သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသွားလုပ်ငန်း အလားအလာ


လွန်ခဲ့တဲ့ နိုဝင်ဘာလအထိ မြန်မာပြည်ကို ကမ္ဘာလှည့်ခရီးသည် (၄) သန်းကျော် ဝင်ရောက်တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ပြောဆိုကြောင်း ဒီဇင်ဘာလ (၁၃) ရက်နေ့ထုတ် ဆင်ဟွာ-မြန်မာ သတင်းမှာ ဖော်ပြပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံခြားခရီးသည်ဦးရေ တဖြည်းဖြည်း တိုးပွားလာတာကိုကြည့်ပြီး ဒီနှစ်ထဲမှာ ခရီးသည် (၅) သန်းအထိ တိုးလာနိုင်တယ်လို့ ဝန်ကြီးဌာနက မျှော်လင့်နေပုံ ရပါတယ်။ ဒါပေမဲ့ တိုးရစ်ဗီဇာ (Tourist Visa) ယူပြီး လေယာဉ်စီး ဝင်ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်ဦးရေကတော့ သိန်းဂဏန်းလောက်ပဲ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

လွန်ခဲ့တဲ့နှစ်က အာဆီယံ (၁၀) နိုင်ငံကိုလာတဲ့ ကမ္ဘာလှည့်ခရီးသည်စာရင်းကိုကြည့်ရင် မြန်မာပြည်ကိုလာတဲ့ဦးရေဟာ အနည်းဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ ကမ္ဘာလှည့်ခရီးသည် (၂၇) သန်း မနှစ်က မလေးရှားကို သွားရောက်ပြီး၊ ထိုင်းကို (၂၄) သန်း၊ စင်္ကာပူကို (၁၅) သန်း သွားကြပါတယ်။ အင်ဒိုနီးရှားကို ခရီးသည် (၉) သန်း၊ ဗိယက်နမ်ကို (၈) သန်း သွားရောက်လည်ပတ်ကြပါတယ်။ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို နဲ့ ဘရူနိုင်းကိုတော့ ခရီးသည် (၄) သန်းကျော် ဝင်ရောက်ကြောင်း သိရပါတယ်။ မြန်မာပြည်ကို ခရီးသည် (၃) သန်းကျော်လောက် သွားရောက်လည်ပတ်တယ်လို့ စာရင်းမှာ ဖော်ပြထားပါတယ်။

မနှစ်က ကမ္ဘာလှည့်ခရီးသည် (၃) သန်းကျော် လာတယ်လို့ စာရင်းဖောင်းပွပြီး ပြထားတာတောင် မြန်မာပြည်ဟာ အာဆီယံအသင်းမှာ အောက်ဆုံးအဆင့် ရောက်နေပါတယ်။ ခရီးသည်စာရင်း ဖောင်းပွရတဲ့အကြောင်းရင်းက မြန်မာနဲ့ဆက်နေတဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို နဲ့ ထိုင်းနိုင်ငံတွေက နေ့ချင်းပြန် ဝင်ရောက်လာသူ (၂) သန်းနီးပါးကို ထည့်တွက်ထားလို့ ဖြစ်ပါတယ်။ ဗိယက်နမ် နဲ့ ကမ္ဘောဒီးယားမှာ ဒီလိုပဲ တွက်လေ့ရှိတယ်လို့ ခရီးသွားလာရေးဝန်ကြီး ဦးဌေးအောင် က ရေးဖူးပါတယ်။ ဒါပေမဲ့ နယ်စပ်က ဝင်ရောက်လာတဲ့ နေ့ချင်းပြန် (သို့) ညအိပ်ခရီးသည်ကို ကမ္ဘာလှည့်ခရီးသည်အဖြစ် မသတ်မှတ်တာက များပါတယ်။ ဒီအတိုင်းဆိုရင် ၂၀၁၄ မှာ ကမ္ဘာလှည့်ခရီးသည် (၁) သန်းလောက်သာ မြန်မာပြည်ကို လာတယ်လို့ ပြောရမှာ ဖြစ်ပေမယ့် ဝင်လာတဲ့ နိုင်ငံခြားသားကို ခရီးသည်အဖြစ် သတ်မှတ်ပုံရပါတယ်။

ဒီနှစ် စက်တင်ဘာလကုန်အထိ နိုင်ငံခြားခရီးသည် (၃) သန်းကျော် ဝင်ရောက်လာတဲ့အတွက် မနှစ်ကထက် ပိုများတယ်လို့ ခရီးသွားလာရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒါပေမဲ့ ကမ္ဘာလှည့်ခရီးသွား တိုးရစ်ဗီဇာနဲ့ ဝင်လာသူ အရေအတွက်ကတော့ (၃) သိန်းလောက်သာ ရှိတယ်လို့ သိရပါတယ်။ နိုဝင်ဘာလမှာ နိုင်ငံခြားခရီးသွား အစီအစဉ်တွေ နည်းပါးသွားတယ်လို့ တိုးရစ်လုပ်ငန်းရှင်အချို့က ပြောပါတယ်။ ဒါပေမဲ့ NLD အစိုးရသစ်လက်ထက်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကြီးထွားလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ လေယာဉ်စီးပြီး တိုးရစ်ဗီဇာနဲ့ ဝင်လာတဲ့ ကမ္ဘာလှည့်ခရီးသည် ဦးရေများလာမှသာ ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိတယ်လို့ ဆိုပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေးဌာနကတော့ ဘယ်လို ဗီဇာနဲ့လာလာ နိုင်ငံခြားသားဧည့်သည်အားလုံးကို ကမ္ဘာလှည့်ခရီးသည်အဖြစ် သတ်မှတ်ထားပါတယ်။

ကမ္ဘာလှည့်ခရီးသွားဧည်သည်ဦးရေ တိုးပွားလာမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဒိန်းမတ်လူ့အခွင့်အရေးအဖွဲ့၊ လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့နဲ့ ရန်ကုန်အခြေစိုက် တာဝန်သိလုပ်ငန်းစင်တာ စတဲ့ အဖွဲ့ (၃) ခုက စာမျက်နှာ (၂၀၀) ကျော် အစီရင်ခံစာ မကြာမီက ထုတ်ဝေထားပါတယ်။ ကမ္ဘာလှည့်ဧည်သည် များပြားလာတာဟာ တိုင်းပြည်ဝင်ငွေတိုးပွားပြီး အလုပ်အကိုင်တွေ တိုးပွားလာသလို လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဓလေ့ကိုလည်း ထိခိုက်နိုင်ကြောင်း ကွင်းဆင်းလေ့လာပြီး ရေးသားထားပါတယ်။ အရွယ်မရောက်တဲ့ ကလေးသူငယ်တွေ အလုပ်လုပ်တဲ့ တိုင်းပြည်ဟာ ကလေးတွေနဲ့ လိင်ဆက်ဆံချင်တဲ့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်ကို ဖိတ်ခေါ်နေသလို ဖြစ်နေတာကို သတိပေးထားပါတယ်။ ကလေးလိင်ဆက်ဆံမှု အနည်းအကျဉ်း ရှိနေကြောင်း ဖော်ပြထားပါတယ်။

နိုင်ငံခြားငွေ ရရှိရေးနဲ့ တိုင်းသူပြည်သားတွေ အလုပ်အကိုင်ရရှိရေးအတွက် ခရီးသွားလုပ်ငန်းကို အစိုးရက အားပေးပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ လူမှုရေးနဲ့ စီးပွားရေး အခြေခံအဆောက်အအုံတွေ မလုံလောက်ဘဲ ခရီးသွားဧည့်သည် တိုးပွားလာရင် လူ့အခွင့်အရေး ချိုးဖျက်မှုများပြီး ခရိုနီအရင်းရှင် ကြီးစိုးတဲ့ ငွေရှာရေးလုပ်ငန်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် စီးပွားရေးတင်မကဘဲ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင်ကို မြှင့်တင်ပေးနိုင်မယ့် တာဝန်သိခရီးသွားလုပ်ငန်း ဖြစ်ရမယ်လို့ အစိုးရက ကြွေးကြော်ပါတယ်။ လောလောဆယ်တော့ ဟိုတယ်၊ အပန်းဖြေစခန်း နဲ့ လေကြောင်းကုမ္ပဏီပိုင်တဲ့ ခရိုနီတွေ စီးပွား ဖြစ်နေပါတယ်။

အကျိုးအမြတ်များတဲ့ လုပ်ငန်းတိုင်းမှာ ခရိုနီတွေကို တွေ့နိုင်ပါတယ်။ တာဝန်သိ ခရီးသွားလုပ်ငန်းကို ဟန်ပြကြွေးကြော်ပြီး အဂတိလိုက်စားနေရင်တော့ ပြည်သူလူထုဟာ အကျိုးခံစားသင့်သလောက် ခံစားရမှာ မဟုတ်ပါဘူး။ ခရီးသွားလုပ်ငန်းနဲ့ မဆိုင်သူ အပါအဝင် ဒေသခံတွေရဲ့ လူ့အခွင့်အရေးကို မထိခိုက်မှသာ တာဝန်သိ ခရီးသွားလုပ်ငန်းလို့ ခေါ်နိုင်ပါတယ်။ လူ့အဖွဲ့အစည်းနဲ့ အခြေခံအဆောက်အအုံ အခြေအနေ အဆင်သင့် မဖြစ်သေးဘဲ ကမ္ဘာလှည့်ခရီးသည် အများအပြား ဝင်လာတာဟာ အလွန်သတိထားရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် တာဝန်သိ ခရီးသွားလုပ်ငန်းကို ပါဝင်သူအားလုံးက စိတ်ရောကိုယ်ပါ အကောင်အထည် ဖော်ရမှာဖြစ်ကြောင်း အစီရင်ခံစာမှာ ထောက်ခံတင်ပြထားပါတယ်။

XS
SM
MD
LG