှိတယ်။ အဲဒီအတွက်လည်း နစ်မြုပ်ပြီးတော့ လုပ်နေကြတာပေါ့လေ။ ကျနော်တို့ကလည်း မရှိလို့ မဟုတ်ပါဘူး။ ကျနော်တို့ အနေအထားကလည်း အကန့်အသတ်နဲ့ ရှိနေတယ်ပေါ့နော်။ အဲ့ဒီအပေါ်မှာ အဲဒါနှစ်ခုကို ချိတ်ဆက်ပြီးတော့မှ ဟန်ချက်ညီညီပေါ့လေ ခုနကပြောသလိုပေါ့ အနာဂတ်အတွက် လုပ်ကြဖို့ဆိုတဲ့ သဘောပါပဲ အဲ့ဒါပါပဲ။”

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ပြည်တွင်းကို ရောက်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေဟာ မနေ့တုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုကော်မတီ NCCT ဘက်က ခေါင်းဆောင်တွေဖြစ်တဲ့ KNU က ပဒိုကွယ်ထူးဝင်း KIO က ဗိုလ်ချုပ် ဂွန်မော်၊ CNF က ဒေါက်တာဆလိုင်းလျံမုန်းဆာခေါင်၊ SSPP က ဦးစိုင်းဘထွန်း၊ KNPP က ဦးရွှေမျိုးသန့်၊ AA ရခိုင်တပ်မတော်က ဒုဗိုလ်မှူးကြီးကျော်ဟန်၊ DKBA က ဦးစောလုံ့လုံ့ ဦးဆောင်တဲ့ အဖွဲ့နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ဘက်ကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ တို့ တက်ရောက်ခဲ့တာပါ။

XS
SM
MD
LG