သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေသိမ်းမှု မှတ်တမ်းများ


ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆက်မြို့နယ်မှာ လယ်ယာမြေဧက လေးရာကျော်ကို စစ်တပ်က ပြန်လည်စွန့်လွှတ်ကြောင်း သမ္မတရုံး အင်တာနက်စာမျက်နာရဲ့ အဖွင့်စာမျက်နှာမှာ ဧပြီလ (၄) ရက်နေ့က ဖော်ပြပါတယ်။ သိမ်းယူထားတဲ့ ပမာဏကိုတော့ မဖော်ပြပါဘူး။ ၁၉၈၈ စစ်အစိုးရ တက်လာပြီး မကြာမီ မြေယာသိမ်းပိုက်မှုနဲ့ ရိက္ခာလုယူမှုတွေ ဖြစ်ပွားတာကို ကျောင်းသားလူငယ်အဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့နဲ့ အရပ်သားအသင်းအဖွဲ့တွေက မှတ်တမ်းတင်ကြပါတယ်။ ရခိုင်၊ မွန်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ အစိုးရတပ်က မြေယာသိမ်းပိုက်ပြီး စီးပွားရှာပုံကို ရခိုင်၊ ပအို့ နဲ့ မွန်လူငယ်တွေက (၂၀၀၉) မှာ အစီရင်ခံစာ ထုတ်ဝေပါတယ်။

မြန်မာနိုင်ငံ အနံှအပြားမှာ မြေယာသိမ်းပိုက်ခံရလို့ ကျေးလက်လူထု ဒုက္ခရောက်ပုံကို ရန်ကုန်အခြေစိုက် "အလုပ်သမား၊ လယ်သမား သွေးစည်းညီညွှတ်ရေးအဖွဲ့ချုပ်" က (၂၀၁၁) မတ်လမှာ (၃၂) မျက်နှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ၂၀၁၃ မတ်လရောက်တော့ စစ်တပ်က မြေယာသိမ်းပိုက်ပြီး ဒေသခံတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းတဲ့အကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့က "ရပ်တည်ရာ ပျောက်ဆုံးခြင်း" ဆိုတဲ့ (၉၂) မျက်နှာ အစီရင်ခံစာ ထုတ်ဝေပါတယ်။ ဦးသိန်းစိန်အစိုးရက ပြုပြင်ရေးလုပ်နေကြောင်း ပြောဆိုနေတုန်း (၂၀၁၁) နဲ့ (၂၀၁၂) မှာ လယ်သမားတွေ ရွှေ့ပြောင်းခံရတာကို တင်ပြထားတာ ဖြစ်ပါတယ်။

ကရင်၊ မွန်၊ ပဲခူး နဲ့ တနင်္လာရီမှာ စစ်တပ်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ပူးပေါင်းပြီး မြေယာအများအပြားသိမ်းယူပုံကို ကရင်လူ့အခွင့်အရေးအဖွဲ့က ဖော်ပြပါတယ်။ အပစ်အခတ်ရပ်စဲလိုက်တာနဲ့ စစ်ဘက်အရပ်ဘက် အာဏာပိုင်တွေ၊ အပစ်ရပ်တပ်ဖွဲ့တွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး မြေယာသိမ်းပိုက်တာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲပြီးတဲ့နာက်ပိုင်းမှာ မြေယာသိမ်းပိုက်မှုတွေ များလာတဲ့အတွက် အပစ်ရပ်မြေရှင်လူတန်းစာ ပေါ်ထွက်လာပါတယ်။ ရှမ်းပြည်နယ်မှာ ပအို့အမျိုးသားအဖွဲ့နဲ့ ပအို့ပြည်သူစစ်က သိမ်းပိုက်ထားတဲ့ မြေယာတွေကို ပြန်ပေးဖို့ ပအို့တောင်သူလယ်သမားတွေ တောင်ကြီးမြို့မှာ လွန်ခဲ့တဲ့ ဇန်နဝါရီလ (၈) ရက်နေ့က စီတန်းလမ်းလျှောက်ပြီး ဆန္ဒပြကြပါတယ်။ ဒါကိုကြည့်ရင် တိုင်းရင်းသားတပ်ဖွဲ့တွေကလည်း မြေယာမတရား သိမ်းပိုက်နေတာ ထင်ရှားပါတယ်။

အရပ်သားတပိုင်း အစိုးရပေါ်လာပြီး မကြာမီမှာ လယ်ယာမြေစုံစမ်းရေးကော်မရှင်ကို တိုင်ကြားတဲ့ မြေယာအမှုပေါင်း (၆၀၀၀) ကျော် ရှိပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက မြေယာအမှု (၇၀၀) ကျော်သာရှိပြီး (၄၀၀) ကျော်ကို ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ ၂၀၁၄ မှာ ဖြေရှင်းတဲ့အတွက် လွှတ်တော်မှာ အတော်လေး မကျေနပ် ဖြစ်သွားပါတယ်။ နေပြည်တော်နယ်မြေမှာ စစ်တပ်က သိမ်းထားတဲ့ မြေယာအမှုကတင် (၂၀၀) ကျော် ရှိတာမို့ စိုက်ပျုးိရေးနဲ့ ဆည်မြောင်းဌာန ဖြေရှင်းချက်ဟာ ယုတ္တိမရှိဘူးလို့ မြင်ကြပါတယ်။ ဖြေရှင်းပေးတယ်ဆိုတဲ့ မြေယာအမှုမှာလည်း ပွင့်လင်းမြင်သာမှု မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပါတယ်။ မြေယာအမှုတွေမှာ လယ်သမားဘက်က အကျိုးဆောင်သူထဲမှာ မင်္ဂလာဒုံအခြေစိုက် "မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ" ကို လူသိများပါတယ်။

မြေယာသိမ်းပိုက်မှုကို လေ့လာနေကြတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေထဲမှာတော့ လန်ဒန်အခြေစိုက် Global Witness အဖွဲ့ဟာ ထင်ရှားပါတယ်။ မြန်မာနိုင်ငံမှာ ရာဘာလုပ်ငန်း တိုးချျဲ့လာတဲ့အတွက် မြေမဲ့ယာမဲ့တွေ တိုးပွားလာတဲ့အကြောင်း (၂၀၁၄) မတ်လမှာ Global Witness အဖွဲ့က အစီရင်ခံစာ ထုတ်ပါတယ်။ (၂၀၁၅) မတ်လရောက်တော့ အရှေ့မြောက်တိုင်း စစ်ဌာနချုုပ်၊ ခရိုနီ နဲ့ မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်းပြီး မြေယာအများအပြား သိမ်းပိုက်ပုံကို Guns, Cronies and Crops ဆိုတဲ့ (၅၆) မျက်နှာ အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင် တိုင်းမှူးလုပ်ခဲ့စဉ်က မြေယာအများအပြား သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၆ ပုဂ္ဂလိကပိုင် စီမံကိန်းကာလမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အမိန့်အရ လားရှိုးမြေစာရင်းဦးစီးဌာနနဲ့ စစ်ဗိုလ်တွေ ပူးတွဲပြိး မြေယာသိမ်းယူပုံကို ဖော်ပြပါတယ်။

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ ရှမ်းပြည်အရှေ့မြောက်မှာ ဧက (၂) သိန်းနီးပါး သိမ်းယူပြီး ရာဘာစိုက်ခွင့် ပေးထားပါတယ်။ မြေယာသိမ်းပိုက်မှုမှာ စိန်ဝတ်မှုံကုမ္ပဏီဟာ ထင်ရှားပါတယ်။ Global Witness အစီရင်ခံစာ အခန်း (၃) တခုလုံး စိန်ဝတ်မှုံအကြောင်း ရေးထားပါတယ်။ ဗိုလ်ချုုပ်တွေနဲ့ ရင်းနှီးတဲ့ မြန်မာပြည်ဖွား တရုတ်အမျိုးသား ဦးမောင်မြင့်ပိုင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က မြေယာသိမ်းပိုက်ယူပြီး စိန်ဝတ်မှုံကုမ္ပဏီကို လွှဲပေးတာလို့ ဆိုပါတယ်။ ခမရ (၆၈) က ဗိုလ်ချုပ်မျိုးရီ နဲ့ အရာရှိအချို့ကို စိန်ဝတ်မှုံကုမ္ပဏီရဲ့ ကိုယ်စားလှယ်အဖြစ် ဖော်ပြပါတယ်။

အခုတော့ ဗိုလ်ချုပ်မျိုးရီဟာ စိန်ဝတ်မှုံအမှုထမ်း ဖြစ်နေပါပြီ။ မြေသိမ်းတဲ့ ခရိုနီတွေထဲမှာ မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးရှောက်ချမ်း နဲ့ ဦးကျင်ဝမ်းတို့လည်း ပါဝင်ပါတယ်။ စိန်ဝတ်မှုံအတွက် တိုင်းမှူးလုပ်သူက မြေယာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီကလည်း မြေဧက (၁) ထောင်ကျော်ရရှိတဲ့ အထောက်အထား ရှိပါတယ်။ အခုတော့ ကြံ့ဖွံ့ပိုင်မြေယာ မတွေ့ရတဲ့အတွက် စိန်ဝတ်မှုံနဲ့ အခြားကုမ္ပဏီတွေကို ရောင်းစားလိုက်ပုံ ရပါတယ်။ မြေယာတွေကို ပြန်ပေးဖို့ ၂၀၁၂ ကစပြီး ဒေသခံတွေက သက်ဆိုင်ရာအာဏာပိုင်ဆီကို ပန်ကြားလွှာပေးပို့ပေမယ့် အကြောင်းမပြန်ဘူးလို့ Global Witness အဖွဲ့ရဲ့ မတ်လထုတ် (၅၆) မျက်နှာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG