သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး နှင့် အရပ်သားအသင်းအဖွဲ့


ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်နိုင်ဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပြုပြင်ရေးမှာ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က နှစ်ဆန်းတရက်နေ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။ လွန်ခဲ့တဲ့ မတ်လက ကျင်းပခဲ့တဲ့ အာဆီယံ လူထုဖိုရမ်မှာလည်း လူထုပညာပေး လုပ်ငန်းမှာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။ ပြည်သူတွေမှာ တွေ့ဆုံဆွေးနွေးငြင်းခုံတဲ့ အလေ့အထ အားကောင်းလာအောင် အရပ်ဖက်အသင်းအဖွဲ့တွေက ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။ တကယ် အားပေးသလားဆိုတာကို စောင့်ကြည့်ဖို့ လိုပါတယ်။

ဦးသိန်းစိန် အစိုးရပြုပြင်ရေးလုပ်တဲ့ ၂၀၁၁ ကစပြီး အရပ်သားအသင်းအဖွဲ့နဲ့ နိုင်ငံရေးပါတီ အဆက်အဆံ များပြားလာပုံကို ရေးထားတဲ့ Kristin Jesnes ရဲ့ စာတမ်းကို နော်ဝေ ငြိမ်းချမ်းရေးစင်တာက လွန်ခဲ့တဲ့ ဇွန်လက ထုတ်ဝေထားပါတယ်။ နိုင်ငံရေးပါတီတွေ၊ အရပ်သားအဖွဲ့ဝင်တွေနဲ့ မြန်မာ့ရေးရာ ကျွမ်းကျင်သူတွေကို တွေ့ဆုံမေးမြန်းပြီး ရေးထားတဲ့ စာတမ်းပါ။ နှစ်ပေါင်းများစွာ စစ်တပ်ကြီးစိုးပြီး ပြည်တွင်းစစ် ဖြစ်ခဲ့တာမို့ အဖွဲ့အစည်းတွေဟာ ဘယ်လို ဆက်ဆံရမှန်းမသိ ဖြစ်နေပါတယ်တဲ့။ စစ်တပ်၊ ပါတီ၊ အစိုးရ၊ အရပ်သားအဖွဲ့ နဲ့ တိုင်းရင်းသားတပ်ဖွဲ့ အသီးသီးမှာ အစီအစဉ်ကိုယ်စီ ရှိနေကြပါတယ်။

ယုံကြည်မှုရဖို့ မလွယ်ကူတာကြောင့် အရပ်ဖက်အသင်းအဖွဲ့နဲ့ နိုင်ငံရေးပါတီတွေဟာ ပုဂ္ဂိုလ်ရေးမှာ အခြေခံပြီး ဆက်ဆံကြတာများပါတယ်။ ဥပမာ NLD လို နိုင်ငံရေးပါတီဟာ ခေါင်းဆောင်ကို အားကိုးတဲ့ အဖွဲ့အစည်းဖြစ်တာမို့ ခေါင်းဆောင်အချင်းချင်း ဆက်ဆံရေးကောင်းဖို့သာ အဓိကထားပါတယ်။ နိုင်ငံရေးပါတီတွေဟာ အရပ်ဖက်အဖွဲ့အစည်းကို အမျိုးမျိုးမြင်ကြပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ အရပ်သားအဖွဲ့တွေကို သိမ်းသွင်းဖို့ ကြိုးပမ်းနေပါတယ်။ NLD အဖွဲ့ချုပ်ကလည်း အာဏာရပါတီနဲ့ လက်တွဲပြီး အတွင်းကနေ ပြုပြင်ဖို့ ကြိုပမ်းတုန်းကတော့ အရပ်သားအဖွဲ့နဲ့ လက်တွဲဖို့ သိပ်ပြီး စိတ်ဝင်စားပုံ မရပါဘူး။ ၂၀၁၃ နှောင်းပိုင်းရောက်မှ အရပ်သားအဖွဲ့တွေနဲ့ လက်တွဲပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့ NLD က လှုပ်ရှားလာတယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ NLD ပါတီ လက်တွဲလုပ်ကိုင်မယ်လို့ မကြာမီက ကြေညာချက်ထုတ်ပါတယ်။ ၈၈ မျိုးဆက်အဖွဲ့ဟာ နိုင်ငံရေးပါတီ တည်ထောင်မယ့်အစား NLD ပါတီကို ထောက်ခံတဲ့ သဘောဖြစ်ပါတယ်။ နိုင်ငံရေးပါတီနဲ့ မဟာမိတ်မလုပ်ဘဲ တသီးတခြား ရပ်တည်ပြီး ပြုပြင်ရေးမှာ ပါဝင်နေတဲ့ အရပ်သားအသင်းအဖွဲ့လည်း ရှိပါတယ်။ နိုင်ငံခြား ကူညီထောက်ပံ့မှုကြောင့် တိုင်းရင်းသားတပ်ဖွဲ့နဲ့ အတိုက်အခံအုပ်စုရှိတဲ့ နယ်စပ်ဒေသမှာ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်အတွင်း အရပ်သားအဖွဲ့အစည်းတွေ ရှင်သန်လာပါတယ်။ ဒီအရပ်သားအဖွဲ့တွေနဲ့ လက်တွဲပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့ NLD က လှုပ်ရှားလာတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးပါတီနဲ့ အရပ်သားအသင်းအဖွဲ့တို့ အနီးကပ်ဆက်သွယ်နေတာကို လူသိမခံချင်တာက များတယ်လို့ ဆိုပါတယ်။ အဖွဲ့အစည်းအချင်းချင်း တိတ်တဆိတ် ဆက်သွယ်တာကို မယုံသင်္ကာဖြစ်ကြတဲ့အတွက် ယုံကြည်မှု တည်ဆောက်လို့ မရတာဖြစ်ပါတယ်။ အစိုးရ (သို့မဟုတ်) နိုင်ငံရေးပါတိတွေနဲ့ နီးစပ်တဲ့ အရပ်သားအဖွဲ့အစည်းဟာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကို မြှင့်တင်ဖို့သာ စိတ်ဝင်စားတယ်လို့ ယုံကြည်သူတွေလည်း ရှိပါတယ်။ အစိုးရအနေနဲ့ကလည်း နေရာတကာမှာ ဆောင်ရွက်နိုင်တာ မဟုတ်လို့ အရပ်သားအသင်းအဖွဲ့နဲ့ NGO တွေရဲ့ အကူအညီကို ယူရတာမျိုး ရှိပါတယ်။ လွှတ်တော်နဲ့ အရပ်သားအဖွဲ့အစည်းတွေ လက်တွဲလုပ်ကိုင်နိုင်တဲ့အတွက် မြေယာနဲ့ အခြားပြဿနာတွေကို စုံစမ်းဖို့ ကော်မတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက်နိုင်တာကိုလည်း အောင်မြင်မှုတခုအဖြစ် ဖော်ပြထားပါတယ်။

အရပ်သားအသင်းတွေ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီကျပေမယ့် တဦးတည်း ခေါင်းဆောင်တဲ့ ဓလေ့ကို ကျင့်သုံးတာများတယ်လို့ Local Resource Center က ၂၀၁၂ မှာ ထုတ်ဝေတဲ့ စာတမ်းမှာ ဖော်ပြပါတယ်။ ဒီခေါင်းဆောင်မျိုးဟာ သူသိတာကို အဖွဲ့ကို မပြောဘဲ ဆရာစားချန်ပြီး နောက်ဆုံးမှ အဆုံးအဖြတ်ပေးတဲ့အတွက် နှောင့်နှေးကြန့်ကြာရတယ်လို့ ဆိုပါတယ်။ ခေါင်းဆောင်ကသာ အစိုးရစည်းမျဉ်းကို နားလည်ပြီး အဖွဲ့ဝင်တွေက နားမလည်ရင် ခေါင်းဆောင်အသုံးချတာကို ခံရဖို့များပါတယ်။ နိုင်ငံခြားပြန်တွေများတဲ့ အရပ်သားအဖွဲ့မှာ ဘာသာစကား၊ အတတ်ပညာ၊ ရန်ပုံငွေရှာနိုင်တဲ့ စွမ်းရည်ရှိကြပြီး ပြည်တွင်းအသင်းအဖွဲ့တွေကတော့ ဒေသခံကွန်ရက်နဲ့ ထိတွေ့မှု ပိုများတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တိုင်းနဲ့ပြည်နယ် အရပ်သားအသင်းအဖွဲ့တွေဟာ ရန်ကုန်က အဖွဲ့အစည်းတွေလို လုပ်နိုင်ကိုင်နိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။ အရပ်သားအဖွဲ့ရဲ့ စီမံကိန်းတွေဟာ ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ဒုတိယ အများဆုံး ဖြစ်ပါတယ်။ အဲဒီနောက် ရှမ်းပြည်နယ်၊ မန္တလေး နဲ့ ပဲခူးတိုင်းမှာ များပါတယ်။ ပြည်သူ့အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်ကို တောင်းဆိုလာတဲ့ အရပ်သားအသင်းဟာ အစိုးရအဖွဲ့အစည်းနဲ့ ပဋိပက္ခ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အိမ်နီးချင်း လာအိုနိုင်ငံမှာတော့ အရပ်သားအဖွဲ့နဲ့ အစိုးရ ပူးတွဲဆောင်ရွက်တဲ့ စီမံကိန်းတွေဟာ အအောင်မြင်ဆုံး ဖြစ်နေတာ တွေ့ရပါတယ်။

XS
SM
MD
LG