သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဘယ်လဲဘာလဲ?


Prof. David Steinberg, Georgetown University
Prof. David Steinberg, Georgetown University

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မကြာခင် ကျင်းပတော့မယ် ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ ပထမအဆင့်ဖြစ်တဲ့ Pluralism (ခေါ်) ဗဟုဝဝါဒ ထွန်းကားရေးအတွက် အထောက်အကူဖြစ်စေမယ်လို့ ပါမောက္ခ David Steinberg က ဆိုပါတယ်။ ဒီ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိ-မရှိ ဆိုတာကိုလဲ နိုင်ငံတကာအကဲခတ်တွေထက် မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေကသာ စောင့်ကြည့်သိရှိနိုင်ကြမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲအကြို အထူးအစီအစဉ်အဖြစ် ပါမောက္ခ David Steinberg ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ David Steinberg ခင်များ။ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီး မကြာခင် ကျင်းပတော့မယ် ဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက် အရေးကြီးပါသလဲ။ ဆိုလိုတာက မြန်မာနိုင်ငံကို ဒီမိုကရေစီဘက်ရောက်အောင် ဘယ်အထိ တွန့်ပို့နိုင်လိမ့်မယ် ထင်ပါသလဲ။

Prof. Steinberg ။ ။ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံကို Pluralism (ခေါ်) ဗဟုဝဝါဒဘက်ကို ပိုပြီးတော့ ရွေ့လျားသွားမယ်လို့ ထင်ပါတယ်။ ဒါဟာ ဒီမိုကရေစီ ဖြစ်စဉ်တခုအတွက် ပထမအဆင့် ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က ဒီမိုကရေစီလို့ ပြောတဲ့အခါ စည်းကမ်းရှိတဲ့ ဒီမိုကရေစီလို့ ဆိုထားပါတယ်။ ဆိုတော့ အခု ဒီမိုကရေစီလို့ ပြောတဲ့အခါမှာ ထိန်းချုပ်မှု တစုံတရာ ရှိနေအုံးမယ်ဆိုတဲ့ သဘောပါ။ စစ်တပ်က လုပ်နေတာဟာ ဒါပဲလို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ ဒါဟာ တော်တော်များများ အရေးကြီးပါတယ်။ (၁) မြန်မာနိုင်ငံ အနာဂတ်အတွက် လွတ်လပ်တဲ့ ရွေးကောက်ပွဲ အစဉ်အလာကို ချမှတ်ပေးတာ ဖြစ်ပါတယ်။ (၂) ဒီ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ် အနောက်ဘက်ခြမ်းက နိုင်ငံတွေအမြင်အတွက် သိပ်ပြီးတော့ အရေးပါပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် အရေးပါလှပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာရဲ့ သဘောထားကို မမေးခင်၊ ဒီ ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုတွေ ဘာတွေ ရှိနေသလဲဆိုတာကို ပြောစေချင်ပါတယ်။ ဘယ်လို စိန်ခေါ်မှုများ ရှိနေသလဲလို့ ထင်ပါသလဲ။

Prof. Steinberg ။ ။ စိန်ခေါ်မှုတွေကတော့ ပထမ စီမံခန့်ခွဲမှုပါ။ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် စီမံခန့်ခွဲရတာ အခက်အခဲ ရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ရွေးကောက်ပွဲမျိုး သိပ်လုပ်ခဲ့တာမျိုး မရှိခဲ့လိုပါ။ ၁၉၆၀ တုန်းလောက်ကတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ရှေ့မှာရော၊ နောက်မှာရော သိပ်ပြီးတော့ မရှိခဲ့ပါဘူး။ ဒါက ပြဿနာတခုပါ။ နောက်ထပ် ပြဿနာတခုကတော့ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်တဲ့ နေရာတွေပါ။ လုံခြုံရေးကိစ္စ။ တခြားတိုင်းရင်းသားတွေနဲ့ ပြဿနာရှိနေတဲ့ကိစ္စတွေကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်တာတွေက ပြဿနာပါပဲ။ နောက်ထပ် တတိယပြဿနာကတော့ ပုဂ္ဂိုလ်ရေး ပြဿနာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာကို ပုဂ္ဂိုလ်ရေးနဲ့ ဆက်စပ်မှု ရှိနေခြင်းပါပဲ။ တကယ်တော့ ရွေးကောက်ပွဲဆိုတာ ပါတီတွေနဲ့ သက်ဆိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတာက ပုဂ္ဂိုလ်ရေးကို နိုင်ငံရေးအာဏာနဲ့ ဆက်စပ်နေခြင်းပါပဲ။ ဒါက ပြဿနာတရပ်ပါပဲ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပြဿနာ (၃) ရပ်ပေါ့။ ပထမ ပြဿနာတရပ်က ဒီလို ရွေးကောက်ပွဲမျိုး ကျင်းပခဲ့ဖူးတဲ့ အတွေ့အကြုံ မရှိဘူးဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ အဲဒီလို အတွေ့အကြုံမရှိလို့ စီမံခန့်ခွဲရ ခက်ခဲတဲ့ကိစ္စအပြင် တမင်တကာ ရည်ရွယ်ချက်နဲ့ စီမံခန့်ခွဲမှုကို မမှန်မကန် လုပ်တာကော မရှိနိုင်ဘူးလား။

Prof. Steinberg ။ ။ ကျနော့်အမြင်မှာတော့ အစိုးရက ဒီလောက်လုပ်လိမ့်မယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အကြောင်းကိစ္စ အတော်များများက ရွေးကောက်ပွဲပေါ်မှာ မူတည်နေတာပါ။ တနည်းပြောရရင် ကမ္ဘာ့ဘဏ် ချေးငွေရရှိရေး။ အာရှဖွံ့ဖြိုးရေးဘဏ်က အထောက်အပံ့ ရရှိရေး။ ကမ္ဘာတဝှမ်းလုံးက ရရှိနိုင်မယ့် အကူအညီတွေ။ ဒါတွေက ရွေးကောက်ပွဲပေါ်မှာ မူတည်နေပါတယ်။ ဒါကို အစိုးရက ကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။ ဒါပေမဲ့ အစိုးရထဲက တယောက်မကျန် ဒေသန္တရအဆင့်က လူတွေပါ သဘောပေါက်တယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ဒါကလဲ ပြဿနာတရပ် ဖြစ်ပါတယ်။ ဗဟိုအစိုးရက နားလည်ပြီးတော့ အောက်ခြေဒေသက လူတွေက သဘောမပေါက်တာ၊ နားမလည်တာ ပြဿနာပါပဲ။ ဆိုတော့ အောက်ခြေအဆင့်က လူတွေက ရွေးကောက်ပွဲရဲ့ ရလဒ်ကို သူတို့ စိတ်တိုင်းကျဖြစ်အောင် လုပ်မယ်ဆိုတာ မှားယွင်းမှုပါပဲ။ ဒါပေမဲ့ ဒီလုပ်ရပ်တွေဟာ ရွေးကောက်ပွဲတခုလုံးရဲ့ ရလဒ်ကိုတော့ မထိခိုက်စေဘူးလို့ မျှော်လင့်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုရင် အခုရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေကို ကြည့်မယ်ဆိုရင် မျှတမှုရှိတယ်လို့ ထင်ပါသလားခင်များ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဘက်လိုက်မှုမရှိဘူး။ ကြားနေလိမ်မယ်လို့ မျှော်လင့်ပါလား။

Prof. Steinberg ။ ။ မြန်မာနိုင်ငံမှာ ဘက်လိုက်မှုမရှိဘဲ ကြားနေမယ်ဆိုတာကတော့ သိပ်ခက်ခဲပါတယ်။ အထူးသဖြင့် ဒီလိုအချိန်မှာ ပိုပြီးတော့ ခက်ခဲပါတယ်။ ဒါက ပြဿနာ ရှိနိုင်ပါတယ်။ အကဲခတ်သမားတွေ စေလွှတ်ကြမယ့် အနောက်နိုင်ငံတွေအနေနဲ့ အစစအရာရာ အဆင်ပြေချောမွေ့လိမ့်မယ်လို့တော့ ကျနော် မယူဆပါဘူး။ ဒါပေမဲ့ လွတ်လပ်ပြီးတော့ တရားမျှတမယ့် ရွေးကောက်ပွဲဖြစ်ဖို့အတွက် သဘောရိုးနဲ့ အားထုတ်ကြိုးပမ်းမှု ဘယ်လောက်ရှိမယ်ဆိုတာ ပြသဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါဟာ သိပ်အရေးကြီးတဲ့အဆင့်ပါ။ ချောမွေ့အဆင်ပြေသွားဖို့ လိုအပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ဒုတိယ စိန်ခေါ်မှုလို့ ဆိုတာက ငြိမ်းချမ်းရေး၊ လုံခြုံမှု မရှိတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်မယ့်ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုအချိန်အထိ NCA လို့ခေါ်တဲ့ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်မထိုးနိုင်ကြသေးပါဘူး။ ထိုးဖြစ်မယ်လို့ ထင်ပါလား။ တကယ်လို့ မထိုးဖြစ်ခဲ့ရင် ဒီလို မထိုးဖြစ်တဲ့ကိစ္စဟာ ရွေးကောက်ပွဲအပေါ်မှာ ဘယ်လောက်အထိ ထိခိုက်နိုင်မယ်လို့ ထင်ပါလဲ။

Prof. Steinberg ။ ။ ဒါတွေက ဒေသန္တရ ရွေးကောက်ပွဲကိုတော့ ထိခိုက်မှာပါပဲ။ အစိုးရအတွက်လည်း ဒီလို အပစ်အခတ်ရပ်စဲရေးကို မလုပ်နိုင်ရင်၊ ဆက်လက်ပြီးတော့ တိုက်ခိုက်သတ်ဖြတ် လုပ်နေနိုင်တဲ့အပြင် ဦးသိန်းစိန်အစိုးရရဲ့ တရားဝင်ဖြစ်မှုနဲ့ ဆက်စပ်နေတဲ့အတွက် တနိုင်ငံလုံး အပစ်ရပ်နိုင်ရင် တရားဝင်မှုကို နိုင်ငံတကာက အသိအမှတ် ပြုကြရမှာပါ။ ဒါကြောင့်လဲ အရေးကြီးပါတယ်။ ဆုံးဖြတ်ပေးနိုင်တဲ့အချက် determining factor တော့ မဟုတ်ပါဘူး။ အစိုးရကတော့ မျက်နှာပန်းလှစရာတော့ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း အားလုံးနဲ့ မဟုတ်တောင် တချို့တဝက်နဲ့ အပစ်ရပ်နိုင်ရင် ကောင်းပါတယ်။

ဦးကျော်ဇံသာ ။ ။ တတိယ စိန်ခေါ်မှုကတော့ နိုင်ငံရေးဟာ လူပုဂ္ဂိုလ်ရေးရာ ဖြစ်နေတယ်ကိစ္စ။ Personalization of Politics လို့ ခေါ်ပါတယ်။ ဒါဟာ လူထုက မသိနားမလည်လို့ ဒီလို ဖြစ်သွားရတာလား။ သို့တည်းမဟုတ် နိုင်ငံရေးသမားတွေကိုယ်တိုင် တမင်လုပ်ယူတယ်လို့ ထင်ပါလားခင်များ။

Prof. Steinberg ။ ။ ဒါဟာ မြန်မာနိုင်ငံတခုတည်းတင် မကပါဘူး။ ရှေးရိုးအစဉ်အလာ ရှိနေတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ တွေ့ရတဲ့ကိစ္စပါ။ အာဏာဟာ လူပုဂ္ဂိုလ်တဦးချင်းနဲ့သာ ပတ်သက်နေပါတယ်။ ဒါဟာ တကယ်တော့ Institution လို့ ခေါ်တဲ့ အဖွဲ့အစည်း တည်ဆောက်မှုတွေ အားနည်နေခြင်းပဲ ဖြစ်ပါတယ်။ အာဏာရှိသူကို ဝိုင်းရံပြီးတော့ သူ့ရဲ့ လူတစုလူတသိုက် ဖြစ်လာတယ်။ သူတို့က ခေါင်းဆောင်ကို သစ္စာခံတယ်။ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းကို သိပ်အလေးမထားဘူးဆိုတဲ့ သဘောပါ။ ဒါဟာ ရွေးကောက်ပွဲအတွက် အရေးကြီးတာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ အနာဂတ်အတွက်လည်း အရေးကြီးတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်း တည်ဆောက်မှုတွေ၊ အဖွဲ့အစည်းတွေ ခိုင်မာအားကောင်းလာတာနဲ့အမျှ ဒါဟာ တဖြည်းဖြည်း မှေးမှိန်းသွားမှာ ဖြစ်ပါတယ်။ ဒါဟာ အချိန်ယူရမယ့် ကိစ္စပါ။ ကျနော်တို့အားလုံး ရုတ်တရက် ချက်ချင်း အောင်ပွဲရချင်ကြသူတွေပါ။ အမေရိကန်ရော၊ မြန်မာရော အားလုံး အောင်မြင်နေတယ်ဆိုတာကို ပြသချင်ပါတယ်။ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ နှစ်ပေါင်းများစွာ ကြာမြှင့်မယ်ကိစ္စပါ။ ဒါပေမဲ့ အခုတော့ စစ်တပ်ထိန်းချုပ်မှုက လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတာတွေကို လွတ်မြောက်ပြီးတော့ ပွင့်လင်းလာခဲ့ပါပြီ။ ဒါဟာ လူပုဂ္ဂိုလ်တဦးချင်းအပေါ် အာဏာစုစည်းတည်ရှိနေမှုကို တဖြည်းဖြည်း လျော့ပါသွားစေမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ်မှာတော့ လူပုဂ္ဂိုလ်ရေး Personality ဟာ Issue လို့ခေါ်တဲ့ တကယ့် နိုင်ငံရေး ပြဿနာတွေ၊ အချက်အလက်တွေထက် ပိုပြီးအရေးကြီးနေတဲ့ သဘောပေါ့ခင်များ။

Prof. Steinberg ။ ။ ပုဂ္ဂိုလ်ရေးဟာ နိုင်ငံရေးပြဿနာထက် အရေးပါပါတယ်။ ပုဂ္ဂိုလ်ရေးဟာ အဖွဲ့အစည်း တည်ဆောက်ရပ်တည်မှုအတွက် ပိုပြီးအရေးပါပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုရင် အခုမြန်မာနိုင်ငံမှာ အဓိက Issues တွေ၊ အဓိက ပြဿနာတွေ။ နိုင်ငံ့အတွက် အရေးကြီးတဲ့ တကယ့်အချက်အလက်တွေက ဘာတွေလဲ ခင်များ။ အထူးသဖြင့် ဒီရွေးကောက်ပွဲမှာ ဘယ်လို Issues တွေ၊ ဘယ်လို ကိစ္စတွေဟာ အဓိကအချက် ဖြစ်သင့်ပါလဲ ခင်များ။

Prof. Steinberg ။ ။ ကျနော့်အမြင်မှာတော့ အဓိက ပြဿနာက နိုင်ငံရပ်ခြား ဆက်ဆံရေးက လောလောဆယ် အဓိက ပြဿနာတရပ် မဟုတ်ပါဘူး။ အဓိက ပြဿနာကတော့ လူထုရဲ့ ဘဝအခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၅၀ ပြည့်လွန်တုန်းက အရှေ့တောင်အာရှမှာ အချမ်းသာဆုံး နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အခုအခါမှာ အဆင်းရဲဆုံး နိုင်ငံ ဖြစ်နေပါတယ်။ ဒါဟာ တကယ့် ဆိုးဆိုးဝါးဝါး ပြောင်းလဲသွားတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ အစိုးရရဲ့ ညံ့ဖျင်းမှားယွင်းတဲ့ မူဝါဒတွေကြောင့် ဖြစ်ပါတယ်။ အခု ဒါတွေကို ပြုပြင်ဖို့ ကြိုးစားပေမယ့် ချက်ချင်းမအောင်မြင်နိုင်ပါဘူး။ ပြည်သူ့ရေးရာ မူဝါဒအားလုံး လစာနည်းမှုကို အခြေခံတဲ့ အဂတိလိုက်စားမှုတွေ၊ လယ်သမားဝင်ငွေ ပြဿနာ၊ စိုက်ပျိုးချေးငွေ ပြဿနာ၊ လူတွေအတွက် တရားမျှတမှု ရှိစေမယ့် လယ်ယာမြေမူဝါဒ ဒါတွေဟာ ရွေးကောက်ပွဲမှာ အလေးထားရမယ့် ကိစ္စရပ်တွေဖြစ်တယ်လို့ ကျနော် ထင်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက Voter Education ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေအတွက် ပညာပေးမှုပေါ့ ခင်များ။ အခု အရေးကြီးတဲ့ ရွေးကောက်ပွဲကြီး မတိုင်ခင်၊ မြန်မာနိုင်ငံက မဲဆန္ဒရှင်တွေဟာ လုံလောက်တဲ့ နိုင်ငံရေးအသိပညာတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုတွေကို ခံယူကြရတယ် ထင်ပါသလားခင်များ။

Prof. Steinberg ။ ။ ဒါဟာ သိပ်အချိန်ယူရတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီ အမေရိကန်ပြည်ထောင်စု တချို့နေရာတွေမှာလည်း မဲဆန္ဒရှင်တွေအတွက် ပညာပေးမှုဟာ သိပ်မကောင်းလှပါဘူး။ ဒါလဲ တကမ္ဘာလုံးမှာ ဖြစ်နေရတဲ့ ပြဿနာပါ။ ရွေးကောက်ပွဲ အတွေ့အကြုံနည်းတဲ့ ဆင်းရဲသားနိုင်ငံတွေမှာ ပိုပြီးတော့ ဆိုးပါတယ်။ လုပ်ရမှာက ငယ်ရွယ်တဲ့ ကျောင်းသားအရွယ်ကစပြီးတော့ ရွေးကောက်ပွဲဆိုတာ အရေးကြီးတယ်။ တရားမျှတမှု ရှိရမယ်။ မဲဆိုတာ အရောင်းအဝယ် မဟုတ်ဘူး။ အချိန်ယူလုပ်ရတဲ့ ကိစ္စ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျောင်းပညာရေးအပြင် တခြားဘယ်သူတွေကများ နိုင်ငံရေးအသိပညာတွေ၊ မဲဆန္ဒရှင်တွေကို ပေးသင့်တယ်လို့ ထင်ပါလဲ။

Prof. Steinberg ။ ။ ခေါင်းဆောင်ပိုင်းက လုပ်သင့်ပါတယ်။ ခြစားပျက်စီးမှု မရှိတဲ့ ခေါင်းဆောင်၊ မျှတမှုရှိတဲ့ ခေါင်းဆောင်၊ သူ့အစိုးရကို ပြုပြင်ပြောင်းလဲပြီးတော့ ပြည်သူလူထုကြားမှာ ပြုပြင်ပြောင်းလဲရေး ဒါတွေကို လုပ်သင့်တယ်လို့ ထင်ပါတယ်။ မှန်ရာကိုပြောပြီးတော့ လက်တွေ့ကျကျ မလုပ်နိုင်တဲ့ ခေါင်းဆောင်မျိုးလည်း ရှိပါတယ်။ အဲဒီလို ခေါင်းဆောင်တွေ အများကြီး ကျနော် ထောက်ပြနိုင်ပါတယ်။ တချို့ခေါင်းဆောင်တွေကတော့ ပြောတဲ့အတိုင်း မဖြစ်မနေဖြစ်အောင် လုပ်တဲ့လူတွေ ဖြစ်ပါတယ်။ ဆိုတော့က ဒါဟာ မူဝါဒ ကောင်းရုံတင်မဟုတ်ပါဘူး။ ကောင်းမွန်ထိရောက်တဲ့ အကောင်အထည် ဖော်မူလည်း လုပ်ရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုအခါ ဒီရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံ အာဏာပိုင်တွေက နိုင်ငံတကာက Observers တွေ၊ စောင့်ကြည့်အကဲခတ်တဲ့ လူတွေကို လက်ခံမယ်လို့ ဆိုပါတယ်။ သူတို့ ဘယ်လောက် ထိထိရောက်ရောက် ကြီးကြပ်နိုင်မယ်လို့ ထင်ပါလဲ ခင်များ။

Prof. Steinberg ။ ။ ထောင်နဲ့သောင်းနဲ့ရှိတဲ့ မဲရုံးတွေကို နိုင်ငံရပ်ခြားက စောင့်ကြည့်လေ့လာသူ တစ်ရာနှစ်ရာလောက်က စောင့်ကြည့်လေ့လာမယ် ဆိုတာကတော့ ထိရောက်မှု ရှိတာထက် ရုပ်ပြသက်သက် စတိသဘောသာ ဖြစ်ပါတယ်။ တကယ် အမှန်အကဲခတ် စောင့်ကြည့်မယ်လူတွေကတော့ ဒေသခံ စောင့်ကြည့်ရေးသမားတွေသာ ဖြစ်ပါလိမ့်မယ်။ မြန်မာတွေကိုယ်တိုင် အစိုးရမဟုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက အရေးကြီးပါတယ်။ အခြေအနေမှန်ကို သူတို့ပဲ ပြောပြနိုင်မှာပါ။ နိုင်ငံခြားသားတွေ မသိနိုင်ပါဘူး။ နိုင်ငံခြားသား အကဲခတ်တွေဆိုတာက အရင်တုန်းက မဖိတ်ခေါ်ဘဲနဲ့ အခုမှ အစိုးရက လက်ခံတာ ဖြစ်တဲ့အတွက် ရုပ်ပြအနေနဲ့ပဲ အရေးပါပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာမဲဆန္ဒရှင်တွေအနေနဲ့ ဘယ်လို ခေါင်းဆောင်တွေကို ရွေးသင့်တယ်၊ မဲပေးသင့်တယ်။ ဘယ်လို အခြေခံမျိုးနဲ့ ရွေးချယ်သင့်တယ်လို့ ထင်ပါလဲ။

Prof. Steinberg ။ ။ ဒီနေရာမှာ ကျနော်အတွက် ပုဂ္ဂိုလ်စွဲ ဘက်လိုက်မှုကို ဝန်ခံရပါလိမ့်မယ်။ ကျနော်က ဘဝတလျှောက်လုံး ဘယ်ပါတီဝင်မှ မဟုတ်ခဲ့ပါဘူး။ နိုင်ငံရေးအယူအဆမှာ လွတ်လပ်သူ ဖြစ်ပါတယ်။ ဒါမျိုး ကျနော် နှစ်သက်ပါတယ်။ တည်ငြိမ်မှု အရှိဆုံးခေါင်းဆောင်၊ အမြင်ကျယ်တဲ့ခေါင်းဆောင်၊ ပြဿနာတွေကို ကြိုတင်ရှုမြင် ရပ်တည်တတ်တဲ့ ခေါင်းဆောင်မျိုးကို ပုဂ္ဂိုလ်လိုက်ရွေးပြီးတော့ ကျနော် မဲပေးပါတယ်။ ပါတီကို မရွေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် က ပါတီကိုကြည့်ပါ။ ပုဂ္ဂိုလ်တဦးချင်းကို မကြည့်ပါနဲ့လို့ ဆိုပါတယ်။ ဒါဟာ သိပ်ပြီးတော့ အမြင်ကျယ်တဲ့ အယူအဆလို့ ကျနော် မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ မြန်မာပြည်သူတွေက ဒီလို တွေးနိုင်မြင်နိုင်လိမ့်မယ်လို့ ထင်ပါလား ခင်များ။

Prof. Steinberg ။ ။ ဒေသခံလူထုက ဘယ်သူဟာ ဘာလဲဆိုတာ သိကြပါတယ်။ မီဒီယာတွေထက် လူထုက ပိုပြီးတော့ သိပါတယ်။ အောက်ခြေလူ့အဖွဲ့အစည်းတွေ၊ ကျေးရွာ ရပ်ကွက် မြို့နယ်တွေက သိပ်ကြီးတာ မဟုတ်ပါဘူး။ လူတိုင်းဟာ လူတိုင်းကို သိနေကြတာပါ။ ဒါပေမဲ့ တခါတလေမှာလဲ မှားမှာပါပဲ။ အမေရိကန်ပြည်ထောင်စုမှာလဲ ဒါမျိုးတွေ ရှိတာပဲ။

XS
SM
MD
LG