သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားနဲ့ဓားစာခံလဲလှယ်ရေး ရှေ့မတိုး


အစ္စလာမ္မစ်စစ်သွေးကြွ အဖွဲ့ IS တို့ ဖမ်းဆီးထားတဲ့ ဂျပန်သတင်းထောက်နဲ့ ဂျော်ဒန်စစ်တပ်ကလေယာဉ်မှူးတို့ကို ကယ်တင်နိုင်ရေးအတွက် အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ ညှိနှိုင်းနေမှုဟာ ဒီကနေ့မှာလည်း အခြေအနေက ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေပုံရပါတယ်။

လေယာဉ်မှူး Mu’ath al-Kasaesbeh နဲ့ သတင်းထောက် Kenji Goto တို့ ဘေးကင်းကင်းနဲ့ ပြန်လွတ်လာဖို့ ကြိုးပမ်းချက်တွေဟာ အခက်အခဲ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Yasuhide Nakayama က မနေ့ သောကြာနေ့နှောင်းပိုင်းက ဂျော်ဒန်နိုင်ငံ Amman မြို့မှာ ပြောဆိုခဲ့ပါတယ်။

ဂျော်ဒန်အစိုးရဘက်က ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းသိပ်မရှိဘူးလို့လည်း ဂျော်ဒန် သံတမန်ဟောင်းတဦးက ပြောပါတယ်။ ဒီအခြေအနေမှာ ဂျော်ဒန် အစိုးရဘက်က ဖြေရှင်းဖို့ နည်းလမ်းကောင်း မရှိပါဘူး။ ဂျော်ဒန်တွေအနေနဲ့ အကြမ်းဖက်သမားတွေနဲ့ ညှိနှိုင်းတဲ့သမိုင်းလည်း မရှိပါဘူးလို့ ဂျော်ဒန် သံတမန်ဟောင်းက ပြောခဲ့တာပါ။

ဂျော်ဒန်လေယာဉ်မှူး အသက်ရှင်နေဆဲဖြစ်တယ်လို့ မနေ့ညက မိသားစုကကြေညာပေမယ့် သူအသက်ရှင်နေသေးတယ်ဆိုတဲ့ တခြား အတည်ပြုချက်တော့ မရှိပါဘူး။ အစ္စလာမ္မစ်စစ်သွေးကြွ IS တွေက ဂျော်ဒန်မှာ ဖမ်းခံထားရတဲ့ အီရတ်အမျိုးသမီးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ နေဝင်ချိန် နောက်ဆုံးထား ပြန်လွှတ်မပေးဘူးဆိုရင် ဂျော်ဒန်လေယာဉ်မှူးကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ IS စစ်သွေးကြွတွေ လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အမျိုးသမီးကတော့ ၂၀၀၅ ခုနှစ်က မြို့တော် Amman မှာ ဗုံးခွဲမှုနဲ့ သေဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ဂျပန်သတင်းထောက်ရဲ့ အခြေအနေကလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။ မနေ့တုန်းကတော့ ဂျော်ဒန်နိုင်ငံက ပြည်သူတွေရော ဂျပန် ပြည်သူတွေပါ လမ်းမပေါ်ထွက်လာပြီး ဓားစာခံတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်လာရေး တောင်းဆိုခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG