သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ အောင်မြင်မှု ရနိုင်မှာလား


ပထမအကြိမ်ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ
ပထမအကြိမ်ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ

အခုရက်ပိုင်း သတင်းထောက်တွေက အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အမေးဆုံး မေးခွန်းတစ်ခုကတော့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ပါပဲ။ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွေ ဘယ်တော့ ပြန်စမလဲ၊ အခြေအနေ ဘယ်လိုလဲ၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုများ ထင်မြင်သလဲ စတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးကိစ္စ သမ္မတ ဦးသိန်းစိန်ဘက်က တက်တက်ကြွကြွ မရှိဘူးလို့ဖြေပါတယ်။ နောက်ဆုံး သတင်းတွေအရ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ပါဝင်တဲ့ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ဟာ ဘယ်လာရုစ် နဲ့ ပိုလန်နိုင်ငံတွေကို ပြည်ပ ခရီးစဉ် ထွက်ခွာသွားပြီး၊ မေလ ၂၈ ရက်နေ့မှ မြန်မာပြည် ပြန်ရောက်မှာဖြစ်လို့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို အစောဆုံး ကျင်းပ ဖြစ်မယ့် အချိန်ဟာ မေလ ကုန် ပတ်ဝန်းကျင်ပါပဲ။ ဒါတောင် ဖြစ်ချင်မှ ဖြစ်ပါလိမ့်ဦးမယ်။ ဒေါ်အောင်ဆန်းစုကြည်က ၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွေ ခပ်မြန်မြန်နဲ့ ခပ်စိပ်စိပ် ကျင်းပဖို့ ဘာကြောင့် ဆန္ဒရှိနေရတာပါလဲ၊ သူ မျှော်လင့်တာတွေ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကနေ ထွက်ပေါ်လာဖို့ ရှိပါသလား တစ်နည်းပြောရရင် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲတွေဟာ အောင်မြင်မှုရတဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာမလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ အောင်မြင်စေချင်တဲ့ အဓိက အကြောင်းအရင်းကတော့ လာမယ့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံကို ပြင်ချင်လို့ပါပဲ။ အဲလို ပြင်နိုင်မှလည်း ရွေးကောက်ပွဲက ရလာမယ့် ရလာဒ်တွေကို “ပြင်ဆင်ပြီး ဖွဲ့စည်းပုံ” အတိုင်း အကောင်အထည် ဖော်နိုင်မှာမို့ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံကို မပြင်ဆင်နိုင်ဘူး ဆိုရင်တော့ ရွေးကောက်ပွဲရလာဒ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ တင်မက တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးကပါ လက်မခံတဲ့ “၂၀၀၈ ဖွဲ့စည်းပုံ”နဲ့ပဲ အကောင်အထည် ဖော်ရမှာ ဖြစ်နေလို့ပါပဲ။

တိုက်ရိုက် လင့်ခ်

တကယ်တော့ ဖွဲ့စည်းပုံ ပြင်ရေးဆိုတာ လွှတ်တော်ရဲ့ အလုပ်ဖြစ်တယ် ဆိုပြီး သမ္မတ ဦးသိန်းစိန်က ပြောဆိုထားပြီးဖြစ်သလို လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ဦးဆောင်မှုနဲ့ ၂၀၁၃ ခုနှစ်ကတည်းက စပြီး ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ လွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီ ဆီကို “ကော်မတီ လုပ်ငန်းဆိုင်ရာ အခြေခံမူ” ညွှန်ကြားချက်ပေးပို့ခဲ့ဖူးပါတယ်။ အဲဒီ ညွှန်ကြားချက် ၁။(ဃ)မှာ “ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မကျင်းပမီ အနည်းဆုံး ၆လ အလိုတွင် ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် လုပ်ငန်းအစီအစဉ်ပြ အချိန်ဇယား သတ်မှတ် ဆောင်ရွက်ရန်” ဆိုပြီး အတိအလင်း ဖော်ပြခဲ့ပါတယ်။ ဒါဟာ အခု မေလထဲမှာ လူထုဆန္ဒခံယူပွဲ ကျင်းပပြီးစီးရုံမက၊ ဥပဒေ ပြဌာန်းပြီးသား ဖြစ်နေရမယ် ဆိုတဲ့ အခြေအနေမျိုးကို ဆိုလိုတာပါ။ တကယ်လက်တွေ့မှာတော့ သူရဦးရွှေမန်းရဲ့ အဲဒီ ညွှန်ကြားချက်နဲ့ ကတိစကားတွေ လုံး၀ မဖြစ်နိုင်တော့ဘူး ဆိုတာ သူကိုယ်တိုင်ကလည်း ဝန်ခံထားခဲ့ပါပြီ။

ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း အခြေအနေကို ပြန်ကြည့်ရင် အမတ်အရည်အတွက် အများဆုံး ဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သား အမတ်တွေဟာ တကယ် ပြင်သင့်ပြင်ထိုက်တဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ကနေ တားဆီးထားတဲ့ ပုဒ်မ ၅၉(စ)၊ သမ္မတ ရွေးချယ်ရာမှာ တပ်မတော်သား အမတ်တွေက ၂၅ ရာခိုင်နှုန်း ရယူထားတဲ့ ပုဒ်မ ၆၀၊ ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတ ကသာ ခန့်နိုင်တဲ့ ပုဒ်မ ၂၆၁ စတာတွေကို ပြင်ဆင်ဖို့ ဆန္ဒမရှိတဲ့အကြောင်း အတိအလင်း သဘောထား ပေးထားကြပြီလည်း ဖြစ်ပါတယ်။

အဲဒီ အခြေအနေအတိုင်း ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ထဲမှာ ဆက်ပြီး ဆောင်ရွက်ရင် မဲခွဲတာနဲ့ ရှုံးလိမ့်မယ်၊ ဒါကို ရှောင်ရှားနိုင်အောင် အဆုံးအဖြတ် ပေးနိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဖို့ လိုတယ်ဆိုပြီး လွှတ်တော်ကိုယ်တိုင်က ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို တောင်းဆိုလိုက်တာပါ။ ဖွဲ့စည်းပုံကို ပြည်ခိုင်ဖြိုးပါတီကရော၊ တပ်မတော်သား အမတ်တွေကပါ မပြင်ချင်တဲ့ ကိစ္စ၊ သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကသာ သဘောတူရင် ပြင်နိုင်မယောင် လမ်းလွဲှလိုက်တာမျိုးလည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ရှင်းပါတယ်။ ပြီးခဲ့တဲ့ ၄၈ ပွင့်ဆိုင် ဆွေးနွေးပွဲ အချိန်ကစ လောလောဆယ် ဖွဲ့စည်းပုံကို မပြင်ချင်သေးဘူး၊ နောင်မှ ပြင်ကြတာပေါ့ ဆိုတာမျိုး သုံးကြိမ်မက ပြောဆိုခဲ့ပြီးပါပြီ။ အခုနောက်ဆုံး မေလ ၁၈ ရက်နေ့ နိုင်ငံရေးပါတီများနဲ့ ရန်ကုန်မှာ တွေ့ဆုံစဉ်ကလည်း “နိုင်ငံရေးဆွေးနွေးပွဲတွေကို လာမယ့်ရွေးကောက်ပွဲ များ မတိုင်ခင်မှာ အစပြုထားလိုပါတယ်၊ ဒီနိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ကျနော်တို့ ရည်မှန်းတဲ့ ပြည်ထောင်စုကိုပုံဖော်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် ကိစ္စရပ်များစွာကို အားလုံးရဲ့ ကိုယ်စားပြုမှု သဘောတူညီမှုတွေနဲ့ ပြင်ဆင်ရမှာဖြစ်ပါတယ်၊ အားလုံးပဲ နိုင်ငံရေးဆွေးနွေးပွဲကို ဖြစ်အောင်ကြိုးပမ်းနေတဲ့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမယ့်အချက်တွေမှာလည်း အခက်အခဲမရှိနိုင်ဘူးလို့ ကျနော်အနေနဲ့ ယူဆမိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်ရပ် စာချုပ် လက်မှတ်ထိုး၊ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေစ၊ အဲဒီမှာ ဖွဲ့စည်းပုံ ပြင်မယ့် ကိစ္စ ဆွေးနွေး။ အခုလောလောဆယ် လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံ ပြင်ရေး မလုပ်နိုင်သေးဘူး ဆိုတဲ့ သဘောပါပဲ။

၆ ပွင့်ဆိုင် ဆွေးနွေးပွဲထဲ ပါသူတစ်ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ကလည်း ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပြီးပါပြီ။ သူပြောခဲ့တာ သမ္မတ ဦးသိန်းစိန် ပြောတာနဲ့ ထပ်တူပါပဲ။ အလားတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဖွဲ့စည်းပုံ ပြင်တာကို ဖွဲ့စည်းပုံမှာ ပါတဲ့အတိုင်း လုပ်ကြပါ၊ သူကတော့ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်၊ ဆိုပြီး ထပ်ကာ ထပ်ကာ ပြောဆိုခဲ့ပြီးပါပြီ။

ပြောရရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ၆ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ပါဝင်တဲ့ သမ္မတ ဦးသိန်းစိန်၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သုံးဦးဟာ လတ်တလော မပြင်ဆင်လိုကြောင်း သူတို့နည်း သူတို့ဟန်နဲ့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားပြီးပါပြီ။ လွှတ်တော် နာယက သူရဦးရွှေမန်းကတော့ ကတိစကား တည်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။ တကယ့်တကယ် ဖွဲ့စည်းပုံပြင်ရေး စိတ်အားထက်သန်သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာအေးမောင် တို့ နှစ်ယောက်ပဲ ရှိတဲ့အတွက် ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ အောင်မြင်မှု ရနိုင်မှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG