သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ သုံးသပ်ချက်များ


မဲစာရင်း ကြည့်နေတဲ့ မြန်မာပြည်သူပြည်သားများ
မဲစာရင်း ကြည့်နေတဲ့ မြန်မာပြည်သူပြည်သားများ

ပြည်သူ့ကိုယ်စားလှယ်က အစိုးရဖွဲ့ပြီး ပြည်သူ့ဆန္ဒကို ဖော်ထုတ်နိုင်ဖို့ ရွေးကောက်ပွဲ ကျင်းပတာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့ရွေးကောက်ပွဲကတော့ အစိုးရဖွဲ့ဖို့ ကျင်းပတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲနိုင်တဲ့ ပြည်သူ့ကိုယ်စားလှယ်နဲ့ စစ်တပ်ကိုယ်စားလှယ်က သမ္မတ ရွေးနိုင်အောင် ကျင်းပတာ ဖြစ်ပါတယ်။ လွှတ်တော်က ရွေးကောက်တင်မြှောက်တဲ့ သမ္မတဟာ သူလိုချင်တဲ့လူကို ရွေးပြီး အစိုးရ ဖွဲ့ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့မှာ ပြည်သူ့ကိုယ်စားလှယ် ပါဝင်စရာ မလိုပါဘူး။ ဒီလို တခြမ်းပဲ့စနစ်ကို ကမ္ဘာက လက်ခံတာကြောင့် (၂၀၀၈) အခြေခံဥပဒေကို မပြင်ဘဲ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲကို နိုင်ငံခြားအဖွဲ့အစည်း အတော်များများက စိတ်ဝင်စားကြပါတယ်။ Princeton တက္ကသိုလ်ပညာရှင် (၉) ဦးက Elections and Political Transition in Myanmar ဆိုတဲ့ စာတမ်းကို February က ထုတ်ဝေပါတယ်။ ထိန်းချုပ်ပြီး အသွင်ကူးပြောင်းတာဖြစ်လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ လုံခြုံရေးတာဝန်ခံတွေ အဓိက အခန်းက ပါဝင်တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုအနိုင်ရတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်ဇာတ်အဖြစ်မြင်ပြီး စစ်အုပ်စုအတွက် အရေးမကြီးတဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကိုတော့ တရားမျှတတဲ့ ဆောင်ရွက်ချက်အဖြစ် မြင်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ အမှားအယွင်းများမယ်လို့ ခန့်မှန်းပါတယ်။

Princeton တက္ကသိုလ်နဲ့ မရှေးမနှောင်း လန်ဒန် အခြေစိုက် Chatham House နိုင်ငံတကာ လေ့လာရေးဌာနက ရွေးကောက်ပွဲ အလားအလာကို သုံးသပ်ပါတယ်။ အခြေခံဥပဒေ မပြင်နိုင်မှု၊ အပစ်အခတ် မရပ်စဲနိုင်မှု နဲ့ အုပ်စုအားပြိုင်မှုတွေကြားက ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်လို့ အရေးကြီးပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်တော့ အလှမ်းဝေးနေသေးတယ်လို့ ဆိုပါတယ်။ ဧပြီလရောက်တော့ Brussels မြို့ အခြေစိုက် International Crisis Group (ICG) က အစီရင်ခံစာ ထုတ်ပြန်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ ချို့ယွင်းချက်ကို ထောက်ပြပါတယ်။ NLD ကို ထောက်ခံကြမှာမို့ ပြည်ခိုင်ဖြိုး ကြီးစိုးဖို့ အလားအလာနည်းသွားပေမယ့် စစ်အုပ်စုက ထောက်ခံသူသာ သမ္မတအစိုးရကို ဖွဲ့စည်းနိုင်မယ်လို့ ဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အများဆုံးရတဲ့ပါတီက အစိုးရမဖွဲ့နိုင်ဘဲ စစ်အုပ်စု လိုလားသူက အစိုးရဖွဲ့တဲ့ ရွေးကောက်ပွဲစနစ်နဲ့ တင်မြှောက်တဲ့ အစိုးရကို ယုံကြည်ဖို့ ခက်ခဲလိမ့်မယ်လို့ ICG က သုံးသပ်ပါတယ်။

ရွေးကောက်ပွဲကာလမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုနဲ့ သတင်းမီဒီယာ လွတ်လပ်မှု အရေးကြီးပုံကို Article-19 အဖွဲ့က အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ စာတမ်းထုတ်ထားပါတယ်။ ပါတီနဲ့ ကိုယ်စားလှယ်တွေအကြောင်း ပြည်သူတွေ သိရှိအောင် တင်ပြဖို့ မီဒီယာမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ သြဂုတ်လရောက်တော့ Seattle အခြေစိုက် NBR အာရှသုတေသနဌာနက မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်ရေးစာတမ်းကို ထုတ်ပါတယ်။ စစ်ဗိုလ်လူထွက် ဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို ပြည်သူလူထုက အယုံအကြည် မရှိဘူးလို့ ဆိုပါတယ်။ မဲဆန္ဒရှင် သန်း (၃၀) ကျော်စာရင်း အကြီးအကျယ် မှားယွင်းနေတာကို မဲဆန္ဒရှင်ကိုယ်တိုင် လာပြင်ဖို့ ပြဌာန်းထားတာဟာ ဆင်းရဲသားတွေ လုပ်နိုင်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

နယ်လာသန်နိုင်ငံ အခြေစိုက် Trans National Institute (TNI) ကတော့ တိုင်းရင်းသား နိုင်ငံရေး နဲ့ ရွေးကောက်ပွဲအကြောင်း မကြာမီက စာတမ်းထုတ်ပြန်ထားပါတယ်။ တိုင်းရင်းသားပါတီတွေဟာ ကိုယ်စားလှယ်နေရာ အတော်များများ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ရပေမယ့် ပြည်ထောင်စုနဲ့ ပြည်နယ်လွှတ်တော်ကို ပြောင်းလဲနိုင်လောက်တဲ့ အင်အားရှိမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ အာဏာပိုင်တွေဟာ လုံခြုံရေးအကြောင်းပြပြီး ချယ်လှယ်နိုင်တာကို ထောက်ပြထားပါတယ်။ မဲပေးသူ (၅၁) ရာခိုင်နှုန်းရှိတဲ့ မဲဆန္ဒနယ်မြေသာလျှင် တရားဝင်တာကြောင့် (၅၁) ရာခိုင်နှုန်းကျော်တာနဲ့ ပြည်ခိုင်ဖြိုးနိုင်အောင် လုံခြုံရေးအကြောင်းပြပြီး မဲဆန္ဒပေးပွဲကို ချယ်လှယ်ကန့်သတ်လာနိုင်တယ်လို့ ဆိုပါတယ်။ မူဝါဒကို အခြေမခံဘဲ ပုဂ္ဂိုလ်ရေး နဲ့ လူမျိုးရေးကိုကြည့်ပြီး မဲဆန္ဒ ပေးကြလိမ့်မယ်လို့ TNI အဖွဲ့က သုံးသပ်ထားပါတယ်။

လာမယ့် ရွေးကောက်ပွဲရဲ့ အဓိက ပြဿနာက မဲဆန္ဒရှင်စာရင်းမှာ အပြစ်အနာအဆာတွေ များနေတာ ဖြစ်ပါတယ်။ ဒီလို မဖြစ်ရအောင် International Foundation for Electoral Systems (IFES) အဖွဲ့က အမေရိကန် အကူအညီယူပြီး ရွေးကောက်ပွဲကော်မရှင်ကို လွန်ခဲ့တဲ့နှစ်ကစပြီး ကူညီခဲ့ပါတယ်။ မြို့နယ် (၃၃၀) က မဲစာရင်းကို ကွန်ပြူတာမှာသွင်းပြီး ရေရှည်သုံးနိုင်အောင် စီစဉ်ပါတယ်။ ဒါပေမဲ့ တနှစ်ကျော်ကြာတဲ့အခါ မဲစာရင်းဟာ (၃၀) ရာခိုင်နှုန်းသာ မှန်နိုင်မယ်လို့ ကော်မရှင် ပြောတဲ့အတွက် မကျေမနပ်ဖြစ်ကုန်ပါတယ်။ ရွေးကောက်ပွဲကို ယုံကြည်အောင်လုပ်ဖို့ ကော်မရှင်မှာ တာဝန်ရှိတယ်လို့ Carter Center က အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

မဲစာရင်း မှားယွင်းနေပေမယ့် မဲရုံတာဝန်ခံက ခွင့်ပြုရင် မဲပေးနိုင်တာမို့ မဲဆန္ဒရှင် (၇၀) ရာခိုင်နှုန်းဟာ ရွေးကောက်ပွဲ ကော်မရှင်လက်ထဲရောက်နေသလို ဖြစ်နေပါတယ်။ မဲပေးခွင့်မရရင် ဆူဆူပူပူ ဖြစ်လာနိုင်တာဟာလည်း စိုးရိမ်စရာ ဖြစ်ပါတယ်။ မဲပေးခွင့် မရှိသူ၊ မဲစာရင်းထဲပါလာရင် ဖယ်ထုတ်ပြီး မဲပေးခွင့်ရှိသူ မဲစာရင်းထဲမပါရင် ဖြည့်စွက်ဖို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ဆောင်ရွက်ရမယ်လို့ ကော်မရှင်ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ များယွင်းတဲ့ မဲစာရင်းနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲရုံအဖွဲ့ဝင်က အဆုံးအဖြတ်ပေးရမယ့် နေရာတွေများနေတာကို ချို့ယွင်းချက်အဖြစ် ထောက်ပြကြပါတယ်။

XS
SM
MD
LG