သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့ သဘောတူညီမှုမရဘဲ ပြီးဆုံး


ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယနေ့ မြင်ကွင်း။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယနေ့ မြင်ကွင်း။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း အပြီးသတ်ရေးဆွဲနိုင်ဖို့အတွက် ဒုတိယမြောက်နေ့အဖြစ် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့တို့ ဆက်လက်ဆွေးနွေးခဲ့ကြပေမဲ့ သဘောတူညီချက် အပြည့်အ၀ မရသေးဘဲ ဆွေးနွေးပွဲကို ရက်ထပ်တိုးလိုက် ရပါတယ်။ ၂ ရက်ကြာ ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ မနေ့က တပ်နဲ့ပတ်သက်လို့ အဓိကထား ဆွေးနွေးခဲ့ကြပြီး ဘယ်အပိုင်းတွေမှာ သဘောတူညီမှုတွေ မရသေးတာလဲဆိုတာကို မနန္ဒာချမ်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဒုတိယမူကြမ်းထဲမှာ ပါဝင်တဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေကို ဒုတိယမြောက်နေ့ဖြစ်တဲ့ စနေနေ့က ဆက်လက် ဆွေးနွေးခဲ့ကြတာဖြစ်ပါ တယ်။ မနေ့က ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ - စာချုပ်မူကြမ်းမှာ ပါဝင်တဲ့ အခန်း ၇ ခန်းထဲက အခန်း ၄ ခန်းကို သဘောတူထားပြီဖြစ်ပြီး၊ ကျန် ၃ ခန်းကိုတော့ ဒီကနေ့မှာ ဆက်လက်သွားမှာဖြစ်တယ်လို့ NCCT အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း က ပြောပါ တယ်။

“အထူးသဖြင့် စစ်ဘက်ဆိုင်ရာကိစ္စတွေကို၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စနဲ့ အပစ်အခတ်ရပ်စဲရေးခိုင်မာအောင်နဲ့ဆိုင်တဲ့ အခန်းတွေကို ကျနော်တို့ ပြီးသွားပါတယ်။ ကျန်တဲ့အချက်တွေ အခန်း ၅ ရယ်၊ ၆ ရယ်၊ ၇ ရယ်ကိုကျတော့ ကျနော်တို့ မနက်ဖြန် ဆက်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။”

ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့မှာ ဆက်ဆွေးနွေးသွားမယ့် အခန်း ၅၊ ၆၊ ၇ ကတော့ - လူ့အခွင့်အရေးပြဿနာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေး ကိစ္စရပ်တွေ ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ MPC မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကတော့ - ကျန်နေတဲ့ ဒီအခန်း ၃ ခန်းထဲက အဓိကဆွေးနွေးသွားရမှာ အခန်း ၁ ခန်းလောက်ပဲရှိတာမို့ ၃ ရက်တာ ဆွေးနွေးပွဲ ပြီးရင်တော့ စာချုပ်မူကြမ်းကို အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းမြအောင်ကလည်း ဒီဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ သူ့မျှော်လင့်ချက်ကို အခုလို ပြောခဲ့ပါတယ်။

“နောက်ဆုံး ညှိနှိုင်းတဲ့ပွဲလို့ အဘတို့တော့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တချို့ဟာလေးတွေကျတော့လည်း နည်းနည်းပါးပါး ဟာချက် လိုအပ်ချက်က ရှိရင်လည်း နည်းနည်းပါးပါးပါပဲ။”

ဒါ့အပြင် ဦးလှမောင်ရွှေကလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဒုတိယမူကြမ်းနဲ့ ပတ်သက်ပြီး နှစ်ဘက်ကိုယ်စားလှယ်တွေ အကြား ၉၀ ရာခိုင်နှုန်းလောက် ညှိနှိုင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီ ၃ ရက်တာ ဆွေးနွေးပွဲ ပြီးပြတ်သွားရင်တော့ သြဂုတ်လ ၁၈ ရက် တနင်္လာနေ့ကျရင်တော့ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီတွေအကြား သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို အလွတ်သဘော ပြုလုပ်သွားဖို့ရှိတယ်လို့

“၁၈ ရက်နေ့မှာ ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီ အားလုံးပေါင်း စုစုပေါင်း ၃၄ ပါတီက လူတွေ၊ နောက် ဆရာဦးကွယ်ထူးဝင်းတို့ဆီက NCCT က ခေါင်းဆောင်တွေတက်မယ်၊ နောက် ကျနော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ခေါင်းဆောင်တွေ တက်ပြီးတော့ ဆွေးနွေးပွဲ ကျနော်တို့ လုပ်ပါမယ်။”

ရန်ကုန်က မြန်မာငြိမ်းချမ်းရေးစင်တာမှာ ၃ ရက်ကြာကျင်းပတဲ့ ဒီ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ဒုတိယမူကြမ်း အပြီးသတ်ရေးဆွဲရေး ဆွေးနွေးပွဲ ပထမနေ့ကတော့ - တိုင်းရင်းသားတွေဘက်က တောင်းဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ စကားလုံးအသုံးအနှုန်းကို အစိုးရဘက်က လိုက်လျောခဲ့ပြီး၊ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေးနဲ့ဆိုင်တဲ့အပိုင်းကိုတော့ ဒီမူကြမ်းမှာ မထည့်သွင်းဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေကျမှ ထည့်သွင်းဖို့ နှစ်ဘက် သဘောတူခဲ့တာကြောင့် ညှိနှိုင်းဖို့ ခက်ခဲနေတဲ့အပိုင်းကို ကျော်လွှားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်ဘက်ကိုယ်စားလှယ်တွေအနေနဲ့ အခုဆွေးနွေးပွဲကနေ ရလာမယ့် ရလဒ်တွေကို သူတို့ခေါင်းဆောင်တွေဆီ တင်ပြကြရဦးမှာလည်းဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ လာမယ့်လအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးပြီး သိပ်မကြာခင်မှာပဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီးကို ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်ရှင်။

XS
SM
MD
LG