သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား နိုင်ငံခြားရေးပေါ်လစီ Trump ပြင်းထန်စွာဝေဖန်


အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ရေးအတွက် ရှေ့ကနေ ဦးဆောင်နေတဲ့ ဘီလီယံနာ သူဌေးကြီး Donald Trump က လက်ရှိ အမေရိကန်နိုင်ငံခြားရေး ပေါ်လစီဟာ လုံး၀ အခြေအနေ ဆိုးရွားနေတာကြောင့် အမေရိကန်အကျိုးစီးပွားကို ဦးစားပေးတဲ့ဘက်ကို သိသိသာသာ ပြောင်းလဲ လုပ်ဆောင်ဖို့ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။

အောင်မြင်တဲ့ ရုပ်မြင်သံကြား အစီအစဉ်တခုမှာ ပါဝင်ခဲ့ပြီး အရင်က မဲပေး ရွေးချယ်ခံရတဲ့ ရာထူးမှာ တခါမှ တာဝန်ထမ်းဆောင်ဖူးခြင်း မရှိတဲ့ Trump ဟာ သူ့ရဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာ ရည်မှန်းချက်တွေကို အရင်က အကျယ်တဝင့် ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဝါရှင်တန်မြို့က ဟော်တယ်တခုမှာ ပြောကြားတဲ့ ၃၈ မိနစ်အကြာ မိန့်ခွန်းအတွင်း သူက သမ္မတ Barack Obama ကိုင်တွယ် ဆောင်ရွက်နေတဲ့ နိုင်ငံခြားရေး အစီအစဉ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Hillary Clinton ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် တကယ်လို့ Trump သာ ရီပတ်ဘလီကန်ပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်အဖြစ် ရေးချယ်ခံခဲ့ရရင် Clinton ဟာ ဒီမိုကရက်ပါတီဖက်က သူ့ရဲ့ ပြိုင်ဖက် ဖြစ်လာမှာပါ။

Obama နဲ့ Clinton တို့ဟာ မဆင်မခြင်၊ အထိန်းအကွပ်မဲ့ပြီး ဦးတည်ရာမရှိတဲ့ နိုင်ငံခြားရေးမူဝါဒတွေ ချမှတ် ကျင့်သုံးခဲ့ကြောင်း Trump က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

Trump ရဲ့ အဲဒီလို ပြောဆိုမှုကို သမ္မတအိမ်ဖြူတော်က ချက်ခြင်း တုန့်ပြန်လိုက်ပြီး အမေရိကန်ပြည်ထောင်စုဟာ သမ္မတ Obama ၂၀၀၉ ခုနှစ်မှာ သမ္မတ တာဝန် စတင်ထမ်းဆောင်ကအချိန်ထက် ပိုပြီး လုံခြုံစိတ်ချရတဲ့အပြင် အင်အား ပိုကောင်းလာတယ်လို့ ပြောပါတယ်။

XS
SM
MD
LG