သုံးရလွယ်ကူစေသည့် Link များ

အားကစားကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) ကွယ်လွန်


သတင်းစာဆရာ၊ ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး-ပျဉ်းမနား (ယာ) ဓာတ်ပုံ-ရန်နိုင် (ဗွီအိုအေ)
သတင်းစာဆရာ၊ ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး-ပျဉ်းမနား (ယာ) ဓာတ်ပုံ-ရန်နိုင် (ဗွီအိုအေ)

မြန်မာနိုင်ငံရဲ့ဝါရင့်အားကစားကလောင်ရှင် သတင်းစာဆရာကြီး ခင်မောင်ထွေး (ပျဉ်းမနား) ဟာ ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်၊ လူကြီး ရောဂါနုဲ့ ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးရုံ (SSC)မှာ ကွယ်လွန်သွားပါတယ်။ ခင်မောင်ထွေး (ပျဉ်းမနား) ဟာ မြန်မာ့ အားကစား တိုးတက်ရေးဆောင်းပါးတွေကို စဉ်ဆက်မပြတ်ရေးသားခဲ့သလို VOA ရဲ့အစီအစဉ်မှာ သုံးသပ်ချက်တွေကို ပေးခဲ့သူဖြစ်ပါတယ်။

ဦးခင်းမောင်ထွေး (ပျဉ်းမနား) ဟာ မြန်မာ့ဘောလုံးအဖွဲ့ချုပ်မှာ အမှုဆောင်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ အတွေ့အကြုံ ရင့်ကျက်တဲ့ သတင်းစာဆရာကြီးဦးလည်းဖြစ်တဲ့ ဦးခင်မောင်ထွေးကို ဆုံးရှုံးလိုက်ရတာနဲ့ပတ်သက်လို့ တက်လမ်းအားကစားဂျာနယ်တိုက်ရဲ့ အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်က VOA ကို ခုလိုပြောပါတယ်။

“ကျနော်တို့ မြန်မာအားကစား စာပေလောကအတွက် အင်မတန်ကြီးမားတဲ့ သမိုင်းစာအုပ်တစ်အုပ် ဆုံးရှုံးသွားသလိုပါပဲ၊ ဘာကြောင့်လဲဆိုတော့ ဆရာကြီးဦးခင်မောင်ထွေးက သူကိုယ်နှိုက်ကလည်း ငယ်စဉ်ဘဝတုန်းက အားကစားသမားတစ်ဦး ဖြစ်ခဲ့သလို နောက်ပိုင်းမှာ သူက ဗိုလ်တထောင်သတင်းစာမှာ အားကစားကလောင်ရှင်လည်းဖြစ်တယ်၊ နောက်တခါ ဦးသိန်းဖေမြင့်ရဲ့လက်အောက်မှာ သူ သတင်းတော်တော်များများပေါ့နော်၊ ဟိုခေတ်တုန်းက ဂျာနယ်လစ်ပေါ့ အလုပ်လုပ်ခဲ့တယ်။ အလုပ်လုပ်ခဲ့ပြီးတော့ ဗိုလ်တထောင် သတင်းစာက retired ယူပြီးတဲ့နောက်ပိုင်းမှာလည်း သူက ကျနော်တို့ ဗမာပြည်မှာပေါ်ထွန်းလာတဲ့ အားကစားဂျာနယ်တွေမှာ အခု ကွယ်လွန်တဲ့အချိန်အထိ အဆက်မပြတ် ဆောင်းပါးတွေ၊ မြန်မာ့ဘောလုံးတိုးတက်ရေးအတွက်၊ မြန်မာ့အားကစားတိုးတက်ရေးအတွက် ဆောင်းပါးမြောက်များစွာ ရေးသားခဲ့ပါတယ်။ ဒါဟာ ကျနော်တို့အားကစားစာပေလောကအတွက် တော်တော်လေး ကြီးမားတဲ့ဆုံးရှုံးမှု တခုလို့ ထင်ပါတယ်။”

ဦးခင်မောင်ထွေး (ပျဉ်းမနား) ဟာ မြန်မာ့ဆိုှရှယ်လစ်ခေတ်ကတည်းက အစိုးရ သတင်းစားတွေမှာ သတင်းဆောင်းပါးတွေကို ဆက်တိုက် ဆိုသလို ရေးသားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ဒီကနေ့ခေတ်လောက်ပွင့်လင်းလွပ်လပ်မှုမရှိသေးတဲ့ သတင်းလောကမှာ နိုင်ငံရေးနဲ့ ဆိုင်တဲ့သတင်းရေးသားမှုတွေကိုကန့်သတ်ထားချိန်မှာလည်း ဦးခင်မောင်ထွေးဟာ သတင်းစာ၊ ဂျာနယ်တွေမှာ အားကစား ဆောင်းပါးတွေကို ဆက်တိုက်ရေးသားနေခဲ့တာပါ။ မကွယ်လွန်ချိန်ထိလည်း အားကစားသုံးသပ်ချက်တွေကို ရေးသားခဲ့သူဖြစ်ပါတယ်။ သတင်းမီဒီယာပွင့်လင်းမှု အချို့ ရှိလာတဲ့ ဒီကနေ့ခေတ်မှာ သတင်းလောကနဲ့ ပြတ်တောက်သွားခဲ့တဲ့ မျိုးဆက်တွေအတွက် ရှေ့မီ နောက်မီဖြစ်တဲ့ ဝါရင့်သတင်းစာ ဆရာကြီး ဦးခင်မောင်ထွေး (ပျဉ်းမနား) ဟာ သတင်းလောကအပေါ် ကောင်းတဲ့အကျိုး ဖြစ်ထွန်းစေခဲ့တယ်လို့လည်း ဦးချစ်ဝင်းမောင်က ခုလိုပြောပါတယ်။

“ဆရာကြီး ဦးခင်မောင်ထွေးသည် အလွန် အတွေ့အကြုံရင့်ကျက်တဲ့၊ ကျန်နေရစ်ခဲ့တဲ့ သတင်းစာဆရာတစ်ဦးလည်းဖြစ်တယ်။ အားကစား ကလောင်ရှင်တစ်ဦးသာမကဘူး၊ သူက သတင်းစာဆရာတစ်ဦးလည်းဖြစ်တဲ့အတွက်ကြောင့် သူက ရှေ့ပိုင်းမှာ ကျနော်တို့မမီလိုက်တဲ့ ဗိုလ်တထောင်တို့၊ ကြေးမုံတို့၊ ဆရာကြီးဦးအောင်ဗလတို့ခေတ်က သတင်းစာခေတ်က အတွေ့အကြုံတွေနဲ့ သူတို့က သတင်းစာသမားဘဝကို ဖြတ်သန်းခဲ့ဖူးတာဖြစ်တဲ့အတွက်ကြောင့် ဒီနေ့ခေတ်ကြားထဲမှာ ဦးနေဝင်းလက်ထက်မှာ ကျနော်တို့ဂျာနယ်လစ်မျိုးဆက် ပြတ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ မီဒီယာမထွန်းကားဘူး။ သတင်းစာဆရာတွေ ပျောက်ကွယ်သွားတဲ့အခြေအနေမျိုးမှာ ဒီဘက်ခေတ် သတင်းသမားလူငယ်လေးတွေ ပေါ်လာတဲ့အချိန်မှာ သူက အများကြီး ပြသနိုင်တယ်။ ညွှန်ကြားနိုင်တယ်၊ နောက်တခုက ပညာတွေ အများကြီးပေးနိုင်တယ်။ အတွေ့အကြုံတွေပြောပြနိုင်တယ်။ အထူးသဖြင့်တော့ အားကစားနဲ့ပတ်သက်လို့ရှိရင် ဟိုတုန်းကအတွေ့အကြုံတွေ၊ ဒီနေ့ မျက်မှောက်ခေတ်အတွေ့အကြုံတွေကို အများကြီး ပေးဝေနိုင်တဲ့ဆရာကြီးတစ်ဦး ဖြစ်ပါတယ်။”

ဆရာဦးခင်မောင်ထွေး (ပျဉ်းမနား) ဟာ Eleven Media Group ကထုတ်ဝေတဲ့ မြန်မာဘောလုံးသမိုင်းမှတ်တမ်း စာအုပ်ကိုပြုစုရာမှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ၂ဝဝ၇ ခုနှစ်ကတည်းက စတင်ထုတ်ဝေခဲ့တဲ့ တက်လမ်းအားကစားဂျာနယ်မှာလည်း ကွယ်လွန်သွားချိန်ထိ အားကစားသတင်းဆောင်းပါးတွေကို အပတ်စဉ် မပြတ် ရေးသားနေသူဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့အရွယ်မှာ ဦးခင်မောင်ထွေး (ပျဉ်းမနား) ဟာအသက် (၈၅ ) ရှိပြီး ဇနီးနဲ့ သားသမီး ၆ ယောက်ကျန်ရစ်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG