သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေအသုံးချမှု မူဝါဒ (မူကြမ်း)


လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်အတွင်း မြေယာဧကသန်းချီပြီး စစ်အုပ်စုအသိုင်းအဝိုင်းက သိမ်းပိုက်ခဲ့ပြီးတဲ့နောက် (၂၀၁၄) အောက်တိုဘာလမှာ အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေခဲ့ပါတယ်။ ဒါပေမဲ့ ပြင်ဆင်လိုသူနဲ့ ကန့်ကွက်သူတွေ များနေတာ တွေ့ရပါတယ်။ သိမ်းပိုက်ထားတဲ့ မြေယာပြဿနာတွေကို လစ်လျူရှုမှု၊ လယ်လုပ်သူကို မတိုင်ပင်မှု၊ စီးပွားရေးသမားတွေကို ဦးစားပေးမှု စတာတွေကြောင့် အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို လက်မခံနိုင်ဘူးလို့ တိုင်းရင်းသားများနဲ့ အရပ်အသားအဖွဲ့အစည်း (၃၁) ဖွဲ့က ချက်ချင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီမူကြမ်းကို အဖွဲ့အစည်းတွေက အမျိုးမျိုး သုံးသပ်ဆွေးနွေးကြပါတယ်။ ဖေဖေါ်ဝါရီလမှာ နယ်သာလန်နိုင်ငံ အခြေစိုက် Transnational Institute က ဒီအကြောင်းကို စာတမ်းနှစ်စောင် ထုတ်ဝေပါတယ်။ တစောင်က စာမျက်နှာ (၇၁) မျက်နှာရှိပြီး ကျန်တစောင်က (၂၄) မျက်နှာ ရှိပါတယ်။ အစိုးရမူကြမ်းမှာ ကောင်းတဲ့အချက်ပါပေမယ့် လက်ရှိ မြေယာပြဿနာကို ဖြေရှင်းနိုင်မယ့် အခြေခံမူဝါဒဖြစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ လက်တွေ့ပြဿနာကို ဖြေရှင်းနိုင်မယ့် မူဝါဒကသာ အောင်မြင်ဖို့ အလားအလာ ရှိပါတယ်။ ဆွေးနွေးသူအားလုံးက မြေအသုံးချမှု မူဝါဒ (မူကြမ်း) ရဲ့ အားနည်းချက်နဲ့ ချို့ယွင်းချက်တွေကို ထောက်ပြပါတယ်။

စစ်အစိုးရလက်ထက်က ရှိခဲ့တဲ့ မတရားမှုတွေကို တရားမျှတအောင် လုပ်ပေးပြီး လယ်ယာမဲ့နဲ့ မြေယာမဲ့ ဖြစ်ခါနီး လယ်သမားတွေ အကျိုးရှိအောင် အဓိကထားဖို့ လိုတယ်လို့ Transnational Institute က ဆိုပါတယ်။ မြေယာပိုင်ဆိုင်မှု ပြဿနာဟာ ဆန့်ကျင်ဘက် အစွန်းနှစ်ခုကို ဦးတည်နေတာကြောင့် မြေယာအများအပြား ပိုင်ဆိုင်သူနဲ့ မြေယာဆုံးရှုံးသူတွေရဲ့ ကွာဟာချက်ဟာ အလွန်ကြီးမားလာပါတယ်။ ကျေးလက်ဒေသတွေမှာ မြေယာနဲ့ ပတ်သက်တဲ့ အခြေအနေ (၃) မျိုး ရှိပါတယ်။ လယ်ယာလုပ်ခွင့်ရထားပေမယ့် ဆုံးရှုံးနိုင်တဲ့ အခြေအနေရှိသူ၊ လယ်လုပ်ခွင့် အနည်းအကျဉ်းရှိသူ (သို့မဟုတ်) လုံးဝ မရှိသူ။ လက်နက်ကိုင် ပဋိပက္ခ (သို့မဟုတ်) ရေလျှံမှုကြောင့် လယ်ယာမြေ ဆုံးရှုံးသူ စတဲ့ ပြဿနာ (၃) မျိုး ရှိပါတယ်။ ဒီမြေယာပြဿနာတွေကို ဖြေရှင်းဖို့ကိစ္စဟာ မြေအသုံးချမှု မူဝါဒရဲ့ ဦးတည်ချက်ဖြစ်ရမယ်လို့ ဆိုပါတယ်။

မြေအသုံးချမှု မူဝါဒ (မူကြမ်း) နဲ့ ပတ်သက်တဲ့ အလုပ်ရုံးဆွေးနွေးပွဲ (၁၇) ခု ကျင်ပးပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၄) ခု၊ ရှမ်းပြည်နယ်မှာ နောက်ဆက်တွဲ (၂) ခုနဲ့ နေပြည်တော်မှာ (၁) ခု စုစုပေါင်း တနေ့တာ ဆွေးနွေးပွဲ (၁၇) ခု ကျင်းပပြီး အတည်ပြုမလို့ ဟန်ပြင်နေတာကို ဘယ်သူမှ မကျေနပ်ပါဘူး။ ပြည်နယ်တခုမှာ ဆွေးနွေးပွဲ တရက်ကျင်းပရုံနဲ့ ပြည်သူလူထု သဘောပေါက်အောင် မလုပ်နိုင်သလို ပြည်သူပူးပေါင်း ဆောင်ရွက်မှုကိုလည်း မရရှိနိုင်ဘူးလို့ ယူဆကြပါတယ်။ ဒါကြောင့်မို့ အစိုးရဆွေးနွေးပွဲ မတိုင်မီ အရပ်သားအဖွဲ့တွေက မြို့ကြီးတွေမှာ အကြိုဆွေးနွေးပွဲ (၁၂) ခု ကျင်းပကြပါတယ်။ မြေယာကိစ္စမှာ ကျေးလက်လုပ်သားအားလုံး နားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်။ မြေအသုံးပြုမှု မူဝါဒမှာ ကျေးလက်လူတန်းစားအားလုံးရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေပါတယ်။

မြန်မာလူဦးရေ (၇၀) ရာခိုင်နှုန်းဟာ တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ပြီး အသက်မွေးဝမ်းကျောင်းကြတဲ့ ကျေးလက်လူထု ဖြစ်ပါတယ်။ ဒီလူတန်းစားကို တိုင်းပြည်ရဲ့ လူမှုစီးပွားရေးအခြေခံလို့ သတ်မှတ်ပါတယ်။ အလွန်အမင်း ဆင်းရဲမှုပပျောက်ရေးနဲ့ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရာမှာ စိုက်ပျိုးလယ်ယာဟာ အဓိက အရေးကြီးတဲ့ အခန်းကနေ ပါဝင်တယ်လို့ ကမ္ဘာ့ဘဏ်က ယူဆပါတယ်။ စိုက်ပျိုးရေးကဏ္ဍဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှု (၄၃) ရာခိုင်နှုန်းဖြစ်ပြီး၊ ကျေးလက်လူဦးရေ (၇၀) ရာခိုင်နှုန်းကို အလုပ်အကိုင် ပေးနိုင်ပါတယ်။ မြေယာသိမ်းယူတာဟာ တိုင်းပြည်လူမှုစီးပွားရေး အခြေခံကို ဖျက်ဆီးသလို ဖြစ်နေပါတယ်။ ဒါကြောင့် ဥပဒေမပြဌာန်းခင်မှာ မြေယာသိမ်းယူမှုနဲ့ မြေယာခွဲဝေမှုကို အရင်ဆုံး ချက်ချင်းရပ်ဆိုင်းဖို့ လိုအပ်ကြောင်း Transnational Institute က အကြံပေးထားပါတယ်။

မြေအသုံးချမှု မူဝါဒ (မူကြမ်း) မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေးတို့ကို စဉ်းစားတာမျိုးမရှိဘဲ စီးပွားရေးသမားကြီးတွေ စိုက်ပျိုးရေးလုပ်နိုင်အောင် စီစဉ်ပေးသလို ဖြစ်နေတယ်လို့ Global Witness အဖွဲ့ရဲ့ (၂၀၁၄) နိုဝင်ဘာလက ထုတ်ပြန်တဲ့ အဆိုပြုလွှာမှာ ဖော်ပြထားပါတယ်။ မြေ၊ ငါး လုပ်ငန်း နဲ့ သစ်တောဆိုင်ရာ တာဝန်သိအုပ်ချုပ်မှု ကုလသမဂ္ဂလမ်းညွှန် နဲ့ ကိုက်ညီဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီမူကြမ်းဟာ တောင်သူလယ်သမား အကျိုးစီးပွားကို ဦးစားမပေးဘဲ အရင်းရှင်တေါ စီးပွားရှာနိုင်အောင် လမ်းခင်းပေးတဲ့ မူဝါဒဖြစ်တယ်လို့ အများက သုံးသပ်ပါတယ်။

မူကြမ်းရေးဆွဲစဉ်က တနှစ်ကျော် အချိန်ယူခဲ့ပေမယ့် အတည်ပြုဖို့ကိစ္စမှာ အလျင်စလို ဖြစ်နေတာကိုလည်း ဘဝင်မကျကြပါဘူး။ မြေယာသိမ်းယူမှုနဲ့ မြေယာမဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ရည်ရွယ်ချက်မရှိတဲ့ မြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို တောင်သူလယ်သမားနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၃) နှစ်ကျော်က လယ်ယာမြေ ဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြုတုန်းကလည်း လယ်သိမ်းခံရတဲ့ လယ်သမားတွေ ရန်ကုန်မှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒါကြောင့် လက်တွေ့ဘဝနဲ့ နီးစပ်တဲ့ မြေအသုံးချမှု မူဝါဒ ဖြစ်ဖို့လိုကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG