သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ကျဉ်း လွှတ်ရေး အစိုးရသစ် လက်ထက် ဖြစ်နိုင်ပါ့မလား


ဆန္ဒပြကျောင်းသားများအား အချုပ်ကားတွင်း ထည့်ပြီး အကျဉ်းထောင်သို့ ဖမ်းဆီးခေါ်ဆောင်စဉ်။
ဆန္ဒပြကျောင်းသားများအား အချုပ်ကားတွင်း ထည့်ပြီး အကျဉ်းထောင်သို့ ဖမ်းဆီးခေါ်ဆောင်စဉ်။

လာမယ့်အစိုးရသစ် လက်ထက်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ စိန်ခေါ်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်တယ် လို့ နိုင်ငံရေးအကျဉ်းသား အခွင့်အရေး ဆောင်ရွက်လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှု ကျူးလွန်နေသူတွေကို ထိန်းချုပ်နိုင်မယ့် အခြေအနေတရပ် မဖေါ်ဆောင်နိုင်သရွေ့ ဒီလူ့အခွင့်အရေးချိုးဖေါက်နေတဲ့ အခြေအနေကို ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုပါတယ်။ ကိုအောင်အောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူ ၅၀၀ နီးပါးလောက်ရှိနေပြီး မကြာခင်မှာ အာဏာလွှဲပြောင်းရယူမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီလက်ထက်မှာ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးမှာ ဖြစ်တယ် လို့ သုံးသပ်မှုတွေရှိနေတာပါ။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ ဒီကိစ္စကို ဖြေရှင်းရမှာ အခက်အခဲတွေ တွေ့နိုင်တယ် လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က အခုလိုပြောပါတယ်။

" မြန်မာနိုင်ငံမှာ အစိုးရသစ်ရယ် ပါလီမန်ရယ်က လူထုရွေးချယ် ထားတဲ့လူတွေဖြစ်မယ်။ ဒါပေမဲ့ အစိုးရသစ်နဲ့ ပါလီမန်မှာက တိုင်းပြည်ရဲ့ အရေးရာကိစ္စတွေကို စီမံခန့်ခွဲမှု အပြည့်အဝ ရှိမှာမဟုတ်ဘူး။ ဆိုတော့ တိုင်းပြည်ရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကာလုံက အဓိက ကိုင်တွယ်ဖြေရှင်းမှာဖြစ်တယ်။ အဲ့ဒီ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ မလွတ်မြောက်ဖို့ဆိုတာက အစိုးရသစ်ရဲ့ သဘောထားဆိုတာထက် စာလို့ရှိရင် ကာလုံရဲ့ သဘောထားအပေါ် ပိုပြီးတော့ မှ မူတည်နေမယ် ဆိုတာမျိုးကို ကျနော်တို့ ထောက်ပြတယ်။

နောက်တခုက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု တော်တော်များများကို ကျူးလွန်နေတာက လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်တယ်။ ဆိုတဲ့အခါကျတော့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ပတ်သက်ပြီးတော့ အရေးယူနိုင်တဲ့ ယန္တယားတခု မရှိဘူးဆိုလို့ရှိရင် လူ့အခွင့်အရေးအခြေအနေ တိုးတက်လာဖို့ ဆိုတာကလည်း နည်းနည်းလေး ခက်ခဲတဲ့ကိစ္စမျိုးတွေရှိတယ်။ "

"ထုတ်ဖေါ်မှုအသစ်နဲ့ ဖိနှိပ်မှုအဟောင်းများ" အစီရင်ခံစာကို AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဒီကနေ့ ရန်ကုန်မြို့မှာ ထုတ်ပြန်လိုက်တာ မှာ နိုင်ငံရေး အကျဉ်းသားအရေးနဲ့ ပါတ်သတ်ပြီး ကိုဘိုကြည်က ဝင်ရောက်ဆွေးနွေးခဲ့ တာပါ။

"ထုတ်ဖေါ်မှုအသစ်များနဲ့ ဖိနှိပ်မှု အဟောင်း"ဆိုတဲ့ အစီရင်ခံစာကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်ခဲ့တာပါ။ ဒီအစီရင်ခံစာနဲ့ ပါတ်သတ်လို့ AI အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ Laura Heigh က အခုလို ရှင်းပြပါတယ်။

"အခုထုတ်ပြန်လိုက်တဲ့အစီရင်ခံစာမှာ လက်ရှိဖမ်းဆီးမှုတွေနဲ့ အကျဉ်းချထား ခံရသူတွေ အကြောင်း အဓိက မီးမောင်းထိုးပြထားပါတယ်။ လာမယ့် NLD အစိုးရ အနေနဲ့လည်း ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေကို လွှတ်ပေးဖို့နဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်တာကြောင့် သူတို့အပေါ် စွဲဆိုခံထားရတဲ့ အမှုတွေကို ပလပ်ပေးဖို့ကိုလည်း အကြံပြုထားပါတယ်။ ဒါ့အပြင် ဒီလိုလူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်တဲ့ ဥပဒေတွေကို ပြန်ပြင် သုံးစွဲတဲ့ အခြေအနေတွေကို ရှောင်ရှားဖို့ စတာတွေလည်း ပါဝင်ပါတယ်။"

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် ထောင်ဒဏ်အကျဉ်းချခံထားရသူ ၁၀၀ နီးပါးရှိပြီး အမှုရင်ဆိုင်နေရသူ ၄၀၀ လောက် ရှိနေတာပါ။ မကြာသေးခင်ရက်ပိုင်းတွေအတွင်း ဂျနီဗာမှာကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက UPR လို့ခေါ်တဲ့ နိုင်ငံချင်း အလိုက် လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြတဲ့ ညီလာခံ မှာတော့ မြန်မာ အစိုးရ က နိုင်ငံတကာအကြံပေးချက်တော်တော်များများကို လက်ခံခဲ့ပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေက ဆက်ရှိနေဆဲပဲလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း NLD အစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အခုလို ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနိုင်တဲ့ နည်းလမ်းတချို့ ရှိနေဆဲဖြစ်တဲ့အကြောင်း ၈၈ မျိုးဆက်နဲ့ ပွင့်လင့်လူ့အဖွဲ့အစည်းက ကိုမြအေးက အခုလိုပြောပါတယ်။

" သမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ဘာပါလဲဆိုတော့ လွတ်ငြိမ်းခွင့် ပေးခွင့်ရှိတယ်လေ။ ဆိုလိုတာက ၄၀၁ လိုမျိုးပေါ့ဗျာ။ ထောင်ကျပြီးတဲ့သူတွေကို လွတ်ငြိမ်း သက်သာခွင့် ပေးလို့ရတယ်ဗျ။ အပြီးအပိုင်လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ကတော့ ကာလုံနဲ့ ညှိပြီးပေးရမယ်ဆိုပြီးတော့ ဖွဲ့စည်းပုံမှာ အဲ့သလို နှစ်ပိုင်းခွဲပြီး ပြဋ္ဌာန်းထား ပါတယ်။ အဲ့တော့ ကျနော်မြင်တာကတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲ ကနေပြီးတော့ ထောင်ကျပြီးသား သူတွေကို လွှတ်ပေးရမှာဖြစ်သလို တရားရင်ဆိုင်ဆဲ ကိစ္စတွေကို ညှိနှိုင်းပြီးတော့မှ Withdraw ပြန်လုပ်ပေးနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ကောင်းတယ်။ အဲ့လောက်အခြေအနေကိုရောက်ဖို့ ခက်ဦးမယ်လို့ ထင်ပါတယ်။ "

မနေ့က ဗုဒ္ဓဟူးနေ့တုန်းကတော့နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြတဲ့ပွဲ ရန်ကုန်မြို့မှာ ကျင်းပခဲ့တာမှာတော့ ကျဆုံးသွားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ မိသားစုတွေကို ဂုဏ်ပြုခဲ့ပြီး ဒီအခမ်းအနားကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေရဲ့ မိသားစုဝင်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ သံတမန်တွေ တက်ရောက် ခဲ့ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြတဲ့ အနေနဲ့ အခုလို အခမ်းအနားကျင်းပတာလို့လည်း ပြောဆိုပါတယ်။

XS
SM
MD
LG