သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ကိုင်အကြမ်းဖက်မှု ထိန်းချုပ်ရေး အိုဘားမား အရေးယူဆောင်ရွက်


အမေရိကန်ပြည်ထောင်စုအတွင်း သေနတ်ကိုင် အကြမ်းဖက်မှုတွေ လျှော့ချနိုင်ရေး အရေးယူ ဆောင်ရွက်မယ့် အစီအစဉ်သစ် တော်တော်များများကို သမ္မတ အိုဘားမား က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

အမေရိကန်ပြည်သူတွေအကြား သဘောထားကွဲလွဲမှုတွေ အကြီးအကျယ် ရှိနေတဲ့ သေနတ်ကိုင်ခွင့် ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့သဘောတူညီချက် မယူဘဲ သမ္မတရဲ့ အုပ်ချုပ်ခွင့် အမိန့်အရ အခုလို ထုတ်ပြန် ကြေညာလိုက်တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Jeff Custer သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။

အိမ်ဖြူတော်မှာ မနေ့က ကြေညာလိုက်တဲ့ သမ္မတရဲ့ အုပ်ချုပ်ခွင့်အမိန့် ကြေညာချက်အရ သေနတ်ရောင်းတဲ့သူတွေ အရင်ကထက် လိုင်စင်တွေ ရယူဖို့လိုသလို သေနတ်ဝယ်မယ့် သူတွေရဲ့ နောက်ကြောင်း ရာဇဝင်တွေကိုလည်း ပိုပြီး စိစစ်ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိ သေနတ်ထိန်းချုပ်ရေး ဥပဒေတွေကို ပိုပြီး ထိရောက်အောင် တင်းကျပ်ဖို့၊ စိတ်ကစဉ့်ကလျား ဖြစ်မှုတွေကို ကုသရေးမှာ ငွေကြေးပိုသုံးစွဲဖို့၊ သေနတ်ဘေးကင်းလုံခြုံရေး နည်းပညာတွေကို တိုးပြီး သုသေသနလုပ်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။ လက်ရှိ သေနတ်ဥပဒေကို ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်နိုင်အောင် ဒီထက်ပိုပြီး လုပ်ဆောင်သွားမယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုသွားပါတယ်။

၂၀၁၂ ခုနှစ်က ကျောင်းသားနဲ့ ဆရာ ၂၆ ယောက် ပစ်သတ်ခံခဲ့ရတဲ့၊ Connecticut ပြည်နယ် Newtown မြို့ Sandy Hook မူလတန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအကြောင်း ပြန်ပြောတဲ့အချိန် သမ္မတအိုဘားမားက စိတ်အကြီးအကျယ် ထိခိုက်ပြီး အခုလို ပြောသွားခဲ့ပါတယ်။

“ဒီကလေးတွေအကြောင်း စဉ်းစားတိုင်း ကျနော် စိတ်ဆိုး ဒေါသဖြစ်မိပါတယ်။ စကားမစပ်၊ ဒီလို ပစ်ခတ်မှုတွေ ရှီကာဂိုမြို့ လမ်းမတွေပေါ်မှာ နေ့စဉ် ဖြစ်နေပါတယ်။ ဒါကြောင့် သေနတ်ကိုင်ခွင့် စည်းရုံးနေသူတွေရဲ့ အလိမ်အညာတွေကို လက်မခံဖို့ လွှတ်တော်အနေနဲ့ ရဲရဲရင့်ရင့် ရပ်တည်ဖို့ ကျနော်တို့ တောင်းဆိုဖို့ လိုပါတယ်။ ကျနော်တို့ နိုင်ငံသားတွေကို ကာကွယ်ဖို့ အားလုံး ရပ်တည်ဖို့ လိုလာပါပြီ၊ အုပ်ချုပ်ရေးမှူးတွေ ဥပဒေပြုအမတ်တွေ၊ စီးပွားရေးသမားတွေအနေနဲ့ ကျနော်တို့ လူမှုအသိုင်းအဝိုင်းကို ပိုပြီး ဘေးကင်းလုံခြုံအောင် လုပ်ဆောင်ပေးဖို့ ကျနော်တို့ အားလုံး တောင်းဆိုဖို့ လိုလာပါပြီ။”

အခု ကြေညာတဲ့ အရေးယူဆောင်ရွက်မယ့် အချက်တွေက တိုင်းပြည်တွင်းမှာ ဖြစ်ပျက်တဲ့ အကြမ်းဖက်တဲ့ ရာဇတ်ဝတ်မှုတိုင်းကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး ဆိုတာကိုတော့ သမ္မတ အိုဘားမား အလေးအနက် ပြောဆိုသွားပါတယ်။ ဒါပေမဲ့ အဆင့်ဆင့် ဆောင်ရွက်ချက်တွေကြောင့် အသက်တွေကို ကယ်တင်နိုင်ကောင်း ကယ်တင်မှာ ဖြစ်သလို၊ မိသားစုတွေအကြား သာမန်ထက် ဆုံးရှုံး ထိခိုက်ခဲ့ရတဲ့ နာကျင်မှုတွေကို သက်သာစေလိမ့်မယ်လို့ ဆိုပါတယ်။

သေနတ်ကိုင်ခွင့်ကို ထောက်ခံသူတွေကတော့ သမ္မတ အိုဘားမားရဲ့ အရေးယူ ဆောင်ရွက်မယ့် အစီအစဉ်တွေဟာ ဥပဒေနဲ့အညီ သေနတ်ကိုင်ခွင့်အပေါ် ကန့်သတ်လိုက်တာဆိုပြီး မျှော်လင့်ထားတဲ့အတိုင်း အပြင်းအထန် ဝေဖန် တုံ့ပြန်ပါတယ်။ Texas ပြည်နယ်က သေနတ်ရောင်းဝယ်သူတဦးဖြစ်တဲ့ James Hallin က စည်းမျဉ်းအသစ်တွေ မလိုတဲ့အကြောင်း အခုလိုပြောပါတယ်။

“သေနတ် ခင်းကျင်း ရောင်းဝယ်တာတွေမှာ ဘာချို့ယွင်းချက်မှ မရှိပါဘူး။ ဒီနေရာက ခင်ဗျား ဝယ်လို့ရတဲ့နေရာ၊ ဝယ်လို့မရတဲ့နေရာ ဆိုပြီး ကန့်သတ်ထားတာမျိုးလည်း မရှိပါဘူး။ ကျနော်တို့က သေနတ်ကို လူတဦးချင်းဆီကလည်း ဝယ်လို့ရပါတယ်။ သေနတ်ကို အမျိုးသား မှတ်ပုံတင် လုပ်ချင်တယ်ဆိုရင်တော့၊ ဒီမှတ်ပုံတင်ကြောင့် အသိမ်းခံရနိုင်ပါတယ်။ ဟစ်တလာတို့၊ စတာလင်တို့ စတဲ့ ခေါင်းဆောင်ကြီးတွေ တချိန်က လူထုကို ထိန်းချုပ်နိုင်အောင် ပြည်သူတွေဆီက သေနတ်တွေကို သိမ်းခဲ့ဖူးပါတယ်။ အဲဒါမျိုးဆိုရင် ဘယ်လို လုပ်မလဲ။”

အောက်လွှတ်တော် ဥက္ကဋ္ဌ Paul Ryan ကတော့ သမ္မတ အိုဘားမား ကြေညာတဲ့ အဆိုပြုချက်ဟာ အုပ်ချုပ်ရေးအာဏာ အလွန်အကျွံ ရှေ့ကျုးလာတဲ့ အန္တရာယ်ရှိတဲ့ အဆင့် ဆိုပြီး ဝေဖန်ပါတယ်။ သမ္မတရဲ့ ဆောင်ရွက်ချက်က ဥပဒေပြုရေးကို သေးသိမ်အောင် လုပ်လိုက်တာဖြစ်ပြီး ရည်ရွယ်ချက်တွေကို ပြောင်းပြန် လှန်လိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ပြောဆိုပါတယ်။

မကြာသေးခင်က ထွက်လာတဲ့ လူထုစစ်တမ်းတွေမှာတော့ သေနတ်ဝယ်ဖို့ ကြိုးစားတဲ့သူတွေရဲ့ နောက်ခံသမိုင်းကို စစ်ဆေးဖို့ ထောက်ခံတဲ့ အမေရိကန်ပြည်သူတွေ ပိုများလာတယ်လို့ ဖော်ပြနေပါတယ်။

XS
SM
MD
LG