သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖက်ဒရယ်ကို တပ်ချုပ်ကြီး လက်ခံသလား


နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ သီးခြားတွေ့ဆုံစဉ်။ (ဓာတ်ပုံ-ဦးလှမောင်ရွှေ) ဇန်နဝါရီ ၅၊ ၂၀၁၅
နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ သီးခြားတွေ့ဆုံစဉ်။ (ဓာတ်ပုံ-ဦးလှမောင်ရွှေ) ဇန်နဝါရီ ၅၊ ၂၀၁၅

ဇန်နဝါရီ ၇၊ ၂၀၁၄ - မကြာသေးခင်က တွေ့ဆုံမှုတွေဟာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးအတွက် ထိရောက်လေးနက်မှု ရှိတယ်လို့ မပြောနိုင်ပေမဲ့ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးကို များစွာအထောက်အကူ ဖြစ်စေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုပါတယ်။ အဲဒီ တွေ့ဆုံမှုတွေမှာ ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့သူ ဗိုလ်မှူ းကြီးခွန်ဥက္ကာ ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မကြာသေးခင်က တွေ့ဆုံမှုတွေဟာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးအတွက် ထိရောက်လေးနက်မှု ရှိတယ်လို့ မပြောနိုင်ပေမဲ့ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးကို များစွာအထောက်အကူ ဖြစ်စေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုပါတယ်။ အဲဒီ တွေ့ဆုံမှုတွေမှာ ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့သူ ဗိုလ်မှူ းကြီးခွန်ဥက္ကာ ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ခွန်ဥက္ကာတို့ မြန်မာနိုင်ငံမှာ အာဏာရှိတဲ့ အဓိကပုဂ္ဂိုလ်ကြီး နှစ်ဦးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တယ်။ နိုင်ငံတော်သမ္မတနဲ့ တွေ့တယ်။ ဒီတွေ့ဆုံမှုတွေဟာ ဘယ်လောက်လေးနက်တဲ့ သဘောကို ဆောင်ပါသလဲ။ ဟန်ပြလား။ သို့မဟုတ် တိုင်းရင်းသားတွေဖက်က လိုလားနေတဲ့ ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ဖြစ်စေမယ့် အကျိုးအာနိသင် တစုံတရာ ရရှိခဲ့တယ်လို့ ဆိုနိုင်ပါသလား။

ခွန်ဥက္ကာ ။ ။ ရရှိခဲ့တယ်လို့ ပြောဖို့တော့ နည်းနည်းတော့ခက်တယ်။ ဒါပေမဲ့ ယုံကြည်မှု တည်ဆောက်ခြင်းမှာတော့ ပိုပြီးတော့ ရင်းနှီးပွင့်လင်းလာတဲ့သဘောနဲ့ ညှိနှိုင်းလို့ ပိုလွယ်မယ့်သဘောတော့ တွေ့ရတယ်။ အဲဒါတော့ ကျနော်တို့ရတယ်။ သို့သော် ကျနော်တို့ တင်ပြချက်တွေနဲ့ ညှိနှိုင်းချက်တွေကို အခိုင်အမာရမယ်။ ရလိမ့်မယ်လို့တော့ ပြောဖို့ကတော့ နည်းနည်းခက်တယ်။ သို့သော်လဲပဲ ပြည်ထောင်စုသမ္မတကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ် နှစ်ယောက်ကြားမှာဆိုရင် ပြည်ထောင်စုသမ္မတကြီးရဲ့ ဆွေးနွေးချက်တွေက ကျနော်တို့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေးတည်ဆောက်ရေး ရည်မှန်းချက်နဲ့ ပိုမိုနီးစပ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စဉ်ကတော့ သမ္မတကြီးနဲ့ အစိုးရလိုင်းနဲ့ ကြည့်ရင်တော့ ကျနော်တို့ ပိုပြီးတော့ အလားအလာကောင်းမယ်လို့ အဲဒီလိုမြင်တယ်။

ဦးကျော်ဇံသာ ။ ။ အဓိကအားဖြင့် ဘယ်အချက်တွေကို တိုင်းရင်းသားတွေဖက်က တင်ပြပါသလဲ။

ခွန်ဥက္ကာ ။ ။ ပထမဦးဆုံး အဖွင့်မိန့်ခွန်းမှာ သမ္မတကြီးရဲ့ ပြောကြားချက်တွေက အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးနဲ့ ဖယ်ဒရယ်စနစ်နဲ့ ပြည်ထောင်စု တည်ဆောက်ရေး။ ကျနော်တို့ရဲ့ single text မှာပါတဲ့ အတိုင်းပဲ။ သို့သော် လက်တလော အခြေအနေကတော့ သမ္မတကြီးက ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်ချောမွှေ့စွာ ဖြစ်ပေါ်ရေးကိုတော့ သမ္မတကြီးကတော့ မေတ္တာရပ်ခံပြီးတော့ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့။ ရွေးကောက်ပွဲဆိုတာကလဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ် ဆိုပြီးတော့ သမ္မတကြီး ဆွေးနွေးချက်မှာ အဲဒါပါပါတယ်။ ဒါကိုတော့ ကျနော်တို့ သဘောထား မပေးကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲက ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့က နည်းနည်းလေး အလှမ်းဝေးသေးတယ်။ ဒါကိုတော့ ကျနော်တို့ သဘောထား မပေးဘူး။


ဦးကျော်ဇံသာ ။ ။ ကာကွယ်ရေးဦးစီးချုပ်က ဘယ်လို ပြောပါသလဲ။ သူ့ရဲ့ သဘောထားကို။

ခွန်ဥက္ကာ ။ ။ ကာကွယ်ရေးဦးစီးချုပ်ကတော့ သူ့ရဲ့ မူအပေါ်မှာ သူရပ်တည်ပါတယ်။ သူ ချမှတ်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ် မူ (၆) ချက်ကိုတော့ ကိုင်စွဲထားတယ်။ အဲဒါကိုပဲ ကျနော်တို့ကို အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့တကွ နောက်ခံစဉ်းစားချက်တွေ (concept) အယူအဆပိုင်းကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပါတယ်။ ရှင်းပြတဲ့အခါကြတော့ ကျနော်တို့လည်း သဘောပေါက်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူ (၆) ချက်မှာ ပထမ (၄) ချက်ကတော့ နှစ်ဖက် မည်သည်အဖွဲ့အစည်းမဆို လက်နက်ကိုင်အဖွဲ့တွေ လိုက်နာရမယ့် အချက်တွေကတော့ ပြဿနာ သိပ်မရှိပါဘူး။ သို့သော် နံပတ် (၅) နဲ့ နံပတ် (၆) တည်ဆဲဥပဒေများကို လိုက်နာရန်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအောက်မှာ ဒီမိုကရေစီ လျှောက်လှမ်းရန်ဆိုတဲ့ဟာတော့ နည်းနည်းလေး စဉ်းစားစရာရှိတယ်။ အဲဒါကတော့ ကျနော်တို့ အပြန်အလှန် ညှိနှိုင်းပြီးတော့ သွားရမှာပေါ့။ ဒါပေမဲ့ တခုကောင်းတာက

ဦးကျော်ဇံသာ ။ ။ ဖယ်ဒရယ်ကိစ္စ ပါပါသလား။ အဲဒီကိစ္စမှာ သမ္မတကတော့ …

ခွန်ဥက္ကာ ။ ။ ဖယ်ဒရယ်ကိစ္စကတော့ တပ်ဖက်ကတော့ ဒီကိစ္စကိုတော့ ဆွေးနွေးတာ၊ တည့်တည့်ပြောတာတော့ မရှိဘူး။ ကျနော်တို့ကပဲ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေး ဦးတည်ချက် ရှိတယ်ဆိုတာကို ကျနော်တို့အဖွဲ့တွေကပဲ ဥက္ကဋ္ဌကြီးတို့ ကျနော်တို့က တင်ပြပြောဆိုတာ ရှိပါတယ်။ သို့သော်လဲပဲ တွေ့ဆုံပွဲမျှသာ ဖြစ်တယ်။ ဆွေးနွေးပွဲတို့ နိုင်ငံရေးပွဲတို့ မဟုတ်တော့ သဘောတူညီချက်တို့လို၊ ဆုံးဖြတ်ချက်တွေတော့ မရဘူး။

ဦးကျော်ဇံသာ ။ ။ သူပြောတာတခုမှာ သူက လက်ရှိ တည်ဆဲဥပဒေကို လိုက်နာရမယ်ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း တည်ဆဲဥပဒေဖြစ်တယ်။ ၂၀၀၈ ဥပဒေ။ အဲဒီ ဥပဒေအတိုင်းဆိုရင် တိုင်းရင်းသား လက်ခံနိုင်တဲ့ ဖယ်ဒရယ် မဟုတ်ဘူးလို့ ပြောထားတယ်ဆိုတော့ သွယ်ဝိုက်သောအားဖြင့် တိုင်းရင်းသားတွေ လိုလားတဲ့ စစ်မှန်သော ဖယ်ဒရယ်ကို မလိုချင်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ လက်အောက်မှာ ရှိတဲ့အတိုင်း ဖွဲ့စည်းမယ်ဆိုတဲ့ သဘောသက်ရောက်နေတာပေါ့။

ခွန်ဥက္ကာ ။ ။ ဒါကတော့ တည့်တည့်မပြောသော်လဲ တပ်မတော်ကတော့ သူ့အပိုင်းပေါ့။ သူ့ role နဲ့ သူ ပြောရတာပေါ့။ သူတို့ကတော့ လုံခြုံရေး။ နောက်ပြီးတော့ ကာကွယ်ရေးကဏ္ဍတွေမှာ တိုက်ရိုက်ဆိုင်တော့ သူ့ role နဲ့ သူ ပြောရတော့ တကယ့် နိုင်ငံရေး issue ကြီးတွေကို ထိထိမိမိ ပြောဖို့တော့ နည်းနည်းခက်ခဲတာပေါ့။ ဒါကြောင့် ပြည်ထောင်စုသမ္မတကြီးပြောတဲ့ နိုင်ငံရေး issue တွေကတော့ ပိုပြီးတော့ ခိုင်မာပါတယ်။ သို့သော် တခုပဲ ကျနော် တွေ့ရတာက ကာကွယ်ရေးဦးစီးချုပ်ကတော့ ပြည်ထောင်စုသမ္မတကြီးက ပြည်ထောင်စုရဲ့ အကြီးအကဲဖြစ်တယ်။ နိုင်ငံဥသျှောင်ဖြစ်တယ်။ ဒါကြောင့် သမ္မတကြီးရဲ့ ဆုံးဖြတ်ချက်တွေ၊ လမ်းညွှန်ချက်တွေ၊ မူဝါဒတွေကိုတော့ လေးစားလိုက်နာ လုပ်ဆောင်ရမယ်လို့ နှစ်ခါသုံးခါ ပြောတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ ပတ်သက်လို့တော့ တပ်က မပြောဘဲနဲ့ သမ္မတကြီးပြောတဲ့ နိုင်ငံရေးလမ်းကြောင်းကိုပဲ လိုက်နာမယ်ဆိုတဲ့သဘောမျိုးလို့ ကျနော်တို့ သုံးသပ်လို့ရတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သမ္မတကြီးက စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုလို့ ပြောလာရင်တော့ တပ်အနေနဲ့ ကန့်ကွက်စရာ မရှိဘူးပေါ့။

ခွန်ဥက္ကာ ။ ။ အဲဒီ သဘောပါပဲ။ အဲဒီပြောတဲ့ဟာကို လိုက်နာလုပ်ဆောင်မယ်။ သမ္မတကြီးရဲ့ လုပ်ဆောင်ချက်ကို လိုက်နာလုပ်ဆောင်မယ့်ဟာက သမ္မတကြီးက နိုင်ငံရေးဆုံးဖြတ်ချက်အတွက် တာဝန်ရှိသွားတယ့်သဘောမျိုး ပေါ်တာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မေးချင်တာက အခု တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအားလုံး ပါဝင်ပါသလား။

ခွန်ဥက္ကာ ။ ။ မပါဘူးခင်များ။ (၁၂) ဖွဲ့ပါတယ်။ (၁၆) ဖွဲ့ ဖိတ်တယ်။ (၁၂) ဖွဲ့လာတယ်။ (၄) ဖွဲ့ မလာဖြစ်ဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီ (၄) ဖွဲ့က။

ခွန်ဥက္ကာ ။ ။ ကချင်၊ ပလောင်း၊ ချင်း နဲ့ KNPP ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့ မလာရတဲ့အထဲမှာ ဘာကြောင့်မို့ သူတို့ဖက်က ပြောပါသလဲ။ ခွန်ဥက္ကာတို့ သိပါလား။

ခွန်ဥက္ကာ ။ ။ သူတို့ကို မေးရင်ကောင်းတယ်။ ကျနော်တို့ကတော့ မပြောနိုင်ဘူး။ ဒီတခေါက် ဖိတ်တာက ပြည်ထောင်စုအစိုးရဖက်က ဖိတ်တာက (၅၀) ရာခိုင်နှုန်းဆီဖိတ်တာ။ အဖွဲ့အစည်းကို (၅၀) ရာခိုင်နှုန်း ဖိတ်တယ်။ ဖိတ်သင့်တဲ့ အဖွဲ့အစည်းတွေကို ဖိတ်လိုက်ပြီးတော့ အဲဒီ အဖွဲ့အစည်းထဲကမှ တက်ရောက်သင့်တယ်ဆိုတဲ့ ခေါင်းဆောင်ကို တခါ ထပ်ဖိတ်တယ်။ နှစ်ဆင့်ဆိုတော့ အဖွဲ့အစည်းကိုဖိတ်တယ်။ အဖွဲ့အစည်းက ပေါ့ပေါ့တန်တန် ထားပြီးတော့ Protocol မကိုက်တဲ့ လူလွှတ်မိရင်လည်း သူတို့ ဆက်ဆံရခက်မှာကြောင့်လို့။ အမြင့်ဆုံးခေါင်းဆောင်တွေက ဖိတ်တယ်ဆိုတော့ ဒါကြောင့် တက်သင့်တယ့် အဖွဲ့အစည်းအသီးသီးရဲ့ အမြင့်ဆုံးခေါင်းဆောင်တွေကို ရာထားပြီးတော့ ထပ်ဖိတ်လိုက်တဲ့သဘောမျိုးရှိတယ်။ အဲဒါကတော့ လူပုဂ္ဂိုလ်ကို အလေးထားမှုက (၅၀) ရာခိုင်နှုန်း အဖွဲ့အစည်း အလေးထားမှုက (၅၀) ရာခိုင်နှုန်း အဲဒီ နှစ်မျိုးစပ်မူနဲ့ ဖိတ်လိုက်တာကို တွေ့ရတယ်။ ဒါကြောင့် တဖွဲ့ချင်းရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒအရပဲ ဆုံးဖြတ်ပြီးတော့ သွားသင့်မသွားသင့်၊ လာသင့်မလာသင့် အဲဒီလိုပဲ ကျနော်တို့က သဘောထားလိုက်တယ်။ ပိတ်ပင်ချက်တွေ၊ တားဆီးမှုတွေ တပ်ပေါင်းစုအနေနဲ့ လုံးဝမလုပ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ခွန်ဥက္ကာ က တိုင်းရင်းသားတွေအားလုံး စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေမှာလည်း ဦးဆောင်ဦးရွက် ပြုနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သူတို့ မတက်ရောက်တဲ့ကိစ္စအပေါ် ဘယ်လို သုံးသပ်ပါသလဲ။

ခွန်ဥက္ကာ ။ ။ အဲဒါကြောင့် ကျနော် ပြောတာပေါ့ တဖွဲ့ချင်း ဖိတ်တဲ့အခါကြတော့ ကျနော် မသုံးသပ်ချင်ဘူးလို့ ပြောတာ။ ကျနော် အမြင်ကတော့ တချို့ကတော့ ဒါက ပြစားတာ ဖြစ်မလား။ နိုင်ငံရေးထောက်ချောက်လားပေါ့။ စိုးရိမ်တာရှိတယ်။ တချို့လာတဲ့ အဖွဲ့တွေကြတော့လဲ ဒါက နိုင်ငံရေးအရ အကျိုးရှိတယ်။ ဒီလို ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ဖို့ အခွင့်အရေးက ကျနော်တို့ ဖန်တီးလို့ မရဘူး။ တိုင်းပြည်ရဲ့ သင်္ကေတဖြစ်တဲ့ ဗိုလ်ရှုသဘင်ဆိုတာ လွတ်လပ်ရေးအခမ်းအနားမှာ ဖြစ်တာ။ လွတ်လပ်ရေးအခမ်းအနားဆိုတာ တနိုင်ငံလုံး တိုင်းရင်းသားလူမျိုးအားလုံး ပိုင်ဆိုင်တဲ့ လွတ်လပ်ရေး ဖြစ်တဲ့အတွက် ဒီအခမ်းအနားမျိုးမှာ အခွင့်ကောင်းယူပြီးတော့ တွေ့ဆုံရတာက ပွင့်ပွင့်လင်းလင်း နဲ့ ရင်းရင်းနှီးနှီး တင်ပြခွင့်ရတာပေါ့။ နိုင်ငံရေးအရ အကျိုးအမြတ်ရှိတယ်လို့ ယူဆတဲ့အဖွဲ့တွေကြတော့လည်း ရောက်လာတာပေါ့။ ကျနော်တို့က မလာဖြစ်တဲ့လူလည်း အပြစ်မမြင်သလို၊ သွားဖြစ်တဲ့ လူကိုလည်း ကျနော်တို့က အပြစ်တင်လို့ မရဘူး။ ဒါက တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကို ဘက်နှစ်ဖက်အမြင်နဲ့ လုပ်နေတာ။ ဦးတည်ချက်ကတော့ တူတယ်လို့ ကျနော် သုံးသပ်တယ်။


ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက အခု လာမတက်တဲ့ အဖွဲ့တွေကိုကြည့်ရင် အဓိကအားဖြင့် ကချင်တို့၊ ပလောင်းတို့ဆိုတာဟာ အစိုးရတပ်နဲ့ တိုက်ပွဲတွေ မကြာခဏ ဆက်လက်ဖြစ်နေတဲ့ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ဆိုတော့ ဒီတိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ သူတို့မလာတော့ တစုံတရာ ဆွေးနွေးတာ ဘာမှ မရှိတော့ဘူးလား။

ခွန်ဥက္ကာ ။ ။ အခုကတော့ အဲဒီလို လေးနက်ပြီးတော့ ဖြစ်တဲ့အဲဒါတွေ ဆွေးနွေးဖို့အဆင့်ကိုတော့ တည့်တည့်ကြီးတော့ မရောက်ဘူးပေါ့။ အခုဟာက ရင်းနှီးမှု ရဖို့နဲ့ ကျနော်တို့ရဲ့ အမြင်သဘောထားလေးတွေ၊ မေတ္တာရပ်ခံချက်လေးတွေ၊ ပန်ကြားချက်လေးတွေ အပြန်အလှန်ညှိတာ ရှိတာပေါ့။ သို့သော် စစ်အရှိန်လျှော့ဖို့၊ ထိုးစစ်တွေရပ်ဖို့၊ ထိုးစစ်တွေလျှော့ဖို့၊ စစ်ဆင်ရေးတွေ လျှော့ဖို့ဆိုတဲ့ ကိစ္စကြတော့ ကျနော်တို့ ကြုံရင်ကြုံသလိုတော့ ကျနော်အနေနဲ့ တခြားအဖွဲ့တွေတော့ မသိဘူး။ ကျနော့်အနေနဲ့ တင်ပြတာ ရှိပါတယ်။ သို့သော်လဲပဲ ဒါက အမြင်ဖလှယ်တဲ့ပွဲဆိုတော့ ဆုံးဖြတ်ချက်တို့ သဘောတူညီချက်တို့ လုပ်နိုင်တဲ့အခြေအနေ မရှိတော့ တင်ပြချက်တွေအနေနဲ့ပဲ မှတ်တမ်းဖြစ်သွားတာပေါ့။ ဒီလောက်ပါပဲ။

ဦးကျော်ဇံသာ ။ ။ သမ္မတကြီးကတော့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာကို ပြောတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်က တစုံတရာ ပြောပါသေးလား။ အဲဒီရဲ့ အလားအလာ။

ခွန်ဥက္ကာ ။ ။ အဲဒီ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာကို ကာကွယ်ရေးဦးစီးချုပ်က နည်းနည်းရှောင်တယ်။ နိုင်ငံရေးအရတော့ သမ္မတကြီး ဦးဆောင်မှုပဲလို့ ပြောပြီးတော့ တပ်ပိုင်းဆိုင်ရာကိစ္စတွေကိုတော့ အဓိက ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုတာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ သမ္မတကြီးကတော့ ခွန်ဥက္ကာ ပြောအရတော့ တော်တော်လေး လိုက်လိုက်လျောလျော ဆွေးနွေးတယ်။ သူတို့က နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြောတာလဲ ဖြစ်ကောင်းဖြစ်မှာပေါ့။ ဆိုတော့ ကာကွယ်ရေးဦးစီးချုပ်ဖက်က နောက်ထပ်ပြန်တွေ့ဖို့ သူကို အချိန်မရွေး တွေ့နိုင်တယ်။ ပြဿနာရှိရင် သူနဲ့ ရှင်းနိုင်ပါတယ်။ ဘာညာဆိုတာမျိုး ကမ်းလှမ်းချက်တွေ ဘာမှ မရှိဘူးလား။

ခွန်ဥက္ကာ ။ ။ အဲဒီလောက်တော့ မရှိဘူး။ ကာကွယ်ရေးဦးစီးချုပ်ဖက်က တပ်မတော်ထိပ်တန်းအရာရှိ အားလုံးလိုလို တက်တယ်။ ကျနော်တို့နဲ့ တွေ့ထိနေတဲ့ ဆွေးနွေးပွဲမှာပါတဲ့ တပ်မှုးတွေအပြင် ကျနော်တို့ မတွေ့ထိသော်လဲ ကျနော်တို့ရဲ့ အတွေးအခေါ် အယူအဆတွေကို လေ့လာသုံးသပ်နိုင်ဖို့ တပ်မှုးအားလုံးကို သူခေါ်လိုက်တဲ့ဟာက ကျနော်တို့အနေနဲ့ အင်မတန်ကောင်းတဲ့ ပြင်ဆင်မှုပဲ။ ကာကွယ်ရေးဦးစီးချုပ် မဟုတ်တာတောင်မှ သူ့ရဲ့ လုပ်ငန်းခွဲဝေပေးထားတဲ့ ဗိုလ်ချုပ်ကြီးတချို့နဲ့တော့ ကျနော်တို့ တွေ့နိုင်မယ်လို့တော့ ယူဆတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ သူတို့ စွဲကိုင်ထားတဲ့ မူ (၆) ချက်ဆိုတာကကော ပြန်ပြီးတော့ အလျှော့အတင်း လုပ်နိုင်မယ့် အလားအလာ တစုံတရာမှ အခုထိ မတွေ့ရသေးဘူးပေါ့။

ခွန်ဥက္ကာ ။ ။ မူ (၆) ချက်ကတော့ ကာကွယ်ရေးဦးစီးချုပ်က အခုတပတ်မှာ တင်ပြတယ်ဆိုပေမယ့် စဉ်းစားချင့်ချိန်နိုင်ဖို့ For the consideration အဆင့်လောက်ပဲ သူတင်ပြတာ ဖြစ်တယ်။ … reasonable ဖြစ်အောင်ပေးတယ်။ ဒါပေမဲ့ အဲဒါတွေကို အတိအကျ လိုက်နာမှ၊ အဲဒါတွေကို အတိအကျ စာချုပ်စာတမ်းမှာ ထည့်မှ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးဖြစ်မယ်ဆိုတဲ့ အဲဒီလို အကြပ်ကိုင် ပြောဆိုခြင်းကတော့ မရှိဘူး။

ဦးကျော်ဇံသာ ။ ။ တချိန်မှာ ဒါက ညှိနှိုင်းလို့ ရနိုင်သေးတယ်လို့ မျှော်လင့်ရတာပေါ့။

ခွန်ဥက္ကာ ။ ။ အများကြီး ညှိနှိုင်းနိုင်မယ်လို့ ကျနော် ယူဆတယ်။ ကျနော်တို့ကတော့ မျှော်လင့်ချက် ရှိပါတယ်။

XS
SM
MD
LG