သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်၊ တိုင်း လွှတ်တော်သစ်များ ဘာတွေ မျှော်လင့်ထားလဲ


တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် အကြီးအကဲများ စာရင်းမှတ်တမ်း။
တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် အကြီးအကဲများ စာရင်းမှတ်တမ်း။

လာမယ့် လွှတ်တော်သက်တမ်း ၅ နှစ်တွင်း ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အလေးပေး လုပ်ဆောင်သွားဖို့ မျှော်လင့်တယ် လို့ ပြည်နယ် လွှတ်တော် အကြီးအကဲ တချို့က ပြောပါတယ်။ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဦးဆောင် ဖွဲ့စည်းထားတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်သစ်တွေရဲ့ ပထမဆုံး အကြိမ် ပုံမှန် အစည်းအဝေးတွေကို ဒီလအစောပိုင်း မှာပဲ ခေါ်ယူခဲ့ကြသလို၊ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာတွေကို လည်း ရွေးချယ်ခဲ့ကြပြီး ဖြစ်ပါတယ်။ အသစ် ဖွဲ့စည်း လိုက်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်သစ်တွေနဲ့ ပတ်သက်လို့ ဘယ်လို မျှော်လင့်ချက်တွေ ရှိပါလဲ။ မခင်ဖြူထွေးက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ် စတင်ခေါ်ယူ တဲ့ ပြည်နယ် နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေ အနေနဲ့ ရှေ့ဆက် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မျှော်လင့်ချက်တွေကတော့ အများအပြား ရှိနေတာပါ။ ပြည်နယ် လွှတ်တော် အကြီးအကဲ တချို့ကတော့ လာမယ့် လွှတ်တော်သက်တမ်း ၅ နှစ် တွင်း ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အလေးပေး လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။

ကယားပြည်နယ်လွှတ်တော်သစ် ဥက္ကဋ္ဌ အဖြစ် အရွေးခံခဲ့ရတဲ့ ရှားတောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးလှထွေးက - တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးမှာ အရေးပါတဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် ကြိုးပမ်း သွားမှာဖြစ်သလို၊ လူထု အသံကို နားထောင်ပြီး လူထုတွေရဲ့ လိုအပ်ချက်တွေ ကို ဖော်ဆောင်ပေးနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့က ပြည်တွင်းငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေး ရမှပဲ အားလုံး ဖွံ့ဖြိုး တိုးတက်နိုင်မယ်လေ။ ငြိမ်းချမ်းရေးပြီးရင်တော့ တိုင်းရင်းသား အရေးပေါ့။ တိုင်းရင်းသား အရေးဆိုတာ ကယားပြည်နယ်မှာက တိုင်းရင်းသား ကိုးမျိုး ရှိတယ်လေ။ တိုင်းရင်းသားကိုးမျိုးထဲမှာ ယင်းတလဲ ဆိုတာက တိုင်းရင်းသား ကိုးမျိုးထဲမှာ နည်းနည်းလေး မှေးမှိန်နေတယ်လေ။ မှေးမှိန်တယ်ဆိုတာ လူမျိုးလည်း လူဦးရေလည်း နည်းသွားပြီပေါ့။ အဲ့တာလေးကိုလည်း ကျနော်တို့ ဖော်ထုတ်မယ်။ တခြား သူတို့ရဲ့ ၈မျိုးအတွက်လည်း တန်းတူဖြစ်အောင် ကျနော်တို့ ဖော်မယ်။ ဘယ်လိုပြောမလဲ။ သူတို့ရဲ့ အားနည်းချက်တွေကို ကျနော်တို့ လုပ်ပေးမှာပေါ့။ ထိန်းသိမ်းပေးမှာပေါ့။

နောက်တခုက ကျနော်တို့က ကျနော်တို့ လုပ်ချင်တယ်ဆိုတာထက် ကျနော်တို့ကို မဲပေးခဲ့တဲ့ ကျနော်တို့ရဲ့ လုပ်သားပြည်သူတွေရဲ့ အသံကို ကျနော်တို့ ကောင်းကောင်း နားထောင်မယ်။ အဲ့ဒီ့အထဲမှာမှ သူတို့ဆီက တန်ပြန်လာတဲ့အသံနဲ့ ကျနော်တို့ လုပ်ချင်တာနဲ့ ကိုက်တဲ့ဟာလေးတွေကို ကျနော်တို့ ဥပဒေပြုမယ်လို့ ရည်မှန်းထားတယ်။"

NLD ဦးဆောင်တဲ့ အစိုးရသစ် ဖွဲ့စည်းပြီးတဲ့အခါ ပြည်နယ်အစိုးရနဲ့ လက်တွဲပြီး လူထုတွေရဲ့ လိုအပ်ချက်တွေကို ပိုမို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင် ဖို့ မျှော်လင့်တယ် လို့လည်း သူက ပြောပါတယ်။

ပြည်နယ် လွှတ်တော်တွေရဲ့ လုပ်ငန်းတွေနဲ့ လုပ်ပိုင်ခွင့်တွေ ခွဲခွဲခြားခြား ဖြစ်လာဖို့ ကတော့ ပြည်ထောင်စုလွှတ်တော်အဆင့်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေး အကောင်အထည်ဖော်ပြီးမှပဲ သတ်သတ် မှတ်မှတ်ဖြစ်လာနိုင်တယ်လို့ ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောပါတယ်။

" အခုဟာက တကယ်တမ်းဆိုရင်တော့ လွှတ်တော် အနေနဲ့ ပြည်သူရဲ့အကျိုး ကို ဖြစ်ထွန်းစေမယ့် နံပတ်တစ်ကတော့ အခြေခံဥပဒေကို ပြင်ဆင်မှ လုပ်ပိုင်ခွင့်နဲ့ လုပ်ငန်းကဏ္ဍက ပြည်နယ်နဲ့ ဗဟိုကို ခွဲခြားပြီးတော့ လုပ်ဖို့က ကျနော်တို့ ပြောလို့ ရမှာ။ ဘာပဲဖြစ်ဖြစ် ဗဟိုနဲ့ပြည်နယ် လုပ်ပိုင်ခွင့်က သပ်သပ်လေး ဥပဒေပြုမှု ပြင်ဆင်မှု ဖြစ်မှပဲ ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်တွေ ရှိမှာဆိုတော့ အခုကတော့ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ပြည်နယ်အတွက်ကတော့ လုပ်ရမှာတွေ အများကြီးရှိပါတယ်။ ဘယ်နေရာမဆို ကျနော်တို့ ချင်းပြည်နယ်က လမ်းပမ်း ဆက်သွယ်ရေးက ဥပမာ လမ်းကြောင်းတွေက ဘာမှ အဆင်မပြေသေးဘူး။ အဓိက နံပတ်တစ်က ဆက်သွယ်ရေး လမ်းကြောင်း ဥပမာ ကျနော်တို့ ပြည်နယ် လမ်းမကြီး ဟိုးမြို့က ပလက်ဝအထိ ဖွင့်နိုင်ရင် အနောက်ဘက် အိန္ဒိယနိုင်ငံနဲ့ ဆက်သွယ်ရေး လမ်းကြောင်း လေးငါးခုလောက် ဆက်သွယ်ရေး လမ်းကြောင်း ကောင်းကောင်း လုပ်နိုင်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကျနော်တို့ လက်ထဲမှာ လုပ်စရာ အများကြီး ရှိတယ်။ အဓိက ဘက်ဂျက်တွေ ဘာတွေ လိုမယ်ဆိုတော့ အဲ့ဒီ့ ဗဟိုအစိုးရနဲ့ ဘယ်လိုလုပ်ပိုင်ခွင့် ခွဲဝေမှုရှိမလဲဆိုတာ ကျနော်တို့လည်း အတိအကျ ပြောလို့မရသေးဘူးနော်။"

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သစ် ရဲ့ ဒုဥက္ကဋ္ဌ ဦးခင်မောင်ဌေး ကတော့ လွှတ်တော်သစ် အနေနဲ့ ပြည်သူတွေရဲ့ အကျပ်အတည်းတွေ ကို လျော့ပါးအောင် ကြိုးပမ်း သွားမယ်လို့ ပြောပါတယ်။ လတ်တလောမှာတော့ လွှတ်တော်သစ် အနေနဲ့ အရင်လွှတ်တော်က ချမှတ်ခဲ့တဲ့ ဥပဒေတွေနဲ့ လုပ်ငန်းတွေ ကို ပြန်လည် သုံးသပ်နေပြီး ရှေ့ဆက်လုပ်ဆောင်နိုင်မယ့် လုပ်ငန်းတွေကို လည်း ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

" ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် အရင် ပထမအကြိမ် လွှတ်တော်မှာ ဘာတွေ လုပ်ထားခဲ့သလဲ။ ဘာတွေ လုပ်နိုင်ခဲ့သလဲ။ နောက်တခုက ကျျနော်တို့ ဥပဒေပြုရေး အပိုင်းနဲ့ ကျနော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ checks and balances ဘယ်လောက် လုပ်ထားခဲ့သလဲ။ ဘာဥပဒေတွေ ပြုထားခဲ့သလဲ။ အကြမ်းဖျင်းပြောရင်တော့ ကျနော်တို့က အဲ့တာတွေကို ပြန်လေ့လာနေတယ်ပေါ့။ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ပြည်သူအတွက် ဘာလုပ်ပေးနိုင်မလဲ။ ဥပဒေဘောင်အတွင်းကနေ ဘယ်ကိစ္စတွေကို လုပ်ပေးနိုင်မလဲ။ ဥပဒေနဲ့ အညီအညွတ်ဖြစ်အောင် လုပ်ပေးနိုင်အောင်လို့လဲ ကျနော်တို့က လက်ရှိ အရင်လုပ်ထားတဲ့ မူတွေရယ် ဘာတွေ လုပ်ရမလဲဆိုတာ လောလောဆယ် ကျနော် လေ့လာနေပါတယ်။ ပြည်သူတွေအတွက်ကတော့ သူတို့မှာ ဖိစီးနေတဲ့ ကိစ္စလေးတွေ သက်သာမှုရအောင် ကျနော်တို့ ကြိုးစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ "

အသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်သစ်တွေရဲ့ လုပ်ငန်းတွေကိုတော့ သမ္မတသစ်ရွေးချယ်ပြီး အစိုးရ သစ်ဖွဲ့စည်းပြီးတဲ့အခါမှာ ပိုပြီးတော့ သေသေချာချာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အကြီးအကဲ တချို့က ပြောပါတယ်။ ဒုတိယ အကြိမ် ပြည်နယ် နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေကနေ ရွေးချယ် အတည်ပြုလိုက်တဲ့ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ ဒုဥက္ကဋ္ဌတွေကို လွှတ်တော်သစ် အပေါ် မျှော်လင့်ချက်တွေ၊ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အတော်များများက ဖြေကြားဖို့ တွန့်ဆုတ်ခဲ့ကြပါတယ်။

XS
SM
MD
LG