သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဖွဲ့စည်းပုံနေ့ သမ္မတအိုဘားမားတက်ရောက်


အမေရိကန်သမ္မတအိုဘားမား (ယာ) အိန္ဒိယနိုင်ငံ သမ္မတနိုင်ငံထူထောင်တဲ့နေ့အထိမ်းအမှတ်အခန်းအနားကိုအိန္ဒိယဝန်ကြီးချုပ် Narendra Modi (ဝဲ) နဲ့ အတူ တက်ရောက်စဉ်။ (ဇန်နဝါရီ ၂၆၊ ၂၀၁၅)
အမေရိကန်သမ္မတအိုဘားမား (ယာ) အိန္ဒိယနိုင်ငံ သမ္မတနိုင်ငံထူထောင်တဲ့နေ့အထိမ်းအမှတ်အခန်းအနားကိုအိန္ဒိယဝန်ကြီးချုပ် Narendra Modi (ဝဲ) နဲ့ အတူ တက်ရောက်စဉ်။ (ဇန်နဝါရီ ၂၆၊ ၂၀၁၅)

အိန္ဒိယတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စစ်ရေးပြချီတက်ခဲ့ကြတဲ့ နယူးဒေလီမြို့တော်က Republic Day အခန်းအနားမှာ အမေရိကန် သမ္မတ Barack Obama ဟာလည်း အထူးဧည့်သည်တော် တဦးအဖြစ်နဲ့ တက်ရောက်ခဲ့ပါတယ်။ လွတ်လပ်တဲ့တိုင်းပြည်တခုအဖြစ် ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက် နေ့က အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စတင်ကျင့်သုံးခဲ့တဲ့နေ့အဖြစ်ကျင်းပတဲ့ အခမ်းအနားကိုတော့ အမေရိကန်သမ္မတ တစ်ဦး တက်ရောက်တာ ဒါဟာ ပထမဆုံးအကြိမ်ပါ။

သမ္မတအိုဘားမားရဲ့ ၃ ရက်ကြာ အိန္ဒိယနိုင်ငံခရီးစဉ် ပထမနေ့အဖြစ် မနေ့တုန်းကတော့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကြား သဘောတူညီချက်တချို့ကိုလည်း ကြေညာခဲ့ကြပါတယ်။ အချိန်အတော်ကြာ စေ့စပ်ညှိနှိုင်းခဲ့ရတဲ့ နျူကလီယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို သဘောတူညီမှုရခဲ့တဲ့အကြောင်းလည်း သမ္မတအိုဘားမားနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့က ကြေညာခဲ့ကြတာပါ။ အိန္ဒိယနိုင်ငံကို အမေရိကန် ပြည်ထောင်စုက အရပ်ဖက်သုံး နျူကလီယား နည်းပညာတွေ အကူအညီပေးဖို့ ၂၀၀၈ ခုနှစ်မှာကတည်းက လက်မှတ်ရေးထိုး သဘောတူညီထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မတော်တဆမှုတွေ ကြုံလာခဲ့ရင် လုပ်ငန်းသုံးပစ္စည်းတွေနဲ့ ဆောက်လုပ်ပေးတဲ့ ကုမ္ပဏီတွေက တာဝန်ခံဖို့ အိန္ဒိယဥပဒေတွေမှာ ပြဌာန်းထားတဲ့အတွက်လည်း လက်တွေ့ အကောင်အထည်ဖော်ရေးမှာ ကြန့်ကြာနေတာပါ။

မနေ့တုန်းကတော့ အိန္ဒိယနိုင်ငံရဲ့ဥပဒေတွေကိုလည်း ပြင်ဆင်စရာမလိုဘဲ လုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ တန်ဘိုးရှိတဲ့ အာမခံကြေးထားဖို့ သဘောတူခဲ့ကြတပါတယ်။ တနင်္ဂနွေနေ့တုန်းက သဘောတူညီမှုနဲ့ပတ်သက်လို့ အသေးစိတ်တွေ ထွက်ပေါ်မလာသေးပေမဲ့ သမ္မတ အိုဘားမားကတော့ နှစ်နိုင်ငံကြား ဆက်ဆံရေးတွေ တိုးမြှင့်နိုင်မယ့် အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတခုဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG