သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေပြင်ဆင်ရေး လွှတ်တော် မတင်ရသေး


ဓာတ်ပုံ-ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ
ဓာတ်ပုံ-ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ဒီကနေ့ လွှတ်တော်မှာ တင်သွင်းဖို့ အစိုးရ၊ လွှတ်တော်၊ NNER ကိုယ်စားလှယ်တွေနဲ့ သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်အားလုံးက သဘောတူခဲ့ပေမယ့် မတင်သွင်းဖြစ်ဘူးလို့ NNER ဦးဆောင်သူကပြောပါတယ်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲတွေ မှာတုန်းက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တင်သွင်းမယ်လို့ အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်ဘက်က ကတိပေးပြောကြားခဲ့တဲ့အတိုင်း ကတိတည်တဲ့၊ တိကျတဲ့လုပ်ဆောင်ချက်တွေ ဖြစ်သင့်တယ်လို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကျောင်းသားခေါင်းဆောင်က ပြောပါတယ်။ နောက်ဆုံးရအခြေအနေကို မဆုမွန်က တင်ပြပေးပါထားပါတယ်။

အစိုးရကိုယ်စားလှယ်တွေ၊ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ်တွေနဲ့ NNER ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ကိုယ်စားလှယ်တွေ၊ နောက် သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီ အားလုံးလေးပွင့်ဆိုင်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၄) ရက်နဲ့ (၁၅) ရက် နှစ်ရက်ဆက်တိုက် ဆွေးနွေးမှုတွေကနေ နိုင်ငံတော်သမ္မတ အတည်ပြုပြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ လွှတ်တော်ကိုတင်သွင်းဖို့ စီစဉ် ဆောင်ရွက်ခဲ့ကြတာပါ။ ဒါပေမယ့် ဒီနေ့ ဖေဖော်ဝါရီ (၁၆) ရက်နေ့မှာ လွှတ်တော်ကိုတင်သွင်းဖို့ အစီအစဉ်နှောင့်နှေးခဲ့ရတာနဲ့ပတ်သက်လို့ NNER ဘက်က ဦးဆောင်ဆွေးနွေးခဲ့သူ ဒေါက်တာသိန်းလွင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“၁၅ ရက်နေ့မှာ ကျနော်တို့ ပြင်ဆင်တဲ့ ဥပဒေကြမ်း အပြီးသတ်ပါတယ်။ ကျနော်တို့ အပြီးသတ်တဲ့အချိန်မှာ ရှေ့နေချုပ်ရုံးက အရာရှိတစ်ဦးလည်း ပါပါတယ်။ ကျနော်တို့ ဥပဒေပုံစံနဲ့ကိုက်ညီတဲ့ စကားလုံးအသုံးအနှုံးတို့ ၊ နံပါတ်တပ်တာတို့ ဒါတွေပြင်ဆင်ပေးပြီးတော့ ကျနော်တို့ မနေ့က နေ့ခင်း ၂ နာရီခွဲမှာ အပြီးသတ်ပါတယ်။ ပညာရေးဦးစီးဌာနကို တင်ခဲ့ပါတယ်။ စောစောကတင်ပဲ ကျနော် ပညာရေးဝန်ကြီးဌာနကို ဆက်ကြည့်တဲ့အခါကျတော့ မနေ့ကတင်ပဲ ရှေ့နေချုပ်ရုံးကို တင်လိုက်ပါတယ်လို့ပြောတယ်။ ပြောတော့ လွှတ်တော်ကို ဘယ်တော့တင်မလဲလို့ ကျနော် မေးတဲ့အခါကျတော့ ရှေ့နေချုပ်ရုံးကနေ တင်ပါလိမ့်မယ်လို့ ဖြေတယ်ခင်ဗျ။ ရှေ့နေချုပ်ရုံးက ဘယ်တော့တင်မလဲ မေးတဲ့အခါကျတော့ ပညာရေးဝန်ကြီးဌာနက ပြန်ဖြေတာကတော့ အမြန်ဆုံး တင်နိုင်အောင် ဆောင်ရွက်နေပါတယ်လို့ပဲဖြေပါတယ်။ ဒါပေမဲ့ ကျနော်တို့ နားလည်ခဲ့တာကတော့ ၁၄ ရက်နေ့ လေးပွင့်ဆိုင် အစည်းအဝေးမှာ နားလည်ခဲ့တာကတော့ ပညာရေးဝန်ကြီးဟာ ဥပဒေကြမ်းကို ၁၅ ရက်နေ့မှာ ပြီးအောင် ရေးဆွဲပြီးတော့ ၁၆ ရက်နေ့မှာ လွှတ်တော် တင်မယ်လို့ ဝန်ကြီးကပြောခဲ့ပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်တွေ၊ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က လေးပွင့်ဆိုင်သဘောတူညီမှုနဲ့ ပေးခဲ့တဲ့ ကတိအရကတော့ ပညာရေးဥပဒေမူကြမ်းက ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မှာ တင်ဖို့ဖြစ်တယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“လေးပွင့်ဆိုင် ၁၄ ရက်နေ့ ဆွေးနွေးပွဲတုန်းက ‘၁၆ ရက်နေ့ တင်မယ်’ -လို့ ကျနော်တို့ နားလည်ခဲ့တယ်။ ကတိလည်းပြုခဲ့တယ်။ ကျနော်တို့ လေးပွင့်ဆိုင်မှာတုန်းက လွှတ်တော်ဘက်က လာတဲ့ကိုယ်စားလှယ်တွေပြောတာကတော့ လွှတ်တော်ကို ရောက်ပြီးတဲ့အခါကျရင် လွှတ်တော်မှာ မဆုံးဖြတ်ခင်မှာ ကြားနာမှုလုပ်ရတယ်လို့ ပြောပါတယ်။ ဆိုတော့ အခုထိတော့ ကျနော်တို့က ဘာကြောင့်ကြာနေရသလဲဆိုတာ ကောင်းကောင်းမသိဘူး။”

ဒီကနေ့မှာ အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်တဲ့မူကြမ်းကို လွှတ်တော်မှာ တင်သွင်းဖြစ်မယ်လို့ ကျောင်းသားထုနဲ့ပြည်သူလူထုက စောင့်ကြည့်နေတဲ့အချိန် အခုလိုနှောင့်နှေးပြီးတော့ မတင်သွင်းဖြစ်တာကတော့ ကတိဖောက်ဖျက်ရာရောက်တယ်လို့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်အဖြစ်နဲ့ ဦးဆောင်ဆွေးနွေးခဲ့သူ ကိုအောင်မှိုင်းဆန်းကပြောပါတယ်။

“ကျနော် နားလည်ချက်ကလည်း ပညာရေးဝန်ကြီးဒေါ်ခင်စန်းရီပြောတဲ့ သဘောက ဒီ ၁၆ ရက်နေ့ကို လွှတ်တော်ကိုတင်မယ်ဆိုတဲ့ စကားလုံး ပြောတာလေ။ အဲ့ရှေ့က Process ကို သူပြောတာမဟုတ်ဘူး။ လွှတ်တော်ကို သူရောက်အောင် တင်မယ်လို့ပြောတာလို့ အဲ့လိုပဲ နားလည်ထားတာ။ လုပ်ထုံးလုပ်နည်းတွေဆိုတာ အရင်ကတည်းက သူတို့နားလည်ထားရမှာလေ။ ၁၆ ရက်နေ့မှာ လွှတ်တော်ကို တင်ဖို့ အခက်အခဲရှိတယ်ဆိုရင် အဲ့တာကို နဂိုရ်ကတည်းက သူတို့ ကြိုပြောရမှာ။ အဲ့သလို ကြိုမပြောဘဲနဲ့ လုပ်ထုံးလုပ်နည်း အခက်အခဲဆိုတာ သူပြောတဲ့အထဲမှာ မပါတဲ့အခါကျတော့ ကျနော်တို့က ၁၆ ရက်နေ့မှာ သေချာပေါက် လွှတ်တော်ကို ရောက်မယ်လို့ပဲ နားလည်ထားတာကိုး။ အခုဟာက အဲ့အတိုင်းမဖြစ်ဘူးဆိုတော့ သူတို့အပေါ် မယုံကြည်မှုက ပိုတိုးတာပေါ့ဗျာ။ ကျနော်တို့က မြန်မြန် အတည်ပြုနိုင်ရေးပဲလေ။ မြန်မြန် အတည်ပြုနိုင်ရေးတောင်မှ ဖြစ်သလို အတည်ပြုနိုင်တာမဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့ တောင်းဆိုထားတာက အများစု ပါဝင်ဖို့အရေးကြီးတာကိုး။ ဒီနေ့လုပ်ပုံအတိုင်းသာဆိုလို့ရှိရင်လွှတ်တော် Process က ကြာမယ့်သဘောရှိတယ်။ လွှတ်တော် Process ကြာမယ်ဆိုလို့ရှိရင် မလိုလားအပ်တဲ့ကိစ္စတွေက ပိုဖြစ်လာဖို့ များနေပြီပေါ့။ အဲ့တော့ ကျနော်တို့က လွှတ်တော်ကို မြန်မြန် တင်ပြီးတော့ မြန်မြန်ဖြတ်စေချင်ပါတယ်။ ကျနော်တို့ဆန္ဒကလေ။”

မနေ့တုန်းက ပညာရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်ပညာဦးစီးဌာနမှာ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ NNER ကိုယ်စားလှယ်တွေက ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့သွားရောက်တွေ့ဆုံပြီးတော့ တင်မယ့်ဥပဒေကြမ်းထဲမှာ ပြင်ဆင်သင့်တဲ့ဥပဒေပိုင်းဆိုင်ရာ အချက်တွေကို ဥပဒေပညာရှင်တွေနဲ့ တိုင်ပင် ဆွေးနွေး အချောသတ်ပြီးတော့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိတဲ့သူတွေရဲ့ လက်ထဲ အပ်နှံလိုက်တာဖြစ်ပါတယ်။ ကတိပေးချက်အရကတော့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနကနေ တဆင့် လွှတ်တော်ကို တင်သွင်းအဆိုပြုဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG