သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယအချီ ငလျင်ကြီး နီပေါမှာထပ်လှုပ်


ငလျင်ဒဏ်ကြောင့် ခင်ပွန်းသည်ဆုံးရှုံးခဲ့ရတဲ့ အိန္ဒိယအမျိုးသမီးကို ဆွေမျိုးသားချင်းတွေက ဖေးမနှစ်သိမ့်နေစဉ်။
ငလျင်ဒဏ်ကြောင့် ခင်ပွန်းသည်ဆုံးရှုံးခဲ့ရတဲ့ အိန္ဒိယအမျိုးသမီးကို ဆွေမျိုးသားချင်းတွေက ဖေးမနှစ်သိမ့်နေစဉ်။

နီပေါနိုင်ငံမှာ ဒီကနေ့ နေ့လည်အစောပိုင်းက အားပြင်းတဲ့ငလျင်တခု ထပ်လှုပ်သွားပြီး လူပေါင်း ၃၅ ဦးမက သေဆုံးသွားပါတယ်။ နီပေါမှာ လွန်ခဲ့တဲ သီတင်းသုံးပတ်ကပဲ အင်အားပြင်းတဲ့ငလျင်တခု လှုပ်ခဲ့အပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်နေချိန်မှာပဲ အခု ငလျင်ကြီးတခု ထပ်လှုပ်တာပါ။

အခုနောက်ဆုံးသတင်းအရ လူပေါင်း တထောင်ကျော်လည်း ဒဏ်ရာရရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ပြင်းအား ၇.၃ ရှိတဲ့ ငလျင်ဟာ ခတ္တမန်ဒူမြို့တော်အရှေ့ဘက် မိုင် ၅၀ နီးပါးမှာ ဗဟိုပြုပြီးလှုပ်ခတ်တာလို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပါတယ်။

တစ်နာရီအတွင်းမှာ ပြင်းအား ၆.၃ အထိ မြင့်တဲ့ ငလျင် အပါအဝင် နောက်ဆက်တွဲ ငလျင် ၆ ခု ထပ်လှုပ်သွားပါတယ်။ ငလျင်လှုပ်လို့ UNICEF ကုလသမဂ္ဂ ကလေးသူငယ်များရုံး အဆောက်အဦး ဟိုဘက်ဒီဘက် ယိမ်းခါပြီး ဝန်ထမ်းတွေအားလုံး စားပွဲအောက်မှာ ဝင်ပုန်းရတယ်၊ လမ်းမပေါ် ထွက်ပြေးရတယ်လို့ အဲဒီမှာရှိနေတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

ဒီကနေ့လှုပ်တဲ့ ငလျင်ဗဟိုချက်ဟာ ဧပြီလ ၂၅ ရက်နေ့ကလှုပ်တဲ့ ပြင်းအား ၇.၈ ငလျင်ဗဟိုချက်ကနေ မိုင် ၆၀ ကျော်ပဲ ဝေးပါတယ်။ ပထမငလျင်ကြောင့် လူပေါင်း ၈၀၀၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ကုန်တာပါ။

ငလျင်ဒဏ်သင့်သူတွေကို အစိုးရနဲ့ အကူအညီပေးအဖွဲ့တွေက အစားအစာ၊ ရေနဲ့ ယာယီနေဖို့ နေရာတွေ ကူညီ ထောက်ပံ့ပေးနေပါတယ်။ အကူအညီပေးလုပ်ငန်းတွေဟာ နောက်ဆက်တွဲ ငလျင်တွေ၊ ရာသီဥတုဆိုးရွားတာနဲ့ ဝေးလံတဲ့အရပ်တွေဆီရောက်ဖို့ ခက်ခဲတာတွေကြောင့် အစောပိုင်းရက်တွေမှာ အတော်လေး အခက်အခဲ ကြုံခဲ့ရပါတယ်။ ပြီးခဲ့တဲ့လငလျင်ဒဏ် အရေးပေါ် ကူညီကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေ ဒေါ်လာ ၄၁၅ သန်းမှာ ၂၂ သန်းပဲ ရသေးတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောပါတယ်။

XS
SM
MD
LG