သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းအပြောင်းအလဲ နဲ့ ဗဟုအဖွဲ့ရဲ့ အမြင်သုံးသပ်ချက်များ


ပြည်တွင်းအပြောင်းအလဲ နဲ့ ဗဟုအဖွဲ့ရဲ့ အမြင်သုံးသပ်ချက်များ
ပြည်တွင်းအပြောင်းအလဲ နဲ့ ဗဟုအဖွဲ့ရဲ့ အမြင်သုံးသပ်ချက်များ

ယနေ့ မြန်မာပြည်မှာ ဖြစ်ထွန်းပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စီးပွားရေး တိုးတက်ပြောင်းလဲလာမှု အလားအလာတွေဟာ အောက်ခြေခိုင်တဲ့ တိုးတက်မှုတွေ ဟုတ်ရဲ့လား။ နောက်ကို လျှောကျသွားနိုင်တဲ့ အခြေအနေတွေ ရှိနေသလား။ ရှေ့ကိုဆက်ပြီး တိုးတက်ပြောင်းလဲဖို့အတွက် ဘာတွေလိုအပ်သလဲဆိုတာတွေကို ဗဟုဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးတင်မောင်သန်း၊ ဦးဝင်းမင်း တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး အရိပ်အရောင်၊ အလားအလာတွေ တွေ့နေရတယ်။ အခြေအနေကောင်းလာတယ်လို့ လူတော်တော်များများက သုံးသပ်ကြပါတယ်။ တချို့ကလည်း ဒီအလားအလာတွေဟာ အမြဲတမ်း မဖြစ်လာနိုင်ဘူး။ နောက်ပြန်လှည့်သွားနိုင်တယ်လို့ ဆိုကြပါတယ်။ ဆရာတို့ နှစ်ယောက်လုံးက မြန်မာ့အရေးကို ထဲထဲဝင်ဝင် လေ့လာစောင့်ကြည့်နေကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြလို့ ဆရာတို့နဲ့ ကျနော်ဆွေးနွေးချင်ပါတယ်။ ပထမဦးဆုံး ပြုပြင်ပြောင်းလဲရေး အလားအလာတွေ ရှိနေတယ်ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ နောက်ပြန်လှည့်မလှည့် မပြောခင်။ ပြုပြင်ပြောင်းလဲရေး အလားအလာ တကယ်ရှိနေပါသလားဆိုတာကို အရင်ဆုံး ဆွေးနွေးချင်ပါတယ်။ ဆရာဦးတင်မောင်သန်း တကယ်တွေ့မြင်နေရပါသလား။

ဦးတင်မောင်သန်း ။ ။ တွေ့ရတယ်လို့ ပြောရမှာပါ။ ချုပ်ပြောရရင်တော့ ခေါင်းတည်နေတယ်။ ရွေ့လည်းရွေ့နေတယ်။ ဒါပေမဲ့ နိုင်ငံတကာ စံတွေ၊ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက ကြည့်လို့ရှိရင်တော့ ခရီးက ဒီလောက်တော့မပေါက်သေးဘူးလို့ ပြောရမှာပါ။

ဦးကျော်ဇံသာ ။ ။ တဆက်တည်း ဆက်ဆွေးနွေးစေချင်တာက အဲဒီ အလားအလာတွေက ရှေ့တိုးနိုင်တဲ့ အခြေအနေတွေ ရှိနေပါသလား။ သို့တည်းမဟုတ် အချိန်မရွေး နောက်ကို ပြန်လှည့်သွားနိုင်တယ်လို့ ထင်ပါသလား။

ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ မြန်မာနိုင်ငံရေးသမိုင်းကြောင်းအရ ဖြစ်ပေါ်ပြောင်းလဲခဲ့တဲ့ အခြေအနေအရဆိုလို့ရှိရင် နောက်ကြောင်းပြန်လှည့်နိုင်ဖို့ အလားအလာကို ကျနော်တို့က မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ အနှိမ့်ဆုံးတော့ ရှေ့လည်းမရောက် နောက်လည်းမဆုတ် ပြောင်းဖို့ ဦးတည်နေတဲ့နေရာမှာပဲ ဦးတည်နေတဲ့အတိုင်း ဆိုင်းနေတဲ့ အဖြစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်းရဲ့ သဘောထားကို သိချင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး အလားအလာတွေ တွေ့နေရပြီ။ ပြုပြင်ပြောင်းလဲရေး လမ်းစနေပြီဆိုတာနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထား ရှိပါသလဲ။

ဦးဝင်းမင်း ။ ။ စတွေ့နေရပါပြီ။ အစပိုင်းပေါ့။ တဖြည်းဖြည်းဆက်သွားပြီးတော့ ဒီထက်ပိုပြီး ပြောင်းလဲဖို့တော့ လိုပါသေးတယ်။ ဥပမာ ပထမဦးဆုံး အဓိက လက္ခဏာအနေနဲ့ သမ္မတသစ် ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ စတွေ့လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကို ရွေးကောက်ပွဲမှာ ဝင်လာနိုင်အောင် စပြီးလမ်းဖွင့်ပေးတာက ကျနော်ထင်တယ် ဒီနှစ်ထဲမှာ ဖြစ်ခဲ့တဲ့ အကြီးမားဆုံး တိုးတက်ပြောင်းလဲမှုကြီးလို့ ပြောလို့ရပါတယ်။ ဒီနေရာမှာ ပြောင်းသွားရခြင်း အကြောင်းကို ကြည့်ရင်တော့ အဓိက နှစ်ချက်တွေ့ပါတယ်။ တချက်က ခေါင်းဆောင်ပိုင်းရဲ့ မျိုးဆက်ပြောင်းသွားပြီ။ အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျိုးဆက်မဟုတ်တော့ဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ထိပ်ပိုင်းမှာရှိစဉ်က ၁၉၈၈ လောက်မှာဆိုရင် ဗိုလ်မှူးလောက်အဆင့်ရှိတဲ့ ဦးသိန်းစိန်လို လူမျိုး။ ဒါအပြင် အရင်တုန်းက ၈၈ မှာဆိုရင် တာဝန်တောင် စမယူရသေးတဲ့ အသက် (၅၀) ကျော်လောက်ပဲရှိတဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လို လူမျိုး အဲဒီလိုမျိုး မျိုးဆက်သစ်တွေ ပြောင်းသွားတဲ့အတွက် ခေတ်ကြီးကလည်း စပြောင်းလာတဲ့အတွက် ကျနော်ထင်တယ် အပြောင်းအလဲကိုတော့ ဆက်သွားမယ်သဘောတော့ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ခေါင်းဆောင်ပိုင်း ပြောင်းလဲလာပြီလို့ ကိုဝင်းမင်း က သုံးသပ်တယ်ပေါ့။ ကျနော်တို့ သဘောတရားပိုင်း မသွားခင်မှာ ဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ခေါင်းဆောင်ပိုင်း ပြောင်းသွားပြီလား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ မျိုးဆက် ကျန်ရစ်ခဲ့ပြီလို့ ပြောလို့ရလား။ ကျနော်တို့ သတင်းသမားတွေ ဆရာတို့ တွေ့နေရတဲ့အတိုင်း ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲဖို့ သမ္မတက ညွှန်းကြားတယ်။ ဗိုလ်ချုပ်ကြီးက မလိုက်နာဘူး။ တချို့သောတရှင်တွေ စာရေးလာကြတယ်။ အဲဒီလို မလိုက်နာတာ စစ်ဦးချုပ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်ကို နာခံနေဆဲဖြစ်လို့ဆိုတာ ပြသနေတာ ဘာညာပြောကြတယ်။ ဆိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ မျိုးဆက် တကယ်ကျန်ရစ်ခဲ့ပြီလို့ ထင်ပါသလား။

ဦးတင်မောင်သန်း ။ ။ အပြောင်းအလဲတွေတိုင်းဟာ အတိတ်နဲ့ တိတိပပပြောင်းလဲပြီးတော့ ပြောင်းကြတာ မဟုတ်ဘူး။ အမြဲတမ်း အတိတ်က တစုံတရာကျန်တယ်။ အဲဒီအထဲကနေမှ အနာဂတ်အသစ်ကို သွားချင်တာ တဖြည်းဖြည်း ပေါ်ထွက်လာရတယ်။ အဲဒီကြားထဲမှာ အားပြိုင်မှုတွေ ရှိနေကြတယ်။ ဒီတော့ မြန်မာနိုင်ငံမှာလည်း နယ်ပယ်အသီးသီးမှာ စောစောက ဆရာပြောတဲ့ နယ်ပယ်အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်တဲ့နယ်ပယ် အပါအဝင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ပညာရေးပြုပြင်ပြောင်းလဲမှု နယ်ပယ်တိုင်းမှာ အဲဒီလို အဟောင်းနဲ့အသစ်၊ အတိတ်နဲ့ အနာဂတ် အားပြိုင်မှုတွေ အားဆွဲနေတာတွေတော့ ရှိနေအုံးမှာပါ။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း သဘောထား ပြောပါအုံး။ အဲဒီတော့ အပြောင်းအလဲကို မလိုလားတဲ့ အင်အားစုတချို့က ရှိနေတယ်။ သဘောထား တင်းမာတဲ့အုပ်စုလို့ ပြောကြတယ်ဆိုတာလည်း ကြားနေရပါတယ်။ အဲဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။

ဦးဝင်းမင်း ။ ။ အဓိကတော့ ပြောင်းလဲမှုမလိုဘူး။ လက်ရှိအခြေအနေတိုင်း ဆက်သွားလို့ ရနိုင်ကောင်းရနိုင်တယ်လို့ ထင်ထားတဲ့ အုပ်စုလေးတစုတော့ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့က အခုအချိန်မှာတော့ လူနည်းစုသဘောမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ ဆိုလိုတာက အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးကောင်းလာအောင်။ နိုင်ငံတကာမှာလည်း ဝင်ဆန့်လာအောင် လုပ်ချင်တယ့်။ အပြောင်းအလဲအတွက် လုပ်လိုသူတွေ ရှိသလို။ တရုတ်နိုင်ငံနဲ့ပဲဆက်ပြီး ပူးပေါင်းဆောင်ရွက်ပြီးတော့ နိုင်ငံတကာနဲ့ ပွင့်ပွင့်လင်းလင်း မလုပ်ဘဲ မြန်မာနိုင်ငံ ဆက်သွားလို့ရတယ်လို့ အမြင်ရှိတဲ့ လူတချို့လည်း ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ကျနော်အခုန ပြောသလို အပြောင်းအလဲ လုပ်လိုသူတွေဘက်က အားနည်းနည်းသာနေတာကို တွေ့ရတဲ့အတွက် အပြောင်းအလဲလုပ်ဖို့ မလိုဘူးဆိုတဲ့လူတွေကတော့ တားတယ့်အနေအထားမျိုးတော့ မတွေ့ရဘူး။ သူတို့ကတောင်မှ သူတို့လည်း ပြောင်းလဲလိုချင်သူတွေဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး နည်းနည်းစပြလာတာကို တွေ့ရတဲ့အတွက် အပြောင်းအလဲ ရှေ့မှာဆက်သွားမယ့် အလားအလာရှိတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ ဆရာ အခုနပြောတဲ့ စစ်တိုက်တဲ့ကိစ္စ - ကချင်မှာ သမ္မတ က အမိန့်ပေးပြီးတော့ ကာကွယ်ဦးစီးချုပ်အနေနဲ့ စစ်ရပ်ဖို့ပြောတဲ့ကိစ္စမှာ ကျနော့်အမြင်က တင်းမာတဲ့လူတွေဘက်ကနေ အမိန့်ကို မနာခံဘူးဆိုတာထက် ဒီအမိန့်က အောက်ခြေကို သေသေချာချာ နားလည်းအောင် မရောက်သေးဘူးလို့ထင်တယ်။ အပြောင်းအလဲတွေမှာ အဲဒါ ဖြစ်လေ့ရှိပါတယ်။ ဒီနေရာမှာ ကျနော်အမြင်ကတော့ သမ္မတအနေနဲ့ ဒီနေရာမှာ ထူးထူးခြားခြား လုပ်တာတခုတော့ တွေ့ရတယ်။ အရင် စစ်ကောင်စီအုပ်ချုပ်တဲ့ ပုံစံမျိုး လုံခြုံရေးကောင်စီကသာ အုပ်ချုပ်မယ်ဆိုလို့ရှိရင် သမ္မတအနေနဲ့ လုံခြုံရေးကောင်စီထဲမှာပဲ စုပေါင်းပြီး၊ တိုင်ပင်ပြီး ဆောင်ရွက်ရမယ့်သဘောမျိုး သူလုပ်ရမှာပါ။ အခုကကြတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တုန်းကလို့ မဟုတ်ဘဲနဲ့ သူက သမ္မတအမိန့်နဲ့ တိုက်ရိုက်ပေးတာ။ ပေးတာကိုလည်း ကျနော်တို့ သိရသလောက် ကာကွယ်ရေးဦးစီးချုပ်ကလည်း အောက်ခြေတွေကို အဆင့်ဆင့် ဆက်ညွှန်းကြားထားပြီးပြီ။ အောက်ခြေတွေမှာ အမိန့်ကို သေသေချာချာ နားလည်းမှု မရှိသေးတဲ့ အနေအထားမျိုး ကာလဖြစ်တဲ့အတွက် မကြာခင်မှာတော့ အပစ်အခတ်တဖြည်းဖြည်း ရပ်လာမယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ စစ်တပ်အချင်းချင်း အဲဒီလောက်အမိန့်ပေးတာ အဲဒီလောက်ကြာရင်တော့။ နောက်တခုရှိတာက ကိုဝင်းမင်း ပြောတဲ့အထဲမှာ သူတို့ရဲ့ အရင်ရရှိခဲ့တဲ့ အကျိုးစီးပွားတွေကို မစွန့်လွှတ်ချင်တဲ့အပိုင်းဆိုတာ လုံးဝမပါဘဲနဲ့ တိုင်းပြည်အတွက် ဘယ်လိုဆိုရင် ဆက်လို့ရမယ်ဆိုတာပဲ မြင်တယ်။ သူတို့အကျိုးစီးပွားကို စွန့်လွှတ်ဖို့ ခက်ခဲနေတယ်ဆိုတဲ့အပိုင်း မရှိဘူးလား။

ဦးတင်မောင်သန်း ။ ။ ရှိတာပေါ့။ ယေဘုယျအားဖြင့် ကျနော်တို့က အကျိုးစီးပွားထောင့်ကနေကြည့်တာ သိပ်ပြီးမသန်ပေမယ့်လို့ တကယ်ဘဝမှာတော့ အကျိုးစီးပွားတွေကို ကြည့်ကြတယ်။ ဒါကြောင့်မို့ အခုန ကိုဝင်းမင်း ပြောတဲ့အချက်တွေကလည်း အဓိက အချက်တွေပဲ။ ပြီးတော့ လက်တွေ့မှာ ကျနော်တို့သွားတဲ့အခါမှာ တွေ့ရတာက ပြောင်းတယ်ဆိုတာကို ဝန်ထမ်းတွေကြားထဲမှာ အလုပ်လုပ်နေကြတဲ့ လူတွေကြားထဲမှာကိုက အဲဒီလို ပြောင်းတယ်လို့ ယုံကြည်နိုင်ဖို့ ခက်နေတာရှိတယ်။ သူတို့ကြည့်တာက ဘယ်လိုကြည့်သလဲဆိုရင် တကယ့်အာဏာက ဘယ်ထဲမှာလဲ။ ဘယ်လောက်ကော ရှိနေတဲ့ အနေအထားတွေက အားကောင်းသလဲ။ ဥပမာဆိုရင် ယေဘုယျအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှု လိုတယ်ဆိုတာကတော့ အားလုံးနီးနီးက လက်ခံကြပါတယ်။ သို့သော်လည်း လက်တွေ့အနေနဲ့ ကြည့်ကြတဲ့အခါကြတော့ ကိုယ့်အနေအထားနဲ့ အလုပ်တခုကို လုပ်ကြတော့မယ် လက်တွေ့လုပ်ငန်းခွင် အလုပ်အနေနဲ့ လုပ်ကြတော့မယ်ဆိုတဲ့အခါမှာ ကြည့်ရတဲ့အချက်က ဘယ်သူက တကယ်အားကောင်းနေတာလဲ။ ဘယ်သူလက်ထဲမှာ တကယ် ပါဝါ (power) ရှိသလဲလို့ ကြည့်လိုက်တဲ့အခါကြတော့ မီဒီယာတွေက ပြောသလို ဦးသိန်းစိန် က နည်းနည်းပြောင်းချင်တယ်။ ဦးတင်အောင်မြင့်ဦး က မပြောင်းချင်ဘူး။ တခါ သဘောထား တင်းမာတဲ့လူတွေလို့ ပြောကြတဲ့အုပ်စုတွေ ရှိတယ်။ အဲဒီလူတွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို စီးထားတယ်။ လွှတ်တော်ကို စီးထားတယ် အစရှိသဖြင့် မြင်နေရတဲ့အခါကြတော့ လူတွေကိုယ်၌က ပြောင်းချင်ပေမယ့်လို့ တကယ်ပြောင်းတာကော ဟုတ်ရဲ့လားဆိုတဲ့ သံသယတွေကလည်း ဆက်ပြီး ရှိနေတယ်။ အဲဒါကြီးကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာက ပြုပြင်ပြောင်းလဲရေးရဲ့ အဓိကကျတဲ့ လက်တွေ့ထောင့်ကပြောရင် အဓိကကျတဲ့ အချက်ကြီးတချက် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါကိုပဲ မေးချင်တာပါ။ ပြုပြင်ပြောင်းလဲရေးအတွက် ဆရာ အခုနပြောတဲ့ stagnation ရပ်တန့်နေတာလား။ ရှေ့ကိုနည်းနည်း တိုးသလား။ နောက်ကို ပြန်လှည့်နိုင်တယ်ဆိုတဲ့အပိုင်း ထားလိုက်တော့။ နောက်ကိုပြန်လှည့်တာကို မစဉ်းစားတော့နဲ့ အပြုသဘောဆောင်ပြီး ရှေ့ကိုတိုးအောင် ဘာလုပ်မလဲဆိုတာကို ပြောကြရအောင်။ ကိုဝင်းမင်း ရှေ့ကို တိုးအောင် ဘာလုပ်ကြမလဲ။ ဘာလုပ်ရမယ် ထင်ပါသလဲ။

ဦးဝင်းမင်း ။ ။ အဓိကတော့ လက်ရှိ အပြောင်းအလဲ လိုလားတဲ့အုပ်စုတွေကို နည်းနည်း ထင်ထင်ပေါ်ပေါ် ပိုမြင်လာရပြီ။ သူတို့နဲ့ ပိုပူးပေါင်း ဆောင်ရွက်မှုတွေ လိုပါတယ်။ ဆိုလိုတာက ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုတွေလည်း ပြုပြင်ပြောင်းလဲရေး လိုလားတဲ့လူတွေနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုသလို။ နိုင်ငံတကာကလည်း သူတို့ ပိုလုပ်လာနိုင်အောင် ဝိုင်းပြီး ကူပေးသင့်ပါတယ်။ အဲဒီလို လုပ်သွားလို့ ရှိရင်တော့ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေဘက်က ပိုဆက်အားသာပြီးတော့ အပြောင်းအလဲတွေ နောက်ပြန်မလှည့်မယ့် အနေအထား ရောက်နိုင်ပါတယ်။ အဲဒီလို မဟုတ်ရင် အခုန ပြုပြင်ပြောင်းလဲရေး မလိုဘူးဆိုတဲ့အုပ်စုက ကာလတခုမှာ တိုးတက်မှုတွေ မဖြစ်လာလို့ရှိရင် သူတို့ပြန်ပြီး အားရှိလာအောင် ကြိုးစားတာမျိုးတွေကို ကျနော်တို့ ရင်ဆိုင်ရလာဖို့ ရှိပါတယ်။ အဲဒီလိုဖြစ်ရင် နောက်ပြန်လှည့်သွားနိုင်တာကို ကျနော်တို့ စိုးရိမ်ရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း ပြောတာက နှစ်ချက်။ အခု ကျနော် ကြည့်တာကတော့ အကုန်ပြည့်စုံနေတာပဲ။ ပြည်တွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဟာ ပူးပေါင်းဆောင်ရွက်မယ်။ ရွေးကောက်ပွဲဝင်မယ့်။ လွှတ်တော်ကလည်း ကြိုဆိုနေတာကို ကြားနေရတယ်။ ဒါကတော့ အဆင်ပြေနေပါပြီ။ ပြည်ပကလည်း အင်မတန် စိမ်းကားခဲ့တယ့် အမေရိကန်ပြည်ထောင်စုကိုယ်တိုင် သမ္မတကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် ကို ဖုန်းဆက်တယ်။ နိုင်ငံခြားရေးဝန်ကြီးသွားတယ်။ သူတို့ကလည်း အလားအလာ ကောင်းတယ်။ အားပေးတယ်ဆိုတာ ဖြစ်လာပြီဆိုတော့ အဲဒီ နှစ်ချက်က ပြည့်စုံနေပြီ။

ဦးဝင်းမင်း ။ ။ အဲဒီလိုတော့ ပြောလို့မရသေးဘူး။ အဓိက institutional အဖွဲ့အစည်းအုပ်ချုပ်မှု ယန္တယားထဲမှာ ခိုင်မာသွားအောင် လုပ်ဖို့ လိုပါသေးတယ်။ အခုဟာက ခေါင်းဆောင်တွေကြားမှာ နားလည်းမှုရှိတဲ့ အားပေးမှုမျိုးပဲ ဖြစ်နေပါသေးတယ်။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် လက်ရှိ ပါလီမန်ထဲမှာ ဝင်ရောက်ဆွေးနွေးပြီးတော့ အပြောင်းအလဲတွေကို လုပ်လာနိုင်အောင် စစ်တပ်ကိုစည်းရုံး။ စစ်တပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အပြောင်းအလဲလုပ်လိုသူတွေက အပြန်အလှန် အပေးအယူတွေ ညှိပြီးတော့ ဒီမိုကရေစီဘက်ကို သွားနိုင်တဲ့ အုပ်ချုပ်ပုံယန္တယားတွေ ဖြစ်လာအောင် တဖြည်းဖြည်း တည်ဆောက်ယူသွားရမှာပါ။ အလားတူ နိုင်ငံတကာအနေနဲ့လည်း အခု အပြောင်းအလဲလုပ်လိုတဲ့ သမ္မတဦးဆောင်တဲ့အဖွ့ဲ သူတို့အတွက် လိုအပ်တဲ့ ဖွဲ့စည်းဆိုင်ရာကိစ္စတွေကို ဝိုင်းကူပေးဖို့ လိုပါတယ်။ အဲဒီလိုမျိုး အဖွဲ့အစည်း ယန္တယားတွေကအစ ခိုင်လာမှသာ ဒါတွေကိဖြတ်ပြီး နောက်ပြန်လှည့်ဖို့ ခက်မှာပါ။

ဦးကျော်ဇံသာ ။ ။ ဆရာဦးတင်မောင်သန်း သဘောထားလည်းပြောပါ။ ရှေ့ကိုဆက်ဖို့ ဘာလုပ်ကြမလဲ။

ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ အခုန အတိုက်အခံနဲ့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာလည်း နားလည်းမှု တစုံတရာရှိတယ်လို့ ဒီလိုပဲ သိကြတယ်။ ဒါပေမဲ့ ခေါင်းဆောင်ပိုင်းတွေကို ကြည့်လိုက်လို့ရှိရင်လည်း လက်တွေ့လုပ်ဆောင်မှုအရ ဆွေးနွေးပြောဆိုတဲ့ကိစ္စတွေကို မတွေ့ရသေးဘူး။ ဥပမာ workshop တွေ လာတယ်ဆိုတာ ပညာရှင်တွေလာတယ်။ ပြဿနာတွေ ဒီလိုရှိတယ်။ နိုင်ငံခြားမှာတော့ ဒီလို လုပ်ကြတယ်။ ဒီလို ဖြေရှင်းကြတယ်လို့ ပြောပေမယ်လို့ ခေါင်းဆောင်ပိုင်း အချင်းချင်းကြားထဲမှာ ပြဿနာတွေက ဘာတွေလဲ။ ဘာကိစ္စတွေကို ငါတို့ ကိုင်တွယ်ကြရမှာလဲ။ တခြားနိုင်ငံတွေမှာ ဘယ်လို ဖြေရှင်းကြသလဲ။ အဲဒါတွေက ဗမာပြည်အတွက် နည်းယူဖို့ကောင်းလား။ မကောင်းဘူးလားဆိုတဲ့ ထိုင်ပြီးတော့ ပြောဆိုတဲ့။ အလုပ်သဘော နားလည်းမှုကို ထူထောင်တာကို အခုထက်ထိ ကျနော်တို့ တခုမှ မတွေ့ရသေးဘူး။ အလားတူ အခုန ကိုဝင်းမင်း ပြောတဲ့အထဲမှာ အဲဒီသဘောတွေ ပါမယ်လို့ ထင်ပါတယ်။ အဖွဲ့အစည်းတွေကို ထူထောင်ဖို့ လိုတယ်ဆိုတာ။ ဥပမာ မလေးရှားမှာဆိုရင် policy council လို့ခေါ်တဲ့ မူဝါဒကောင်စီ ဆိုတာတွေရှိတယ်။ မူဝါဒတခု ချမှတ်မယ်ဆိုရင် အစိုးရက မူဝါဒ ချမှတ်နိုင်တာ ဟုတ်တယ်။ လွှတ်တော်ကလည်း မူဝါဒပေါ်မှာ သြဇာသက်ရောက်နိုင်တာ ဟုတ်တယ်။ သို့သော်လည်း ပါဝင်ပတ်သက်နေတဲ့ လူတွေအားလုံးက ဒီမူဝါဒတရပ်ကို ထိုင်စဉ်းစားပြီးတော့မှ ဘယ်လိုလုပ်မယ်ဆိုတာကို စဉ်းစားတဲ့ဟာမျိုး။ Policy council တွေ ရှိသလိုပဲ ဆိုလိုတာကတော့ လက်တွေ့ ငါတို့နိုင်ငံကို တိုးတက်အောင်လုပ်တော့မယ်ဆိုရင် တိုးတက်အောင်လုပ်ဖို့အတွက် လက်တွေ့အားဖြင့် နားလည်းမှု ထူထောင်တဲ့ ကော်မတီပဲဖြစ်ဖြစ်၊ ကော်မရှင်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲဖြစ်ဖြစ် နေရာတနေရာ ဖွဲ့စည်းပုံတခု၊ ဒီလိုတခုတော့ လုပ်ဖို့တော့ လိုလိမ့်မယ်။ အဲဒီလို မရှိဘဲနဲ့ အခု နားလည်းမှုဆိုတာနဲ့တော့ ခရီးသက်ပေါက်လိမ့်မယ်လို့ မထင်ဘူး။

XS
SM
MD
LG