သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယား န ျူကလီးယား စမ်းသပ်မှု မြန်မာကန့်ကွက်


 မြောက်ကိုရီးယားနိုင်ငံက စတုတ္ထ အကြိမ်မြောက် နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်ခဲ့
မြောက်ကိုရီးယားနိုင်ငံက စတုတ္ထ အကြိမ်မြောက် နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်ခဲ့

ပြီးခဲ့တဲ့သီတင်းပတ်တွင်း မြောက်ကိုရီးယားနိုင်ငံက စတုတ္ထအကြိမ်မြောက် နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မကင်းဖြစ်ကြောင်း မြန်မာနိုင်ငံအစိုးရက ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။ နိုင်ငံတကာကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်တဲ့အကြောင်း ဝိုင်းဝန်းပြောဆိုနေကြပြီး အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ ဆောင်ရွက်နေတဲ့အချိန်မှာ ခုလို မြန်မာအစိုးရရဲ့ ကြေညာချက် ထွက်လာတာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်တဲ့အပြင် နိုင်ငံတကာ လက်နက် မပျံ့ပွားရေး သဘောတူညီချက်ကို ထိခိုက်စေပြီး ဒေသတွင်း တင်းမာမှုကိုလည်း မြင့်တက်စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေးနဲ့ လူအမြောက်အများ သေကြေစေနိုင်တဲ့ လက်နက် မပျံ့ပွားရေးတို့အတွက် အထူးပင် အလေးထားကြောင်းလည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နျူကလီးယား လက်နက် ကင်းမဲ့ရေးဇုံ စာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်ပြီး နျူကလီးယား လက်နက် ကင်းရှင်းတဲ့ကမ္ဘာကြီး ဖြစ်ပေါ်ရေး အစွမ်းကုန် ကြိုးစားနေတယ် လို့လည်း ပြောထားပါတယ်။

ဒါကြောင့်မိုလို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီးယားက လိုက်နာဖို့ ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရဘက်က အခုလို ကြေညာချက်မျိုးထုတ်တာ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားအကြား စစ်ရေး ဆက်ဆံမှုတွေအပေါ် စိုးရိမ်တဲ့အကြောင်း အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ပြောထားဖူးပါတယ်။ မြန်မာအစိုးရဟာ မြောက်ကိုရီးယားဆီကနေ နျူကလီးယားနည်းပညာ ရယူဖို့ ကြိုးစားဖူးသလားဆိုတဲ့ သံသယ တွေတောင် ထွက်ခဲ့ဖူးတာပါ။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ ဒီကိစ္စ မဟုတ်တဲ့အကြောင်း အလျင်းသင့်တိုင်း ငြင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG