သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပန်ဆန်း ထိပ်သီး အစည်းဝေးပွဲ ငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်သလား


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဒီကနေ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ စတင် (ဓာတ်ပုံ - T.N.L.A)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဒီကနေ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ စတင် (ဓာတ်ပုံ - T.N.L.A)

ခုဆိုရင် ၀ ဒေသ ပန်ဆန်း၊ တိုင်းရင်းသားတွေ အခေါ် ပန်ခမ်း မှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး အောင်အောင်မြင်မြင် ကျင်းပပြီးသွားပါပြီ။ အဲဒီ အစည်းအဝေးပွဲကြီးကို တိုင်းရင်းသား အဖွဲ့ ၁၂ ဖွဲ့ပဲ တက်ရောက်တယ် ဆိုပေမယ့် အဲဒီထဲမှာ မြန်မာနိုင်ငံက အင်အားအကြီးဆုံးလို့ ဆိုနိုင်တဲ့ ဝ၊ ကချင်၊ ရှမ်း၊ ကချင် လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်ကြတာမို့ ထူးခြားတဲ့ တွေ့ဆုံမှုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ တိုက်ဆိုင်တယ်ပဲ ဆိုရမလား၊ အစည်းအဝေးအပြီး ထုတ်ပြန်ကြေငြာချက်မှာလည်း အချက် (၁၂) ချက် ပါဝင်တာ တွေ့ရပါတယ်။ ဒီ ထိပ်သီးအစည်းအဝေးပွဲကြီးရဲ့ ထူးခြားချက်တွေက ဘာတွေလဲ၊ လက်ရှိ အစိုးရက အကောင်အထည် ဖော်နေတဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးရရှိရေး လုပ်ငန်းစဉ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အဓိက ထူးခြားချက်ကတော့ အခု အစည်းအဝေးကို ၀ အဖွဲ့က သူ့နယ်မြေထဲမှာပဲ ဦးဆောင်ကျင်းပတာပါ။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ရင်၊ အစိုးရနဲ့ တွေ့ဆုံစကားပြောမှုတွေမှာ ဝင်ပါလေ့ မရှိတဲ့ လက်နက်ကိုင် အင်အား အတောင့်တင်းဆုံးလို့ သတ်မှတ်ခံရတဲ့ ၀ တပ်ဖွဲ့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ် ရေစီးကြောင်းထဲ စ ပြီး ဝင်ရောက်လာတဲ့ အစည်းအဝေးပွဲလို့ ဆိုရင်လည်း မမှားပါဘူး။ ၀ နဲ့ မိုင်းလားအဖွဲ့ ခုလို နိုင်ငံရေးဖြစ်စဉ်ထဲ ပါဝင်လာရတဲ့ နောက်ခံ အကြောင်းရင်းကလည်း ရှိနေပါတယ်။ ၂၀၁၅ နှစ်စပိုင်း ကိုးကန့်နယ်မြေမှာ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် တပ်ဖွဲ့တွေနဲ့ အစိုးရ တပ်ဖွဲ့တွေ တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားပါတယ်။ နှစ်ဖက် သတင်းဖော်ပြချက်တွေအရ အစိုးရတပ်ဘက်က အသေအပျောက် ထိခိုက်ကျဆုံးမှု များတဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

အဲဒီ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ဒုဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး သတင်းစာရှင်းလင်းပွဲလုပ် ပြောဆိုတဲ့ဆီမှာ ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့တွေဘက်ကနေ ကေအိုင်အေ ကချင်တပ်ဖွဲ့၊ တအောင်းပလောင် တပ်ဖွဲ့၊ ၀ တပ်ဖွဲ့နဲ့ မိုင်းလား တပ်ဖွဲ့တွေ ကူညီပေးနေတယ်၊ တိုက်ပွဲထဲမှာ အော်ဟစ် အမိန့်ပေးနေတဲ့ အသံတွေကို ကြားရသလောက် အဲဒီ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်နေတာ ထင်ရှားတယ် ဆိုပြီး စွတ်စွဲ ပြောဆိုခဲ့ပါတယ်။ ဒါတင်မက အဲလို ကူညီအားပေးတဲ့ ကိစ္စ တာဝန်ယူကြရမယ် ဆိုပြီး ကချင်၊ ၀ နဲ့ မိုင်းလား တပ်ဖွဲ့တွေဆီ ရည်ညွှန်းပြီး သတိပေးစကား ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ၀ တပ်ဖွဲ့ဘက်က အစိုးရဘက်က စွတ်စွဲချက် မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ အဲဒီ အချိန်ကစ လက်ရှိ ပြည်တွင်းစစ်နဲ့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲကနေ အပြင်ထွက်၊ ဘေးထွက်နေလို့ မရဘူး ဆိုတာ ၀ တပ်ဖွဲ့ခေါင်းဆောင်တွေ သဘောပေါက် သွားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစည်းအဝေး ဦးစီးကျင်းပရုံမက နောင် ခုလို အစည်းအဝေးတွေ ဆက်ပြီး ကျင်းပဦးမယ်၊ ၀ တွေဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အားလုံးပါတဲ့ ကိုယ်စားလှယ် အဖွဲ့တစ်ခု ဖွဲ့မယ် ဆိုတဲ့ အခြေအနေ ရောက်လာတာ ဖြစ်ပါတယ်။

၀ အဖွဲ့ ခုလို မြန်မာ့နိုင်ငံရေးထဲ ပါဝင်လာတာ ကောင်းတဲ့ အချက်လို့ ကောက်ချက်ချနိုင်ပါတယ်။ ၀ နယ်ပြသနာဟာ ရုရှနဲ့ ယူကရိန်းလို ဖြစ်သွားနိုင်တယ်၊ မြန်မာ့ အချုပ်အခြာ အာဏာ ထိပါးနိုင်ခြေ ရှိတယ် ဆိုတဲ့ ထင်မြင်ယူဆ ချက်တွေကိုလည်း မှေးမှိန် သွားစေမှာ ဖြစ်ပါတယ်။ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာကို တိုင်းရင်းသားတွေ အနေနဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ထဲကနေ ခွဲထွက်မှာ မဟုတ်ပဲ၊ အတူတကွ စုပေါင်းနေထိုင်ကြမယ် ဆိုတာကို ကတိပေးထားသလို အစည်းအဝေး နောက်ပိုင်းမှာလည်း ၀ ပြောခွင့်ရ ဦးအောင်မြင့်က တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း ပေါ်ပေါက်လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ၀ အဖွဲ့က ပါဝင်မယ် ဆိုပြီး ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါဟာ မြန်မာ့အချုပ်အခြာ အာဏာအတွက် ကောင်းမွန်တဲ့ လက္ခဏာ တစ်ရပ်ပါ။

နောက်ထပ် ကောင်းမွန်တဲ့ အလားအလာ တစ်ခုကတော့ ၀ အပါအဝင် တိုင်းရင်းသားတွေ အနေနဲ့ လက်ရှိ အစိုးရက ဦးဆောင် အကောင်အထည် ဖော်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို အရင်လုပ်၊ ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲတွေ စ ဆိုတဲ့ လုပ်ငန်းစဉ်ကို ထောက်ခံ အတည်ပြုပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ NCCT က သွားနေတဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရေး ညှိနှိုင်းဆွေးနွေးမှု ဆက်ပြီး လမ်း ပွင့်နေဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တစ်တိုင်းပြည်လုံး အပစ်ရပ် စာချုပ် ချုပ်ဆိုတော့မယ် ဆိုရင် ဟိုအဖွဲ့မပါနဲ့ ဒီအဖွဲ့ ချန်ထား ဆိုတာမျိုးလုပ်တာ လက်မခံနိုင်ဘူး၊ အပစ်မရပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေပါ တန်းတူရည်တူ ပါဝင်သင့်တယ် လို့တော့ ခတ်ပြတ်ပြတ် ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုးကန့်၊ ကချင်၊ တအောင်းပလောင် နဲ့ ရခိုင် တပ်ဖွဲ့တွေကို ထိုးစစ်ဆင်တာ ရပ်ပါ၊ စစ်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ဘက်က လူ့အခွင့်အရေး ချိုးဖေါက်တာတွေ ရပ်ပါ ဆိုပြီးလည်း တောင်းဆိုထားပါတယ်။

အစည်းအဝေး ထုတ်ပြန်ချက်ထဲက အရေးပါတဲ့ အချက်တစ်ချက်ကတော့ အစိုးရဘက်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ပေးဖို့၊ ဒီမိုကရေစီ အရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အာမခံချက် အပြည့်အ၀ ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ တညီတညွတ်တည်း တောင်းဆိုလိုက်တာပါ။ သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့၊ လွှတ်တော် ဘက်ကတော့ ကိုယ်ပိုင် ပြဌာန်းခွင့် ၊ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာတွေကို စကားလုံးအရ လက်ခံထားပြီး ဖြစ်ပေမယ့် ဖွဲ့စည်းပုံ ပြင်ပေးရမယ့် ကိစ္စကိုတော့ နိုင်ငံရေး ဆွေးနွေးပွဲကြီးတွေ အောင်မြင် ပြီးမြောက် သဘောတူညီချက်ရမှ အဲဒီ သဘောတူညီချက်အတိုင်း ပြင်ဖို့ ဆိုပြီး ပြောဆိုထားပါတယ်။ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်မှာ ဖွဲ့စည်းပုံကို ဘယ်အချိန် ပြင်ပေးရမယ် ဆိုတဲ့ သတ်မှတ်ချက် မပါပေမယ့် လွှတ်တော်နဲ့ အစိုးရဘက်က ခုလိုပဲ အချိန်ဆွဲနေမယ် ဆိုရင်တော့ အပစ်ရပ် စာချုပ် လက်မှတ်ထိုးနိုင်ရေး၊ ငြိမ်းချမ်းရေး အကောင်အထည် ဖော်နိုင်ရေး ကိစ္စတွေမှာ အခက်အခဲ ကြုံတွေ့လာရနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပန်ဆန်း ထိပ်သီးအစည်းအဝေးကတော့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ အနေနဲ့ သူတို့ ညီညီညွတ်ညွတ် ရှိနေတဲ့အကြောင်း ပြသ လိုက်သလို၊ အစိုးရနဲ့ တပ်မတော်ဘက်ကိုလည်း အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် လက်တွေ့ လုပ်ကိုင် ပြသပါလို့ တောင်းဆိုလိုက်တဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒါတင်မက ၀ ခေါင်းဆောင်တွေဟာ သူတို့လိုလားနေတဲ့ ပြည်နယ် အဆင့်အတန်း ရရှိရေး၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ထောက်ခံလာအောင် စည်းရုံး ပြောဆိုခဲ့တဲ့ အစည်းအဝေးလည်း ဖြစ်ခဲ့ပါတယ်။ ဒီ အစည်းအဝေး ရလာဒ်တွေဟာ အစိုးရနဲ့ တပ်မတော်အပေါ် ဖိအားတွေ ဖြစ်ပေါ်လာစေနိုင်ပေမယ့် မြန်မာ့ အချုပ်အခြာ အာဏာပိုင်စိုးမှု၊ မြန်မာ့ ငြိမ်းချမ်းရေး အတွက်ကတော့ ကောင်းတဲ့ ရလာဒ်တွေ ထွက်ခဲ့ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG