သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင် သက်သေခံ လက်မှတ်ထုတ်ပေးတာ၊ ဘာ ပြသနာတွေ တက်လာနိုင်သလဲ


ရွေးကောက်ပွဲပညာပေး (မန္တလေး)
ရွေးကောက်ပွဲပညာပေး (မန္တလေး)

ဒါနဲ့ ပါတ်သက်ရင် အဖြစ်နိုင်ဆုံးကတော့ ကြိုတင်မဲနဲ့ မဲပေးထားပြီးသူတွေဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ မသမာမှုလုပ်ပြီး နောက်တစ်ကြိမ် မဲပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ကြိုတင်မဲလက်မှတ် လူ ၃ သန်းစာလောက် ရိုက်နှိပ်ထားတယ် ဆိုတာကို သတိမမေ့ကြဖို့ လိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ မဲစာရင်းမှာ ပါတဲ့ ပြည်သူတွေ အနေနဲ့ ဆန္ဒမဲပေးခွင့် မဆုံးရှုံးအောင် “မဲဆန္ဒရှင် သက်သေခံ လက်မှတ်”တွေကို ထုတ်ပေးတော့မယ် ဆိုပြီး ကြေငြာပါတယ်။ တကယ်တော့ ဒီ အစီအစဉ်ဟာ နဂို ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေထဲမှာ မပါဝင်ပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသစ် ချမှတ်လိုက်တဲ့ ဒီ အစီအစဉ်ကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲ၊ ဒီ အစီအစဉ်ဟာ ပြဌာန်းထားပြီးဖြစ်တဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ နဲ့ ဆန့်ကျင်နေသလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ကော်မရှင်ရဲ့ ကြေငြာချက်မှာ မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေးရတဲ့ အကြောင်းနဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြထားပါတယ်။ ထုတ်ပေးရတဲ့ အကြောင်းကတော့ မဲစာရင်းပါသူတွေ မဲပေးခွင့် မဆုံးရှုံးစေရေး ဖြစ်ပြီး ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ မဲစာရင်းပါကြောင်းနဲ့ မဲပေးခွင့် ရရှိကြောင်း သေခြာခိုင်လုံစေတယ်၊ ဘယ်မဲရုံမှာ မဲပေးရမယ် ဆိုတာကို သိနိုင်မယ်၊ မဲစာရင်း အမှတ်စဉ် ဖော်ပြထားလို့ မဲစာရင်း စိစစ်လက်မှတ်ထိုးရာမှာ၊ မဲလက်မှတ် ထုတ်ယူရာမှာ လွယ်ကူလျင်မြန်စေမယ်၊ စိစစ်ချိန်မှာ မှတ်ပုံတင် အစား ဒီလက်မှတ်နဲ့ အထောက်အထား ပြသနိုင်မယ်၊ မဲစာရင်း မှန်ကန်ရေး အထောက်အကူ ဖြစ်စေမယ် ဆိုပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေကို သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေက လာမယ့် နိုဝင်ဘာ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ နေ့စဉ် မနက် ၈ နာရီ ကနေ ညနေ ၆ နာရီအထိ ထုတ်ပေးမယ်လို့ ဆိုထားပါတယ်။ မဲပေးမယ့်သူတွေ အနေနဲ့ အဲဒီ လက်မှတ်တွေကို သွားထုတ်ယူနိုင်သလို၊ တကယ်လို့ လက်မှတ် မထုတ်ယူပဲနဲ့လည်း မဲပေးတဲ့နေ့မှာ မဲသွားပေးနိုင်မယ် လို့ ဆိုထားပါတယ်။ ဒါပေမယ့် အဲဒီမဲပေးမယ့်နေ့မှာ သက်သေခံ လက်မှတ် ပါမလာရင် မှတ်ပုံတင်တော့ ပြရပါလိမ့်မယ်။ တကယ်တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး အနေနဲ့ ဒီလို မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေးမယ် ဆိုတဲ့ အစီအစဉ် လုပ်မယ် ဆိုတဲ့အကြောင်း သိပ်မကြာသေးခင် အချိန်တုန်းကပဲ ထုတ်ဖော် ပြောဆိုခဲ့ပြီးသားပါ။ သူက မြန်မာနိုင်ငံ ရေဘေး ကျရောက်ခဲ့တဲ့ အခြေအနေကို အကြောင်းပြပြီး အဲဒီ ဒေသက လူတွေ မှတ်ပုံတင် ပျောက်ဆုံးမှုတွေ ရှိတယ်၊ အိမ်ထောင်စု စာရင်း ပျောက်ဆုံးမှုတွေ ရှိနေတယ်၊ ဒါကြောင့် မဲပေးတဲ့အခါ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း ပြစရာ မလိုတဲ့ ဒီ မဲဆန္ဒရှင် သက်သေခံ လက်မှတ်မျိုး ထုတ်ပေးမယ် ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း အဲဒီ အစီအစဉ်ကို ရေဘေး ကျရောက်ခဲ့တဲ့ ဒေသတွေတင် မကပဲ တစ်တိုင်းပြည်လုံးမှာ လုပ်မယ်လို့ ပြောဆိုလိုက်တော့မှ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ရွေးကောက်ပွဲ တစ်ခု ကျင်းပတယ် ဆိုတာဟာ မဲပေးပိုင်ခွင့် အရည်အချင်းရှိသူတွေ မဲစာရင်းမှာ ပါရေး၊ မဲစာရင်းမှာ ပါတဲ့သူတွေဟာ အမှန်တကယ် မဲပေးပိုင်ခွင့် ရှိသူတွေ ဟုတ်မဟုတ်၊ မဲလာပေးတဲ့ အခါကျရင် လာတဲ့သူဟာ မဲစာရင်းထဲမှာ ပါတဲ့ လူ ဟုတ်မဟုတ်၊ လွတ်လပ်ပြီး လျှို့ဝှက်စွာနဲ့ မဲပေးခွင့် ရမရ၊ စတာတွေကို သက်ဆိုင်ရာ ပြိုင်ပွဲဝင်မယ့် အမတ်လောင်းတွေက စိစစ်နိုင်တဲ့ အနေအထား ရှိအောင် ပြုလုပ် ကျင်းပရတာမျိုး ဖြစ်ပါတယ်။ အကြောင်းကတော့ ကော်မရှင်ကပဲ ကိုယ့်သဘောနဲ့ကိုယ် စိတ်ကြိုက် အစီအစဉ်ချ ကျင်းပခဲ့ရင် မသမာမှုပေါင်းများစွာ ထွက်ပေါ်လာနိုင်လို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရင် လုပ်ခဲ့တဲ့ မဲပေးပွဲ အသီးသီးမှာ မဲရုံကို မဲလာပေးတဲ့သူတွေဟာ မဲစာရင်းထဲ ပါတဲ့သူ ကိုယ်တိုင် ဟုတ်မဟုတ် မဲရုံမှာ ရှိနေတဲ့ မဲရုံတာဝန်ရှိသူတွေ၊ အမတ်လောင်းတွေရဲ့ မဲရုံကိုယ်စားလှယ်တွေက မှတ်ပုံတင် ကဒ်ပြားတွေကို ပြသစေပြီး စိစစ်ခွင့် ရခဲ့ကြတာချည်း ဖြစ်ပါတယ်။ အခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်တဲ့ အစီအစဉ် အတိုင်း ဆိုရင်တော့ မဲပေးတဲ့နေ့၊ မဲရုံမှာ မဲလာပေးတဲ့ သူတွေဟာ မဲစာရင်းမှာ ပါတဲ့ သူတွေ ဟုတ်မဟုတ် အမတ်လောင်းတွေ၊ သူ့ရဲ့ မဲရုံကိုယ်စားလှယ်တွေက စိစစ် စစ်ဆေးခွင့် ရှိတော့မှာ မဟုတ်တော့ပါဘူး။ အကြောင်းကတော့ သူတို့အနေနဲ့ မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပြရုံနဲ့ မဲပေးပိုင်ခွင့် ရ၊ မဲလက်မှတ် ထုတ်ခွင့်ရသွားမှာ ဖြစ်ပြီး အဲဒီ လက်မှတ်တွေကို ထုတ်ပေးတဲ့ လုပ်ငန်းစဉ်မှာလည်း အမတ်လောင်း ကိုယ်စားလှယ်တွေ လုံး၀ ပါဝင်ခွင့် မရလို့ ဖြစ်ပါတယ်။

အဓိပ္ပါယ်ကတော့ သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင် အဖွဲ့ခွဲတွေဟာ မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေးရာမှာ မသမာမှု လုပ်ပြီး တကယ် မဲစာရင်းထဲ ပါသူတွေ မဟုတ်ပဲနဲ့ ထုတ်ပေးခဲ့ရင်တောင် အဲဒါကို ဘယ်သူမှ စိစစ်ခွင့်မရတဲ့အတွက် ဘယ်သူမှလည်း သိလိုက်မှာ မဟုတ်လို့ပါပဲ။ ကောင်းပါပြီ။ ကော်မရှင် ဥပဒေ နည်းဥပဒေထဲမှာ မဲလာပေးသူတွေကို မဲရုံမှာ ရှိနေတဲ့ အမတ်လောင်း ကိုယ်စားလှယ်တွေက မသင်္ကာရင် မဲရုံမှူးကို ပြောဆို တိုင်တန်းလို့ ရနိုင်ပါတယ်။ ဒါပေမယ့် မဲလာပေးတဲ့သူရဲ့ မဲစာရင်း ဖော်ပြချက်နဲ့ သူ့ရဲ့ မှတ်ပုံတင်လို ခိုင်လုံတဲ့ အထောက်အထား ကို တိုက်ဆိုင် စစ်ဆေးတာမျိုး မလုပ်ခဲ့ရင် ဒီလောက် များပြားလှတဲ့ လူတွေကို မဲစာရင်းထဲ တကယ်ပါသူ ဟုတ်မဟုတ် ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။

နောက်တစ်ချက် ရှိပါသေးတယ်။ မဲတစ်ကြိမ် ပေးပြီးသူတွေ နောက် တစ်ကြိမ် မဲပြန်မပေးအောင် လက်သန်းမှာ မှင်သုတ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ မဲပေးတဲ့နေ့မှာ လူတစ်ယောက်ဟာ နှစ်ကြိမ် မဲပေးဖို့ ဘယ်လိုနည်းနဲ့မှ ရမှာ မဟုတ်ဘူးလို့ ကော်မရှင်က ပြောပါလိမ့်မယ်။ ဒါဆိုရင် ဘယ်လို လူတွေကများ မဲစာရင်းထဲက နာမည်နဲ့ လိမ်လည်ပြီး မဲလာပေးမလဲ မေးခွန်း ထုတ်ပါလိမ့်မယ်။ ဒါနဲ့ ပါတ်သက်ရင် အဖြစ်နိုင်ဆုံးကတော့ ကြိုတင်မဲနဲ့ မဲပေးထားပြီးသူတွေဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ မသမာမှုလုပ်ပြီး နောက်တစ်ကြိမ် မဲပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ကြိုတင်မဲလက်မှတ် လူ ၃ သန်းစာလောက် ရိုက်နှိပ်ထားတယ် ဆိုတာကို သတိမမေ့ကြဖို့ လိုပါတယ်။ ခုဆို ပြည်ပရောက် မြန်မာတွေ ကြိုတင်မဲပေးပြီးလို့ လူဦးရေ ၃ သောင်းဝန်းကျင် တောင် ပြည့်တာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေကို သံသယ တွေလို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။

တကယ့်တကယ် ဖြစ်သင့်ဖြစ်ထိုက်တာက မဲလာပေးသူတွေဟာ မဲစာရင်းမှာ ပါတဲ့သူ ဟုတ်မဟုတ် မဲရုံမှာ ရှိနေတဲ့ အမတ်လောင်းရဲ့ မဲရုံ ကိုယ်စားလှယ်တွေ စစ်ဆေးခွင့် ရကို ရရပါမယ်။ အခု အဲဒီ စစ်ဆေးတဲ့ အလုပ်ကို မဲပေးတဲ့နေ့ မတိုင်ခင်မှာ ကော်မရှင်က သူတို့ တစ်ဖွဲ့ပဲ စိတ်ကြိုက် လုပ်လိုက်တဲ့ သဘောဖြစ်ပါတယ်။ တကယ်တော့ ကော်မရှင်က ပြောသလို မှတ်ပုံတင်ပျောက်လို့ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိသူတွေအတွက် လဝက နဲ့ ရဲစခန်းက ထောက်ခံစာပေး ဖြေရှင်းတဲ့နည်း သုံးလို့ ရပါတယ်။ မဲပေးတဲ့နေ့ လွယ်ကူအောင် ခုလို လက်မှတ်ထုတ်ပေးတာမျိုး လုပ်ပေးလည်း ရပါတယ်။ ဒါပေမယ့် ဒီလက်မှတ်ဟာ မဲစာရင်းနံပတ် ရှာဖွေရ လွယ်ကူဖို့ အတွက်ပဲ သုံးသင့်ပြီး မှတ်ပုံတင်လို ခိုင်လုံတဲ့ သက်သေ အထောက်အထား အစား အသုံးပြုစေတာမျိုးကတော့ မသင့်တော်ပါဘူး။ ဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေ ထုတ်ပေးပြီး မဲပေးခိုင်းမယ့် အစီအစဉ်ဟာ ဥပဒေ နည်းဥပဒေ နဲ့လည်း မညီ၊ မသမာမှုတွေလည်း ပေါ်ပေါက်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG